ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ထိန်းသိမ်းဖမ်းဆီးစီမံချက်တွင် ယာဉ်စည်းကမ်းလိုက်နာသည့် ဆိုင်ကယ်များအား ပြည်နယ်ကညနက အကောက်ခွန် ၂၅ ရာခိုင်နှုန်းဖြင့် လျှော့ပေါ့ပြုလုပ်ပေး

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ထိန်းသိမ်းဖမ်းဆီးစီမံချက်တွင် ယာဉ်စည်းကမ်းလိုက်နာသည့် ဆိုင်ကယ်များအား ပြည်နယ်ကညနက အကောက်ခွန် ၂၅ ရာခိုင်နှုန်းဖြင့် လျှော့ပေါ့ပြုလုပ်ပေး
Published 4 February 2016

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ကရင်ပြည်နယ်အတွင်း တရားမဝင် လိုင်စင်မဲ့ယာဉ် ထိန်းသိမ်းဖမ်းဆီးစီမံချက်တွင် ယာဉ်စည်းကမ်းလိုက်နာသော ဆိုင်ကယ်များအား ပြည်နယ် ကညနရုံးမှ FOB အကောက်ခွန် ၂၅ ရာခိုင်နှုန်းဖြင့် လျော့ပေါ့ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ယခင်က ထိန်းသိမ်းဖမ်းဆီးရရှိသည့် လိုင်စင်မဲ့ ဆိုင်ကယ်များကို မော်ဒယ်အလိုက် ကာလတန်ဖိုး တွက်ချက်ပြီး ၅၀ ရာခိုင်နှုန်း ဒဏ်ကြေးဖြင့် တရားဝင် လိုင်စင်ပြုလုပ်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့် ပြည်နယ်လမ်းပန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး ပေါင်းစပ်ညှိနှိုင်းချက်အရ ယခုကဲ့သို့ ၅၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းအထိ လျော့ပေါ့လိုင်စင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။“ကောင်းပါတယ်၊ တရားမဝင်ကနေ တရားဝင်ဖြစ်အောင် စီမံဆောင်ရွက်ပေးတဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အယင်ရက်တွေက ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ ဆိုင်ကယ်တွေက ဒဏ်ကြေးအခွန်အခအဖြစ် ၅၀ ရာခိုင်နှုန်းပေးချေခဲ့ရတော့ အတော်လေး ထိခိုက်ရတယ်လေ။ လိုင်စင်၊ ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်ရှိတဲ့ သူတွေက ဆိုင်ကယ်ဦးထုပ်မဆောင်းရင်၊ သတ်မှတ်လူ ပိုတင်ဆောင်ရင် ဒဏ်ကြေး ၃၀၀၀၀ ပေးချေရတယ်။ ပြည်သူအားလုံး တည်ဆဲဥပဒေကို လိုက်နာနိုင်ရင် မလိုလားအပ်တဲ့ အန္တရာယ်မျိုး ကြုံတွေ့လာစရာမရှိပါဘူး”ဟု ဘားအံမြို့ခံတစ်ဦးက ဆိုသည်။“ဘားအံမြို့ပေါ်မှာရှိတဲ့ မိုတယ်၊ ဟိုတယ်၊ တည်းခိုခန်းတချို့က ကမ္ဘာလှည့်ခရီးသည်တွေကို ဆိုင်ကယ်စီးနင်းဖို့ ဝန်ဆောင်မှုပေးနေတာ စစ်ဆေးတွေ့ရှိရတယ်။ ဒါက ဧည့်သည်တွေအတွက် အရမ်းအန္တရာယ်များပါတယ်။ ဒီအတွက် ကျွန်တော်တို့ စနစ်တကျ စိစစ်နေပါတယ်။ နိုင်ငံခြားဧည့်က ဆိုင်ကယ်စီးနင်းခွင့် မရှိပါဘူး။ ဒါကြောင့် မြို့ပေါ်မှာရှိတဲ့ တည်းခိုခန်းတွေကို ကျွန်တော်တို့ လိုက်လံအသိပေးထားပါတယ်။ အသိပေးရက်နဲ့ ဆက်လက်ဖြစ်ပေါ်လာမယ်ဆိုရင် တည်ဆဲဥပဒေ နဲ့ ကျွန်တော်တို့ ဘယ်သူ့မျက်နှာမှ မထောက်ပဲ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ် (၁၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ ရဲမှူးစန်းဝင်းက ပြောကြားသည်။ကရင်ပြည်နယ်အတွင်း တရားမဝင် လိုင်စင်မဲ့ယာဉ်များ ထိန်းသိမ်းဖမ်းဆီးရာတွင် စီမံချက် စတင် အကောင်အထည်ဖော်သည့် ဖေဖော်ဝါရီ ၁ ရက်၌ လိုင်စင်မဲ့ မတ်ခ်တူးယာဉ်တစ်စီး၊ ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် ငါးစီး၊ ဖေဖော်ဝါရီ ၂ ရက်တွင် ယာဉ်စည်းကမ်း မလိုက်နာသည့် ဆိုင်ကယ် ၃၁ စီး၊ ဖေဖော်ဝါရီ ၃ ရက်တွင် ယာဉ်စည်းကမ်း မလိုက်နာသည့် ဆိုင်ကယ် ၁၉ စီးတို့ကို စစ်ဆေးတွေ့ရှိကြောင်း အမှတ် (၁၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။                                      

Most Read

Most Recent