အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်အဆင့်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် စာမေးပွဲမေးခွန်းများအား အတန်းနှင့် အသက်အရွယ် လိုက်လျောညီထွေမှုရှိသည့် မေးခွန်းများဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများအား ယခင်နှစ်ကကဲ့သို့ ကုစားစာမေးပွဲများထားရှိပြီး ပြန်လည် စစ်ဆေးတော့မည် မဟုတ်သည့်အတွက် ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရေးနှင့် စာမေးပွဲ မေးခွန်းအရည်အသွေးပေါ်လည်း သက်ရောက်မှု မရှိစေရေးအတွက် မေးခွန်းပုံစံများ ပြုစုလျက်ရှိကြောင်း သိရသည်။
“စာမေးပွဲ မေးခွန်းပုံစံတွေကတော့ မနှစ်ကအတိုင်းပါပဲ။ ဒီနှစ်မှာတော့ လေးတန်းနဲ့ ရှစ်တန်းအတွက် ကုစားစာမေးပွဲက မနှစ်ကလို မရှိတော့တဲ့အတွက် ကလေးအများစု အောင်နိုင်တဲ့ မေးခွန်းပုံစံနဲ့ စစ်မှာပါ။ ကလေးအများစု ဖြေဆိုနိုင်မယ့် မေးခွန်းပုံစံကို စီစဉ်မှာပါ။ စာမေးပွဲမေးခွန်းရဲ့ အရည်အသွေးလည်း မနိမ့်အောင် ကလေးအများစုလည်း ဖြေနိုင်အောင် စာမေးပွဲမေးခွန်းကို ပြုစုပြီး စစ်ဆေးသွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပညာရေးဝန်ကြီးဌာနမှလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာမေးပွဲ မေးခွန်းများထုတ်ရာတွင် ပေါက်ကြားမှု မရှိစေရန်၊ ခက်ခဲသောမေးခွန်း၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်မေးခွန်း၊ ကလေးများအတွက် မလိုအပ်လျှင် အလွတ်ကျက်ပြီး ဖြေနိုင်သော မေးခွန်းမျိုးမထုတ်ရန်၊ မေးခွန်းထုတ်လျှင် မလျော့မတင်း၊ အသက်နှင့် အတန်းလိုက် လျော်ညီစွာ ထုတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်း ကျန်ရှိနေသော ကျောင်းတွင်းစစ် စာမေးပွဲများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ စတုတ္ထတန်း စာမေးပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၌ မြန်မာစာ၊ ဖေဖော်ဝါရီ ၁၆ ရက်၌ အင်္ဂလိပ်စာ၊ ဖေဖော်ဝါရီ ၁၇ ရက်၌ သင်္ချာ၊ ဖေဖော်ဝါရီ ၁၈ ရက်၌ အခြေခံသိပ္ပံ၊ ဖေဖော်ဝါရီ ၁၉ ရက်၌ လူမှုရေးဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အထိ ဖြေဆိုရမည်ဖြစ်သည်။ အလားတူ အဋ္ဌမတန်း စာမေးပွဲများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၌ မြန်မာစာ၊ ဖေဖော်ဝါရီ ၁၆ ရက်၌ အင်္ဂလိပ်စာ၊ ဖေဖော် ဝါရီ ၁၇ ရက်၌ သင်္ချာ၊ ဖေဖော်ဝါရီ ၁၈ ရက်၌ ပထဝီဝင်၊ ဖေဖော်ဝါရီ ၁၉ ရက်၌ သမိုင်း၊ ဖေဖော်ဝါရီ ၂၀ ရက်၌ အထွေထွေသိပ္ပံစသည့် ဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၁ နာရီ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
မူလတန်းအထက်အဆင့် တတိယတန်းနှင့် အလယ်တန်းအဆင့် (ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တတန်း) တို့အတွက် အခန်းဆုံးစစ်ဆေးမှုများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် စစ်ဆေးရန်၊ အထက်တန်းအဆင့် နဝမတန်းအတွက် နှစ်ဝက်ဆုံး စစ်ဆေးခြင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် နှစ်နာရီ သတ်မှတ်စစ်ဆေးရန်၊ အထက်တန်းအဆင့် ဒသမတန်းအတွက် နှစ်ဝက်ဆုံး စစ်ဆေးခြင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် သုံးနာရီ သတ်မှတ် စစ်ဆေးသွားမည် ဖြစ်သည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့တွင် ကုစားစာမေးပွဲများ ထားရှိတော့မည် မဟုတ်သည့်အတွက် စာမေးပွဲမေးခွန်းအား အတန်းနှင့် အသက်အရွယ် လိုက်လျောညီထွေမှုရှိသည့် မေးခွန်းများဖြင့်သာ စစ်ဆေးမည်















