မြန်မာတစ်နိုင်ငံလုံးရှိ သက်တမ်းလွန်ပြီး ပြေးဆွဲနေသည့် ရထားစက်ခေါင်း ၂၀၀ ကို အစားထိုးရန် စီစဉ်နေကြောင်း နေပြည်တော်ရှိ စက်ခေါင်း တည်ဆောက်ရေးစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ မြန်မာ တစ်နိုင်ငံလုံးတွင် အင်္ဂလန်၊ ဂျာမနီနှင့် ကိုရီးယားနိုင်ငံတို့မှ ရထားစက်ခေါင်း ၄၀၀ ခန့်ရှိကာ လက်ရှိနေပြည်တော်တွင် ဆောက်လုပ်နေသည့် စက်ခေါင်းသစ် တည်ဆောက်ရေးစက်ရုံ တည်ဆောက်ပြီးပါက အဆိုပါ သက်တမ်းလွန် ရထားစက်ခေါင်းများကို အစားထိုး တပ်ဆင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ခေါင်း စက်ရုံစီမံကိန်းအနေဖြင့် နေပြည်တော်တွင် စက်ခေါင်းသစ် တည်ဆောက်ရေး စက်ရုံနှင့် မြစ်ငယ်တွင် တွဲသစ် တည်ဆောက်ရေး စက်ရုံတို့ကို တရုတ်နိုင်ငံမှ ချေးငွေ ၉၄ ဒသမ ၅၃ သန်း ရယူဆောင်ရွက်နေပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။
“အခုက မီးရထားမှာ စက်ခေါင်း ၄၀၀ နီးပါးလောက်ရှိတယ်။ သက်တမ်းကုန်တဲ့ စက်ခေါင်းက တစ်ဝက်ကျော်လောက် ရှိတယ်။ အဲဒါတွေက အစားထိုးမှရမှာ။ ဒါကြောင့် စက်ခေါင်းသစ် စက်ရုံတည်ဆောက်ရေး စီမံကိန်းပြီးရင် သက်တမ်းလွန်တဲ့ စက်ခေါင်းတွေကို အစားထိုးသွားမယ်။ စက်ခေါင်းသစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ငါးနှစ်လောက်က အင်းစိန်စက်ရုံမှာ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ ဒါကို နမူနာယူပြီး စက်ခေါင်း စမ်းသပ် တပ်ဆင်တာတွေလည်း လုပ်ခဲ့ပါတယ်။ စက်ခေါင်းစက်ရုံ တည်ဆောက်ပြီးရင်တော့ မြန်မာ့မီးရထားအတွက် ကုန်ကျစရိတ်တွေ သက်သာလာမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းစီမံကိန်းအား ရေရှည်တွင် နည်းပညာ မြင့်မားသော စက်ခေါင်းသစ်နှင့် လူစီးတွဲသစ်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကာ စီမံကိန်းတွင် ပါဝင်သည့် စက်ခေါင်း ၂၂ ခေါင်းအနက် စက်ခေါင်းခုနစ်ခေါင်းကိုလည်း မြန်မာနိုင်ငံမှ အင်ဂျင်နီယာများအား လေ့ကျင့်သင်ကြားနေစဉ် ကာလအတွင်း တရုတ်နိုင်ငံ၌ ထုတ်လုပ်နိုင်ခဲ့ရာ စက်ခေါင်းခြောက်ခေါင်းမှာ ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျန်ရှိသည့် စက်ခေါင်း ၁၅ ခေါင်းကိုလည်း တရုတ်နိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“စက်ခေါင်းသစ် စက်ရုံစီမံကိန်းပြီးရင် ပြည်တွင်းပညာရှင်တွေနဲ့ စက်ခေါင်းတွေ ဆောက်လုပ်သွားမှာပါ။ လက်ရှိ စီမံကိန်းကာလဖြစ်တဲ့ ၂၀၁၇ ခုနှစ်အထိတော့ နိုင်ငံခြား ပညာရှင်တွေနဲ့ပဲ ပူးပေါင်းလုပ်ဆောင်မှာပါ။ ပြည်တွင်း ပညာရှင်တွေနဲ့ပဲ ထုတ်လုပ်နိုင်ဖို့အတွက်ကိုတော့ နောက်ပရောဂျက် တစ်ခုအနေနဲ့ လုပ်မှာပါ။ ပြီးရင် ၁၅ နှစ် သက်တမ်းကျော်တဲ့ ရထားစက်ခေါင်းတွေနဲ့ နောက်ပိုင်း သက်တမ်းပြည့်လာမယ့် စက်ခေါင်းတွေနဲ့ဆိုရင် နှစ်စဉ် စက်ခေါင်း ၂၀ လောက် အစားထိုး လဲလှယ်မှုတွေ လုပ်ရမယ်လို့ လျာထားပါတယ်”ဟု ၎င်းက ပြောကြားသည်။
လက်ရှိ မြန်မာ့မီးရထားတွင် စက်ခေါင်းလိုအပ်ချက်များ ရှိနေပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နိုင်ငံပိုင်ငွေ၊ ချေးငွေတို့ဖြင့် ဝယ်ယူရန် စီစဉ်နေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ လအတွင်းကလည်း နိုင်ငံပိုင်ငွေဖြင့် ရထားစက်ခေါင်းများ ဝယ်ယူခဲ့ကြောင်း သိရသည်။















