ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှု ရှစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် ယနေ့ရုံးထုတ် စစ်ဆေးမည်

ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှု ရှစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် ယနေ့ရုံးထုတ် စစ်ဆေးမည်
Published 3 February 2016
ကြည်နိုင်

အနိုင်ရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် သာကေတမြို့နယ် NLD  ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှုအား  ရှစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၄ ရက်တွင် သာကေတမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။အဆိုပါရုံးချိန်းတွင် စတုတ္ထမြောက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးမည်ဖြစ်ပြီး တရားလိုနှင့် တရားလိုပြသက်သေ လေးဦးကို စစ်ဆေးပြီးစီးပြီ ဖြစ်ကြောင်း၊  အဆိုပါအမှုတွင် တရားလိုပြသက်သေ စုစုပေါင်း ၂၂  ဦး တင်ပြထားကြောင်း သိရသည်။ယခုအမှုတွင် ယခင်အမှုစစ်ဆေးသော  မြို့နယ်တရားသူကြီးမှာ ပြောင်းရွှေ့သွားသဖြင့် အသစ်ပြောင်းရွှေ့လာသော မြို့နယ်တရားသူကြီးက ရှစ်ကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။NLD ပါတီဝင်များသည်  ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ ပြန်လာခဲ့စဉ် မာန်ပြေ(၈) လမ်းထိပ်အရောက်တွင် မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့ ကွမ်းယာဝင်ဝယ်စဉ် ကိုဇော်လတ် ရောက်ရှိလာပြီး ၎င်းအား ဦးစွာ ကွမ်းယာထုပ်ပေးရန်ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုအား ကိုအောင်ကျော်ကျော်က သွားရောက်ဖျန်ဖြေ တားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန် ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓားအား ကိုင်ဆောင်၍ ၎င်းင့်အတူ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ဝင်ရောက်ဖျန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က  သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါဖြစ်စဉ်မှ ကိုဇော်လတ်(ခ)အောင်ဇော်လတ်၊ ကိုထက်ကို(ခ) ထက်အောင်လှိုင် နှင့် ကိုမျိုးမင်းခိုင်တို့ သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မ ၃၂၆/ ၃၂၃/၂၉၄ တို့ဖြင့် သာကေတမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဒေါ်ချိုချိုက တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုဇော်လတ်(ခ)အောင်ဇော်လတ်ကိုမူ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် ထပ်တိုးတရားစွဲထားကြောင်းလည်း သိရသည်။NLD  ပါတီဝင် ဦးနိုင်ငံလင်းသည်  လက်ရှိတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁)တွင် အနိုင်ရရှိထားသူလည်း ဖြစ်သည်။             

Most Read

Most Recent