ဆန်ဈေးကွက်၌ ဆန်ကြမ်းဈေး တစ်အိတ်လျှင် ကျပ် ၁၂၀၀ မှစ၍ ဈေးနှုန်းမြင့်တက်

ဆန်ဈေးကွက်၌ ဆန်ကြမ်းဈေး တစ်အိတ်လျှင် ကျပ် ၁၂၀၀ မှစ၍ ဈေးနှုန်းမြင့်တက်
Published 25 January 2016
အေးမို့မို့အောင်သူ၊ မြတ်စုနိုင်

ဆန်ဈေးကွက်အတွင်း ဆန်ကြမ်း ဈေးနှုန်းများအနေဖြင့် ဈေးနှုန်း မြင့်တက်ရှိနေပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၂၀၀ ခန့်မှ စတင်၍ ဈေးနှုန်း မြင့်တက်မှုများရှိနေကြောင်း ဆန်လက်လီ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဆန်ကြမ်း ဈေးနှုန်းများအနေဖြင့် ဇီယာဆန်ဟောင်း တစ်ပြည်လျှင် ယခင်ကျပ် ၁၁၀၀ ရှိခဲ့ရာမှ ယခုအခါတွင် ကျပ် ၁၃၀၀၊ ဇီယာဆန်သစ် တစ်အိတ်ဈေးနှုန်း အနေဖြင့် ယခင်ကျပ် ၂၆၄၀၀ မှ ကျပ် ၃၁၂၀၀ သို့လည်းကောင်း၊ ဇီယာဆန်သစ် တစ်ပြည်လျှင် ကျပ် ၁၀၅၀ မှ ယခုအခါတွင် ကျပ် ၁၁၀၀ သို့လည်းကောင်း၊ ဇီယာဆန်သစ် တစ်အိတ်ဈေးနှုန်း အနေဖြင့် ယခင် ကျပ်၂၅၂၀၀ မှ ယခုအခါ တွင်၂၆၄၀၀သို့လည်းကောင်း ဆန်ကြမ်းဈေးနှုန်းများ အနေဖြင့် ဆန်တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၁၂၀၀မှ ကျပ် ၅၇၀၀ ခန့် အထိ ဈေးနှုန်း မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
"ဆန်ကြမ်းတွေက ဈေးတော်တော်ကို တက်သွားတယ်။ ဇီယာ ဆန်အဟောင်းဆိုရင် ဆိုင်မှာ တင်တောင် မရောင်းနိုင်ဘူး။ ဒိုင်ဈေးနဲ့ တွက်ရင်တောင် တစ်ပြည်ကို ကျပ် ၁၃၀၀ လောက်ဈေးရှိတယ်။ ပြန်ရောင်းရင် တစ်ပြည်ကို ၁၄၀၀ လောက်မှ မရောင်းရင် ဘယ်လိုမှ တွက်ချေမကိုက်ဘူး။ ဆန်ချောဈေးတွေက ငြိမ်နေသေးတယ်။ အခုဈေး ငြိမ်နေပေမယ့် ဆန်ချောတွေလည်း ဈေးတက်ဖို့ရှိတယ်"ဟု တာမွေမြို့နယ်ရှိ ဆန်လက်လီ အရောင်းဆိုင်မှ ဒေါ်လှလှဝင်းက ပြောကြားသည်။
ဆန်ချောဈေးနှုန်းများ အနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ယခုအခါတွင် ကျပ် ၂၄၀၀ သို့လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၅၇၅၀၀ သို့လည်းကောင်း၊ ဖျာပုံ ပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ သို့လည်းကောင်း ဆန်ချောဈေးနှုန်းများမှာ ဈေးနှုန်း မြင့်တက်မှုအနေဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိနေပြီး ယခင် အတက်ဈေးနှုန်းဖြင့်သာ ရပ်တည်လျက်ရှိကြောင်း ဆန်လက်လီ အရောင်းဆိုင်များမှ သိရသည်။
ပြည်တွင်း ဆန်ကြမ်းဈေးနှုန်းများအနေဖြင့် ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပသို့ ဆန်ကြမ်းတင်ပို့မှု များလာခြင်းကြောင့် ဆန်ဈေးနှုန်း မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ပြီး ရာသီဖောက်ပြန်မှုများကြောင့်လည်း ရွှေဘို၊ ပခုက္ကူ စပါးအထွက်နှုန်း လျှော့နည်းသွားခြင်းတို့ကြောင့် ဆန်ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်း မြင့်တက်ရခြင်း ဖြစ်သည်။                           

Most Read

Most Recent