မင်္ဂလာဈေးမီးလောင်မှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူ သံပန်းမန်နေဂျာနှင့် အလုပ်သမားတစ်ဦးအနက် အလုပ်သမားဖြစ်သူအား ဖမ်းဆီးရမိ

မင်္ဂလာဈေးမီးလောင်မှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူ သံပန်းမန်နေဂျာနှင့် အလုပ်သမားတစ်ဦးအနက် အလုပ်သမားဖြစ်သူအား ဖမ်းဆီးရမိ
Published 27 January 2016
အောင်ထက်ခိုင်

မင်္ဂလာဈေးမီးလောင်မှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသော သံပန်းမန်နေဂျာ  အောင်အောင်နှင့် အလုပ်သမားဖြစ်သူ အညာသားတို့အနက်  အလုပ်သမားဖြစ်သူ အညာသားအား ဇန်နဝါရီ ၂၆ ရက် က ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။“ မီးလောင်မှုနှင့်ပတ်သက်ပြီး အရေးယူထားတာ ၁၀ ဦးပါ။ ၁၀ ဦးမှာ နှစ်ဦး လွတ်မြောက်နေပါတယ်။ ဇန်နဝါရီ ၂၆ ရက် နံနက်မှာ သံပန်းအလုပ်သမား အညာသားကို ဖမ်းဆီးရမိပါတယ်။  မန်နေဂျာကို ဖမ်းဆီးရမိဖို့ တော့ ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။မင်္ဂလာဈေးမီးလောင်မှုနှင့် ပတ်သက်ပြီး ညဘက် ဈေးတာဝန်ခံလုံခြုံရေးသူကြီး (ခ)သန်းစောနိုင်၊ ဈေးလျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦးနှင့် သံပန်းလုပ်ငန်းပိုင်ရှင် အောင်ဘွား၊ မန်နေဂျာ အောင်အောင်နှင့် အလုပ်သမားများဖြစ်သော မှတ်ကြီး၊ ညွန့်ဝင်း၊ ဘိုချမ်း၊ သီဟ၊ ကျော့လွင်၊ အညာသား၊ စုစုပေါင်း ၁၀ ဦးအား ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် တရားစွဲ အရေးယူသွားမည်ဖြစ်ကြောင်း မန်နေဂျာဖြစ်သူ အောင်အောင်မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှ သိရသည်။ဇန်ဝါရီလ ၉ ရက် နံနက် ၁ နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊  ဗညားဒလလမ်းနှင့်  စက်ရုံလမ်းထောင့်အနီးရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအောက်ရှိ မင်္ဂလာဈေး မီးလောင်ရသည့်အကြောင်းရင်းမှာ ညဘက်ဈေးအပေါ်လေးလွှာရှိ ဆိုင်ခန်းတွင် လိပ်ဆွဲတံခါး တပ်ဆင်ရန် ဂဟေဆော်ရာမှ မီးပွားကျရာမှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုအား မီးသတ်ယာဉ်ထွက် Level-5 အဖြစ် သတ်မှတ်ကာ မြို့နယ်အသီးသီးမှ  စုစုပေါင်း မီးသတ်ကား ၅၉ စီး၊ ရေသယ်ယာဉ် ၂၇ စီး၊ လှေကားတင်ယာဉ် လေးစီး ၊ Water Tower နှစ်စီး၊ အထောက်အကူပြုယာဉ် ခုနစ်စီးနှင့် လူနာတင်ယာဉ် ၁၉ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နောက်တစ်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် မင်္ဂလာဈေး တတိယထပ်ရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်ရှိ ၇၉၇ ခန်းနှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်း ၄၈ ခန်း မီးလောင်ကျွမ်းခဲ့ကာ စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ကာ ကျပ် ၃၆ ဘီလျံကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။     

Most Read

Most Recent