နိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပေးပြီး ပြည်ပသို့တရားမဝင် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးရန် စီစဉ်ပေးသူ အမျိုးသမီးသုံးဦးအား မင်္ဂလာဒုံမြို့မ ရဲစခန်း၌ ဖေဖော်ဝါရီ ၃ ရက်က အမှုဖွင့်ထားပြီးဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီ အချိန်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာဆောင် လဝကကောင်တာတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် အမှတ် 8M-501၊ လေယာဉ်အမျိုးအစား A-319 ဖြင့် ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ အလည်အပတ် ဗီဇာဖြင့် သွားရောက်မည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နေ စောကလီဖော (၂၇)နှစ်၊ နော်ကောလားမူ (၂၆)နှစ်၊ နော်ကြည်ကြည် (၃၄) နှစ်တို့ သုံးဦး၏ နိုင်ငံကူးလက်မှတ်များအား လဝကကောင်တာမှ Scan ဖတ်စိစစ်ခဲ့ရာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်စာအုပ်များမှာ စက်မဖတ်သဖြင့် လေဆိပ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။စစ်ဆေးရာ အဆိုပါနိုင်ငံကူးလက်မှတ်များ၏ ထုတ်ပေးသည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် စာသားတို့မှာ ပြုပြင်ပြောင်းလဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ထို့နောက် တာဝန်ရှိသူများမှ ၎င်းတို့ သုံးဦးအား ဆက်လက် စစ်ဆေးမေးမြန်းရာ အဆိုပါ နိုင်ငံကူးလက်မှတ်များမှာ မွန်ပြည်နယ်၊ သထုံမြို့နေ ဒေါ်ဝင်း (ခ) ဒေါ်နော်ဝေး၊ ဒဂုံတောင်မြို့နယ်၊ ကျောက်စိမ်းလမ်းနေ ဒေါ်ဌေး(ခ)ဒေါ်ကြည်ကြည်ဌေးနှင့် မသင်းတို့က လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရသည်။အဆိုပါ အမျိုးသမီးသုံးဦးမှာ ၎င်းတို့ ထံမှ စုစုပေါင်းငွေကျပ် (၃၃) သိန်းကျပ်အား အခကြေးငွေ ယူဆောင်၍ မလေးရှားနိုင်ငံသို့ တရားမဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် လေယာဉ်လက်မှတ်တို့ ရရှိနိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းဖြစ်စဉ်မှ နိုင်ငံကူး လက်မှတ်များအား လိမ်လည်အတုပြုလုပ်ခဲ့သူ ပြည်ပသို့ တရားမဝင် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ရန် စီစဉ်သူ ဒေါ်နောဝေး၊ ဒေါ်ကြည်ကြည်ဌေးနှင့် မသင်းတို့သုံးဦးအား မင်္ဂလာဒုံ မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၄၂၀/ ၄၆၈၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပြီး ပြည်ပသို့ တရားမဝင် ပို့ဆောင်ပေးရန် စီစဉ်သူသုံးဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်















