ဖားကန့်တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း စွန့်ပစ်မြေစာပုံ ပြိုကျမှု ခြောက်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရ

ဖားကန့်တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း စွန့်ပစ်မြေစာပုံ ပြိုကျမှု ခြောက်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရ
Published 4 February 2016
အောင်ဟိန်းမင်း

ဖားကန့်ဒေသတွင် စွန့်ပစ်မြေစာပုံ ပြို ကျမှုများ မကြာခဏဖြစ်ပွားနေရာ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ခြောက်ကြိမ် ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၂ ဦးထိ ရှိကြောင်း သိရသည်။    ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဖေဖော်ဝါရီ ၂ ရက် ညအချိန်၌ စွန့်ပစ်မြေစာပုံ တစ်ခုပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ ဟင်းတင့်ကျေးရွာမှ ကိုဝေလင်းဦး (အသက်-၁၉နှစ်)ဖြစ်ပြီး စပေါ့ကျေးရွာအနီး ထွန်းတောက်ဇမ္ဗူကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အတွင်းရှိ စွန့်ပစ်မြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေနေစဉ် ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီ၌ မြေစာပုံ ရုတ်တရက်ပြို ကျမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ပြိုကျချိန်တွင် ရေမဆေးကျောက် ရှာဖွေဖော် သူငယ်ချင်း ဖြစ်သူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကိုဝေလင်းဦးမှာ မြေစာပုံ ပိသေဆုံးခဲ့ကြောင်း သိရသည်။“မြေစာပုံက အမြင့်ကြီး မဟုတ်ပါဘူး။ ပေ လေး ငါးဆယ်လောက်ပဲ ရှိတယ်။ သူက မြေစာပုံအပေါ်မှာ ရှာနေတာ။ အဲဒီအချိန်မှာ မြေစာပုံက ရုတ်တရတ်ပြတ်ကျပြီး သူလည်း ပါသွားတယ်။ သူ့ သူငယ်ချင်းတွေကတော့ လွတ်တယ်။ သူတစ်ဦးတည်း ပါသွားတာပါ” ဟု ဟင်းတင့်ကျေးရွာမှ သေဆုံးသူနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောကြားသည်။ဖေဖော်ဝါရီ ၁ ရက်ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မားဆားကျေးရွာအနီးရှိ  နေမင်းကမ္ဘာ ကျောက်မျက်ကုမ္ပဏီ၏ အမြင့်ပေ ၁၀၀ ခန့်ရှိသည့် စွန့်ပစ်မြေစာပုံတစ်ခု ပြို ကျမှုဖြစ်ပေါ်ခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေသောလူတစ်ဦး မြေစာပိ သေဆုံးသွားခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ မားဆားကျေးရွာမှ ကိုထွန်းထွန်းနိုင် (အသက်-၂၀နှစ်)ဖြစ်ပြီး နေမင်းကမ္ဘာ ကျောက်မျက်ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံသို့ လာရောက်၍ အခြေ၌ ရေမဆေးကျောက် ရှာဖွေနေစဉ် အမြင့်ပေ ၁၀၀ခန့်ရှိသည့် မြေစာပုံမှ မြေစာများ ရုတ်တရက်ပြိုကျလာပြီး မြေစာပိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စွန့်ပစ်မြေစာပုံပြိုကျမှုများ မကြာခဏ ဖြစ်ပွားနေသည့် ဖားကန့်ဒေသတွင် ဇန်နဝါရီလအတွင်းကလည်း မြေစာပုံပြိုကျမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဇန်ဝါရီ ၇ ရက်က မားဆားရွာအနီး မြေစာပုံပြိုကျရာ သက်ဆိုင်ရာက သေဆုံးမှု မရှိကြောင်း ဇန်နဝါရီ ၁၂ ရက်က ကန်ခမ်းမြေစာပုံ ပြိုကျရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် ကန်ခမ်းမြေစာပုံ ပြိုကျခဲ့ရာ သေဆုံးသူ သုံးဦးရှိကြောင်း ဇန်နဝါရီ ၂၅ ရက် က စပေါ့ရွာအနီး မြေစာပုံပြိုကျရာ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်အတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုမှာ ၄၁ ကြိမ် ရှိခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent