ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး
Published 25 January 2016
(Photo-Senior General Min Aung Hlaing Facebook)

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် နေပြည်တော်၌ ဇန်နဝါရီ ၂၅ ရက် က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ခေါင်းဆောင်နှစ်ဦးကြား ယခုလို တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ နှစ်နာရီ နီးပါးကြာမြင့်ခဲ့ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း  တပ်မတော်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။အဆိုပါတွေ့ဆုံမှုတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ၊ လွှတ်တော်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊  NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်း ရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် NLD ကျန်းမာရေးရာကော်မတီ တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းတို့ ပါဝင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင်ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဆွေးနွေးမှုအကြောင်းအရာများနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမှုကွန်ရက်စာမျက်တွင် ရေးသားထားသည်များကို ကြည့်ရှုရန် ပြောကြားသည်။“ ဥက္ကဋ္ဌက သူပြောမှ ဖြစ်မယ်ဆိုတော့ ငါတို့ပြောလို့ မဖြစ်ဘူးလေကွာ” ဟု ဦးဝင်းထိန်က ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်တွင် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။မွန်းလွဲ ၂ နာရီမှ  ညနေ ၃ နာရီအထိ  တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်အတွက် အကျိုးရှိမည့်ကိစ္စများကို နှစ်ဦးပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်းနှင့် ကောင်းမွန်သည့် ဆွေးနွေးမှုရရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများကို ပြောကြားခဲ့သည်။“ကျွန်တော်တို့ နှစ်ယောက် တိုင်းပြည်အတွက် အကျိုးရှိတဲ့ဟာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါတယ်”ဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ဖြေကြားခဲ့သည်။ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကားပေါ်မှတစ်ဆင့် “ကောင်းမွန်တဲ့ ဆွေးနွေးမှု ရရှိပါတယ်”ဟု မီဒီယာများအား ဆက်လက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဇန်နဝါရီ ၂၅ ရက်က  ဒုတိယအကြိမ်တွေ့ဆုံစဉ်နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါကြောင်း Senior General Min Aung Hlaing facebook စာမျက်နှာတွင် ထုတ်ပြန်ဖော်ပြခဲ့သည်။NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သည်။ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် ရွေးချယ်တင်မြှောက်ရမည့် ဒုတိယသမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီ ဖြစ်သည်။ ထို့ပြင် သမ္မတရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး၊  စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကိုလည်း ကျော်လွန်စွာရရှိထားပြီ ဖြစ်သဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ပြီဖြစ်သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း မိမိ၏ တရားဝင် သား၊ သမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သား၊ သမီး တစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်းခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။ထိုပြဋ္ဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတရာထူးတာဝန် ထမ်းဆောင်နိုင်ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ မြန်မာနိုင်ငံသားများ မဟုတ်ပေ။ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက “ဆိုင်းငံ့လို့ရတယ်လို့ပဲ ပြောချင်တာပါ။ အဲဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်လို့ ရာနှုန်းပြည့် မျှော်လင့်ပါတယ်။ အဲဒီအတိုင်း ဖြစ်လာမှာပါ။ ယခင် နိုင်ငံတော်အကြီးအကဲနဲ့ တွေ့လိုက်တယ်။ သူနဲ့တွေ့လိုက်ကတည်းက ပွဲကပြီးနေပါပြီ။ နိုင်ငံရဲ့ အနာဂတ်ချောမွေ့ဖို့အတွက် ရာနှုန်းပြည့်နီးပါး သေချာသွားပြီ။ အဲဒီအပေါ် မူတည်ပြီးတော့မှ လက်ရှိသမ္မတကြီးတို့၊ တပ်ချုပ်တို့က ဆက်လှုပ်ရှားရမှာ ဖြစ်ပါတယ်”ဟု ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။ထိုသို့ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်ရန်အတွက် လက်ရှိလွှတ်တော် သို့မဟုတ် လာမည့် လွှတ်တော်ကာလတွင် အဆိုတင်သွင်းကာ ထက်ဝက်ကျော် ထောက်ခံမဲရရှိပါက ဆိုင်းငံ့နိုင်မည်ဖြစ်သော်လည်း လက်ရှိ လွှတ်တော်သက်တမ်းကာလတွင် ဆောင်ရွက်ပါက ထောက်ခံမဲမရရှိနိုင်ဟု ယူဆကြောင်းနှင့် လာမည့် လွှတ်တော်မှသာ သေချာမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ဆက်လက်ပြောကြားခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်နဝါရီ ၂၅ ရက် တွေ့ဆုံမှုမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နံနက်ပိုင်းက တစ်နာရီကျော်ကြာ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် ရွေးကောက်ပွဲအလွန်ကာလ တရားဝင်တစ်ကြိမ်အပြင် အလွတ်သဘော တွေ့ဆုံမှုအဖြစ် အကြိမ်ကြိမ်ပြုလုပ်လျက် ရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် အစိုးရတစ်ရပ် ဖွဲ့နိုင်လောက်သည့် လွှတ်တော်ကိုယ်စားလှယ်ပမာဏအား ရရှိထားချိန်တွင် နိုင်ငံ၏ ရေရှည်အကျိုးအတွက် တွေ့ဆုံဆွေးနွေးရမည့် တပ်မတော်တာဝန်ရှိသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်တွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ အခြားသောပုဂ္ဂိုလ်များနှင့် တွေ့ဆုံမှုများပြုလုပ်ပြီး ဆွေးနွေးမှုများကိုလည်း ထုတ်ဖော်ပြောကြားမှုမရှိခြင်းတို့ကြောင့် တွေ့ဆုံမှုများသည် စိုးရိမ်စရာဖြစ်ကာ ရှုပ်ထွေးမှုများ ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ 

Most Read

Most Recent