တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံအား သရော်သည့် ပို့စ်တစ်ခုကို Facebook ပေါ်တွင် တင်ခဲ့မိသည့်အတွက်ဟု ဆိုကာ လှိုင်မြို့နယ်တရားသူကြီးက ဆက်သွယ်ရေး ဥပဒေဖြင့် ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်ခြင်း ခံရသူ ကချင်အမျိုးသား ဦးခွန်ဂျာလီ၏အမှုကို အနောက်ပိုင်းခရိုင် တရားရုံးသို့ အယူခံတက်သွားမည်ဖြစ်ကြောင်း ဦးခွန်ဂျာလီ၏ ဥပဒေ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေက ပြောကြားသည်။
အမိန့်ချမှတ်ခံရသည့် ဇန်နဝါရီ ၂၂ ရက်ကတည်းက အမိန့်စာကို ပြန်ကူးရန် တရားရုံးသို့ လျှောက်တင်ထားခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်တွင် အမိန့်စာ ရရှိမည်ဖြစ်ကာ အမိန့်စာ ရရှိသည်နှင့်တစ်ပြိုင်နက် အနောက်ပိုင်းခရိုင် တရားရုံးသို့ အယူခံတက်ရန် ပြင်ဆင်သွားမည်ဟု ၎င်းက ပြောကြားသည်။
"အဓိက,က အမိန့်ဟာ တရားဥပဒေနဲ့ မညီကြောင်း လျှောက်လဲပြီး အယူခံတင်သွားမှာပါ။ ချုပ်ရက်နဲ့ ပြန်တွက်ရင် ပြစ်ဒဏ်က အယူခံတင်နေတဲ့ ကာလမှာတင် ပြန်လွတ်နိုင်ပါတယ်။ ဒါပေမဲ့ အမိန့်ဟာ ဥပဒေနဲ့ ညီညွှတ်မှု မရှိတဲ့အတွက် အစဉ်အလာ ဖြစ်သွားမှာ စိုးတယ်။ အဲဒါကြောင့် ခရိုင်ရုံးရဲ့ အဆုံးအဖြတ်ကို ရယူသွားမှာပါ။ အယူခံထဲမှာ ဘယ်အချက်အလက်တွေ ပါမလဲဆိုတာကတော့ အမိန့်ကို ပြန်ကူးပြီးမှပဲ သိရမယ်။ ဘယ်အချက်အလက်တွေကို ကိုးကားမလဲဆိုတာတော့ ကြိုပြောလို့မရသေးဘူး"ဟု ဦးခွန်ဂျာလီ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးအယ်ခွန်ရိန်က ပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံအား ခြေဖြင့်နင်းထားသည့် ဓာတ်ပုံကို Facebook လူမှုကွန်ရက်တွင် တင်ခဲ့သည့်အတွက် တပ်မတော်၏ ဂုဏ်သရေ ညှိုးနွမ်းစေသည့်အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို မဆိုထားနှင့် သာမန်ပြည်သူကိုပင် ယင်းကဲ့သို့ ပြုလုပ်သည်မှာ ယဉ်ကျေးမှုနှင့် မညီကြောင်း လှိုင်မြို့နယ် တရားသူကြီးက သုံးသပ်ခဲ့ပြီး ဦးခွန်ဂျာလီကို ထောင်ဒဏ် ခြောက်လ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးခွန်ဂျာလီကဲ့သို့ပင် တပ်မတော်အား ဂုဏ်သရေညှိုးနွမ်းအောင် ပြုလုပ်သည့် အတွက်ဟုဆိုကာ မအူပင်မြို့မှ မချောစန္ဒီထွန်းကိုလည်း မအူပင်မြို့နယ် တရားသူကြီးက ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
ဆက်သွယ်ရေးဥပဒေဖြင့် ထောင်ခြောက်လ ချခံရသူ ကချင်အမျိုးသား ဦးခွန်ဂျာလီအမှု ခရိုင်တရားရုံးသို့ အယူခံတက်မည်















