နိုင်ငံအနှံ့မှ လူဦးရေအများအပြား လာရောက်ရေနံတူးခဲ့သော မကွေးတိုင်း မင်းလှမြို့နယ်အတွင်း ရေနံမှော်များတွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရေနံထွက်နှုန်းများ ထက်ဝက်ခန့်အထိ ကျဆင်းမှုနှင့် ရေနံထွက်နှုန်း လျော့ကျမှုတို့ကြောင့် ရေနံတွင်းအသစ် တူးသူ ရာခိုင်နှုန်း ၁၀ ခန့်သာ ရှိကာ လုပ်ငန်းများကို စွန့်ခွာသူ ရာခိုင်နှုန်း ၄၀ ခန့် ရှိလာကြောင်း ရေနံတူးသူများနှင့် ရေနံဝယ်ရောင်းသူများထံမှ သိရသည်။ထိုမြို့နယ်အတွင်း ရေနံမှော်ပေါင်း ၅၀ ကျော်ခန့် ရှိကြောင်း၊ ထိုရေနံမှော်များသို့ မကွေးတိုင်းအတွင်းမှသာမက အခြားတိုင်းနှင့်ပြည်နယ်များမှလည်း လာရောက်ရေနံတူးသူများ ရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်အထိ ထွက်နှုန်း အကောင်းဆုံးဖြစ်ခဲ့သည့် ဒဟတ်ပင်၊ ငနောင်မုန်း၊ ထန်းကိုင်း၊ ကြွေကုတင် စသည့် ရေနံမှော်များတွင် ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ထွက်နှုန်းများ လျော့ကျလာကြောင်း ၊၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းမှုနှင့်အတူ ထိုမှော်များအတွင်း ရေနံဈေးများ ကျဆင်းခဲ့ကြောင်း ရေနံတွင်း တစ်တွင်းတူးရန် အနည်းဆုံးကျပ် ၃၅ သိန်းမှ ကျပ် သိန်း ၆၀ ခန့်အထိ ကုန်ကျလေ့ရှိသောကြောင့် တွင်းအသစ်တူးသူ အနည်းငယ်သာရှိပြီး လုပ်ငန်းများကို စွန့်ခွာသွားသူများ ရှိလာကြောင်း၊ လက်ရှိ ရေနံမှော်များအတွင်း လုပ်ကိုင်နေသူများသည် တွင်းဟောင်းများမှ ရေနံကိုရသရွေ့ ခပ်ယူနေသူများဖြစ်ကြောင်း သိရသည်။“ဒဟတ်ပင်မှော်ထဲမှာတော့ ရွာခံတစ်ချို့ကပဲ လုပ်ငန်းလုပ်ကြပါတော့တယ်။ ထန်းကိုင်းမှော်ထဲမှာတော့ တစ်နေရာမှာ တစ်နေ့ကို ပီပါ ၂၀ လောက်ရတဲ့ တွင်းမျိုးပေါက်နေလို့ လုပ်ကိုင်သူတချို့ ရှိပေမယ့် ကျန်တဲ့နေရာမှာ တွင်းအသစ်တူးဖို့ ဘယ်သူမှ မလုပ်ရဲကြပါဘူး။ ရေနံဈေးကလည်း အရင်က တစ်ပီပါကို ကျပ် ၈၀,၀၀၀ လောက် ရောင်းရပေမယ့် အခုက ကျပ်၅၀,၀၀၀ ကျော်လောက်ပဲ ရောင်းရတော့ တွက်ခြေမကိုက်တော့ပါဘူး။ တချို့ကျလည်း သူတို့ ရပ်ရွာတွေကို ပြန်သွားမယ်ဆိုရင် ဘာမှလုပ်စရာမရှိလို့ ရသလောက်ကို လုပ်နေရတဲ့ အခြေအနေပါ” ဟု ထန်းကိုင်းရေနံမှော်သို့ မုံရွာမြို့မှ ရေနံလာရောက်တူးသူတစ်ဦးက ပြောကြားသည်။ မကွေးတိုင်း မင်းလှမြို့နယ် နှင့် သရက်မြို့နယ်အတွင်း ရေနံမှော်ပေါင်း ၇၀ ခန့်ရှိသော်လည်း မှော်အချို့သာ တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသည့် မှော်များဖြစ်ကြောင်း ၊သို့သော် မှော်အားလုံးမှ ထွက်သည့် ရေနံများကို တရားဝင်သဖွယ် ရောင်းဝယ်နေကြပြီး မုံရွာမြို့သို့ သယ်ယူနေကြောင်း သိရ သည်။















