ရက်ပိုင်းအတွင်း ဆန်ကြမ်းအမျိုးအစား ဖြစ်သည့် စပါးဈေးတင်း ၁၀၀ လျှင် ကျပ်နှစ်သောင်းဝန်းကျင် ပြန်လည်မြင့်တက်လာပြီး လာမည့်မတ်လအတွင်း နွေစပါး ပေါ်လာပါက ယခင်နှစ်ထက် ဈေးနှုန်း ပိုမိုမြင့်တက်ကာ ကျပ်ငါးသိန်း ငါးသောင်း ပေါက်ဈေးရှိမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။
“ဒီနှစ်စပါးဈေးက ကောင်းပါတယ်။ ဆန်ကြမ်း အမျိုးအစားဖြစ်တဲ့ စပါးဈေးနှုန်းက ပြီးခဲ့တဲ့ အပတ်ကဆိုရင် စပါးတင်းတစ်ရာကို ငါးသိန်းကိုးသောင်းနဲ့ ခြောက်သိန်းတစ်သောင်း ပေါက်ဈေးရှိတယ်။ အခုရက်ပိုင်း အတွင်းမှာ ခြောက်သိန်းနဲ့ ခြောက်သိန်း သုံးသောင်းကြား ပေါက်ဈေးရှိပါတယ်။ အခုအချိန်က မိုးစပါးကလည်း ကုန်ခါနီးပြီ။ နွေစပါးကလည်း လာမယ့် မတ်လလယ်လောက်မှာ ပေါ်မှာဆိုတော့ အရင်နှစ်ထက်စာရင် နွေစပါးက ဈေးပိုကောင်းမှာပါ။ နွေစပါးပေါ်ရင် ငါးသိန်းငါးသောင်း ပေါက်ဈေး ရှိမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဧည့်မထ ဆန်ကြမ်း အမျိုးအစားဖြစ်သည့် စပါးတင်း ၁၀၀ လျှင် ဧရာဝတီတိုင်း ဒေသကြီး၌ ငါးသိန်းခွဲနှင့် ခြောက်သိန်းကြားရှိပြီး ပဲခူးတိုင်းဒေသကြီး၌ ဧည့်မထ ဆန်ကြမ်း စပါးတင်း ၁၀၀ လျှင် ငါးသိန်းတစ်သောင်း ပေါက်ဈေးရှိကြောင်း သိရသည်။
ထို့ပြင် လာမည့်နှစ်များတွင်လည်း စပါးဈေးနှုန်းမှာ ပြည်ပ ဝယ်လိုအားပေါ် မူတည်၍ ပစ္စည်း လက်ကျန်ပေါ် မူတည်ကာ ၂၀၁၅ ခုနှစ်ထက် စပါးဈေးနှုန်း ပိုမို မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆန်ဈေးကွက်အတွင်း ဆန်ကြမ်းဈေးနှုန်းများ အနေဖြင့် ဈေးနှုန်း မြင့်တက်မှုများ ရှိနေပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၂၀၀ ခန့်မှ စတင်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနေကြောင်း ဆန်လက်လီ ဈေးကွက်အတွင်းမှ သိရသည်။
ပြည်ပနိုင်ငံများသို့ မြန်မာ့ဆန်များ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တင်ပို့မှု အပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှလည်း တင်ပို့မှုများ ရှိကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ဒီဇင်ဘာလ ပထမပတ်ထိ ပြည်ပသို့ မြန်မာ့ဆန် တန်ချိန်တင်ပို့မှုမှာ တန်ချိန် ကိုးသိန်းနီးပါး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ရက်ပိုင်းအတွင်း စပါးဈေး တင်း ၁၀၀ လျှင် ကျပ်နှစ်သောင်းဝန်းကျင် ပြန်လည်မြင့်တက်လာပြီး နွေစပါးပေါ်လာပါက ယခင်နှစ်ထက် ဈေးနှုန်းပိုမြင့်ကာ ကျပ်ငါးသိန်းခွဲ ပေါက်ဈေး ရှိနိုင်မည်ဟု ဆို















