နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းသည့် အခမ်းအနား အစီအစဉ်နှင့် ပတ်သက်၍ အစိုးရ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေးအဖွဲ့တို့သည် ဇန်နဝါရီ ၂၆ ရက်တွင် ထပ်မံတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook တွင် ဆွေးနွေးပွဲ ဓာတ်ပုံများကို ဖော်ပြထားပြီး “ဒီနေ့နေ့လယ်မှာ တာဝန်လွှဲပြောင်းရေး အထောက်အကူပြုအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုမှာ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားအစီအစဉ် လျာထားချက်များ၊ ဝန်ကြီးဌာနအချို့ရဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီလမှာ နောက်ထပ်တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်”ဟု ရေးသားထားသည်။
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီအဖွဲ့ဝင် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “အဲဒါက ညကျရင် ခဏနေ တက်လာလိမ့်မယ်။ MOI မှာ စောင့်လိုက်။ သတင်းထုတ်ပါလိမ့်မယ်။ သတင်းထုတ်မယ့်ဟာကလည်း နှစ်ဦးနှစ်ဖက် အတည်ပြုပြီးမှ ထုတ်တာပါ”ဟု ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက ပြောကြားသည်။
အစိုးရ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေး အဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၌ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းသည့် အခမ်းအနားကို သမ္မတအိမ်တော်တွင် ကျင်းပနိုင်ရေးဆိုင်ရာ လျာထားချက်များ၊ ဝန်ကြီးဌာနများအလိုက် စနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် လွှဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနများက လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းများ၊ ဌာနဆိုင်ရာ မူဝါဒနှင့် လူအင်အားတို့ကို သိလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေးအဖွဲ့မှ အစိုးရ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီထံသို့ မေးမြန်းထားကြောင်း ဦးဝင်းထိန်က ပြောကြားထားသည်။
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းသည့် အခမ်းအနား အစီအစဉ်နှင့် ပတ်သက်၍ အစိုးရနှင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး















