“ကြီး” စကားလုံး အသုံးအနှုန်း

“ကြီး” စကားလုံး အသုံးအနှုန်း
Published 24 January 2016
မောင်စံပေါ

(၁)မတွေ့တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် မမျှော်လင့်ဘဲ လမ်းမှာ ဆုံကြတယ်။“ဟာ သူငယ်ချင်း ထွန်းတင်ကြီး။ မတွေ့တာ ကြာပြီကွာ။ နေကောင်းလား။ အဆင်ပြေလား။”“ကောင်းတယ်ကွ။ လာ လက်ဖက်ရည်သောက်ရင်း စကားပြောကြရအောင်။”နာမည်အမှန်က ထွန်းတင်ပါ။ သူတို့ သူငယ်ချင်းတွေထဲမှာ နောက်ထပ် ထွန်းတင်တစ်ယောက် မရှိပါဘူး။ ထွန်းတင်လေး၊ ထွန်းတင်ကြီးဆိုပြီး ခွဲခေါ်စရာ မလိုပါဘူး။ သူသုံးနှုန်းလိုက်တဲ့ ‘ကြီး’ ဆိုတဲ့ နောက်ဆက်က ခင်မင်ရင်းနှီးမှုကို ဖော်ပြတဲ့ ဝမ်းမြောက်ခြင်းရဲ့ သင်္ကေတ။(၂)“ဘာသောက်မလဲ သူငယ်ချင်း။ ကြိုက်တာမှာ စားကွာ။ အခုတော့ ဝမ်းတူးရိုက်စရာ မလိုတော့ပါဘူး။”“ကျောင်းတုန်းက သောက်ခဲ့တဲ့ ဦးချစ် လက်ဖက်ရည် အလွမ်းပြေပေါ့ကွာ။”ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ ပိုက်ဆံပြတ်ချိန်တွေမှာ ထမင်းကြော်၊ ကြာဆံကြော် စသဖြင့် အဆင်ပြေရာ တစ်ပွဲမှာပြီး နှစ်ပန်းကန်မှာ ခွဲထည့်စားတာကို ဝမ်းတူးရိုက်တယ်လို့ ခေါ်တယ်။ ကြက်ထမင်းကြော် ဝမ်းတူးဆိုမှာပြီး ခွဲဝေစားခဲ့ကြတာ အမှတ်ရမိတယ်။ ပိုက်ဆံမရှိလို့ ဝေမျှစားနေကြပါတယ် ဆိုကာမှ တစ်ဇွန်းတစ်လုတ် ဝင်တုတ်သွားသူတွေကလည်း ရှိသေးတယ်။ ဒါပေမဲ့ စိတ်မကွက်ကြပါဘူး။ ဆင်းရဲချိန်မှာ အတူတူ မျှဝေကြ၊ ကြည်ဖြူကြပါတယ်။စားပွဲပေါ်က လက်ဖက်ရည် မအေးသေးခင်မှာ အတွေးတွေက ဟိုဒီပြေးတယ်။ အဝေးကြီး ရောက်တာလည်း ရှိရဲ့။ တွေးရင်းနဲ့ တခြား သူငယ်ချင်းတွေ သတိရမိတယ်။“ကိုလှမင်းကြီးအကြောင်း ကြားမိလား သူငယ်ချင်း”“ရှမ်းပြည်နယ် လင်းခေးမှာ လက်နက်ကိုင် တစ်စုက သေနတ်နဲ့ ပစ်လို့ ဆုံးသွားတာလား”“အေးပေါ့ကွာ။ ဖမ်းဆီးသစ်တွေတိုင်းပြီး အပြန်မှာဖြစ်တာ။ သူ့တပည့် ဝန်ထမ်းတွေပါ ပါသွားခဲ့တာ”ပြောရင်းနဲ့ သစ်တောဌာနဝန်ထမ်း သူငယ်ချင်းတွေ ဘဝကို စဉ်းစားရင်း စိတ်မကောင်း ဖြစ်မိတယ်။ အမှုထမ်းက နည်းရတဲ့အထဲ တာဝန်တွေက များတယ်။ လုံလောက်တဲ့ အင်အား မရှိဘူး။ သစ်တောတွေ ပြုစုပျိုးထောင်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာက စာရေးတော့သာ ဘာမှ ဘယ်လောက်မှ မရှိတာ။ မြေပြင်ပေါ်မှာ တကယ် ကြုံတွေ့နေရတာတွေက တစ်ထောင့်တစ်ည မပြောနဲ့ ညပေါင်း တစ်သောင်းတစ်ထောင် ပြောမယ် ဆိုရင်တောင် ပြည့်စုံမှာ မဟုတ်ဘူး။ခက်ခဲတဲ့ လမ်းပန်း၊ ကြမ်းတမ်းတဲ့ ဘဝနေထိုင်မှု၊ ကျန်းမာရေး အခက်အခဲ၊ လုံခြုံရေး ပြဿနာ၊ အာဏာပိုင်တွေရဲ့ ဖိအား၊ စားစရာ ခက်ခဲနေတဲ့ ဒေသခံတွေရဲ့ ဘ၀ စတာတွေဟာ ပင်လယ်ထဲမှာ ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျား၊ တောကြီးမျက်မည်းမှာ အန္တရာယ်ကြုံလာရင်တောင် ခုခံကာကွယ်စရာ ဘာလက်နက်မှ မရှိတဲ့ ဘဝ။ သောင်းကျန်းသူ အသတ်ခံရသူ၊ သစ်သူခိုးက မီးသွေးဖိုထဲထည့်ပြီး ဖုတ်သတ်ခံရသူ၊ သစ်ဖမ်းသွားရာမှာ ရန်ပြုခံရပြီး ဒုက္ခရောက်သွားသူ၊ ခေတ်သစ် ဆဒ္ဒန်ဆင်မင်းဇာတ်မှာ သောနုတ္တိုရ်ဖြစ်ခဲ့ရပြီး အရေးယူခံရသူ၊ အလုပ်ဖြုတ်ခံရသူ စသည်ဖြင့် ကံကြမ္မာဆိုးနဲ့ တိုးခဲ့ရသူတွေ ရှိတယ်။ဒါတွေပြောရင် ဒေါတွေပါမယ် ဆိုသလို ခဏထားပြီး ‘ကြီး’ ကိစ္စ ဆက်ကြရအောင်ဗျာ။ ‘ကိုလှမင်းကြီး’ လို့ သုံးနှုန်းခေါ်ဆိုလိုက်တဲ့ ဦးလှမင်းနဲ့ လူချင်း အရမ်း မရင်းနှီးပါဘူး။ ဒီနေရာက ‘ကြီး’ စာလုံးဟာ လေးစားခြင်း၊ စိတ်မကောင်းဖြစ်ခြင်းတို့ကို ညွှန်းဆိုဖော်ပြပါတယ်။(၃)ဝါစဉ်ကို ပြတဲ့အခါမှာ သုံးနှုန်းတဲ့ ‘ကြီး’ လည်း ရှိပါတယ်။ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေး (အဘိုးလေး)၊ အဘကြီး၊ အဘလေး၊ ဦးဇင်းကြီး၊ ဦးဇင်းလေး၊ ကျောင်းသားကြီး၊ ကျောင်းသားလေး၊ မယားကြီး၊ မယားငယ် စသဖြင့်ပေါ့ဗျာ။ ဝါစဉ်ကို ပြဆိုတာ မဟုတ်ဘဲ ချစ်စနိုးနဲ့ သုံးနှုန်းတဲ့ ‘ကြီး’ တွေလည်း ကြားဖူးမှာပါ။ ‘အဘိုးကြီးရေ’ ဆိုပြီး အဘွားကြီးတွေက သူတို့ အိမ်ဦးနတ်ကို ခေါ်တာ မကြာခဏ ဆိုသလို ကြားရတတ်ပါတယ်။ “ဒီအဘိုးကြီးနော်၊ အသက်ကြီးမှ တော်တော်ထ” ဆိုတာမျိုးလည်း အတူတူပါပဲ။ စိတ်ဆိုးတာမျိုး မဟုတ်ဘဲ ကျီစယ်စကား ဆိုတာတွေဟာ ကြားရသူတွေအတွက် ပြုံးစရာ၊ ပီတိဖြစ်စရာပါ။(၄)“ဆရာကြီး ကြွပါခင်ဗျ၊ မိန်းမရေ ဆရာကြီး လာတယ်ဟေ့။ ဘုရားစင်ရှေ့မှ ဖျာခင်း။ အဖန်ရေလုပ်”ရွာက မူလတန်း ကျောင်းအုပ်ဆရာလေး သာရေးနာရေး၊ ရပ်ရေးရွာရေး ကိစ္စအ၀၀နဲ့ ရွာထဲသွားရင်း အိမ်တွေဝင်ရင် ကြားရတတ်တဲ့ စကားတွေပါ။ ဆရာလေးက ပြောရရင် အသက်မကြီးသေးပါဘူး။ ဒါပေမဲ့ သူ့အကျင့် သီလ၊ ဂုဏ်သိက္ခာကို လေးစားသမှုနဲ့ ဆရာကြီးလို့ပဲ သုံးစွဲခေါ်ဆိုတာပါ။ ဆရာကြီးဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်ပြီး ဆရာကြီးပုံပြင်ကို သတိရတော့ ပြုံးမိတယ်။(၅)လေးစားသမှုနဲ့ ‘ကြီး’ တပ်ပြီး သုံးစွဲကြသလို သရော်တော်တော်၊ ခနိုးခနဲ့လုပ်ပြီး ‘ကြီး’ တပ်ခေါ်တာမျိုးလည်း ရှိကြပါတယ်။“ကျုပ်ဗျာ အဲဒီလူကြီးကို ဒေါက်တာကြီး၊ ဒေါက်တာကြီးလို့ ခေါ်ပြီး နှုတ်ဆက်ရင် သူ့မှာ မနေတတ်မထိုင်တတ်ကို ဖြစ်နေတာ”“ဘာဖြစ်လို့လဲဗျ”“သူက ဆရာဝန်လည်း မဟုတ်ဘူး။ နောက်ပြီး ပါရဂူဘွဲ့ ရထားတာလည်း မဟုတ်ဘူးလေ။ ဆယ်တန်းတောင် မအောင်တာဗျာ”“ဒါဖြစ်ရင် ခင်ဗျားက ဘာကိစ္စ ဒေါက်တာကြီး ခေါ်ရတာလဲ”    “သူ့ကို ဘာအဖွဲ့အစည်းလဲဗျာ၊ အဲဒီကနေ ဂုဏ်ထူးဆောင် ဒေါက်တာဆိုပြီး ပေးထားတာဆိုပဲ။ ဘယ်လိုဘယ်ပုံ ဘာအတွက်ကြောင့် ရလာတာလဲဆိုတာ သူအသိဆုံးပေါ့ဗျာ။ လိပ်ပြာမလုံလို့ နေမှာပေါ့”“ခင်ဗျားကသာ ပြောနေ။ လိပ်ပြာသန့်သူကကျတော့ သူ့ဘာသာ သန့်သဗျ။ ကျွန်တော့်အစ်ကိုကြီးတစ်ယောက် ပြောပြတဲ့ ခေတ်သစ်ပုံပြင်ထဲမှာ ပါသဗျား။”“လုပ်ပါဦး။ သူ ပြောပြတာလေး။”“ကလေးတို့ရေ။ တစ်ရံရော အခါက ပါမောက္ခချုပ် ရာထူးအတွက် ပါရဂူဘွဲ့ရမှ ခန့်မယ်ဆိုလို့ မဟာဘွဲ့ဒီဂရီတောင် မပေးနိုင်တဲ့ တက္ကသိုလ်မှာ သူများရေးပေးတဲ့ စာတမ်းတစ်စောင်တင်ပြီး ဒေါက်တာဘွဲ့ ရယူခဲ့ပြီး ပါမောက္ခချုပ်ရာထူး ရခဲ့သူ တစ်ယောက်ဟာ ကြွေတဲ့ ဆီးသီးများသာမက ပင်မှည့်ပင်စိမ်း အကင်းပါမကျန် ဆွတ်ခူးခဲ့လေတော့သတဲ့ကွယ်တဲ့”“လုပ်ပြီ။ ခင်ဗျားကတော့။ အကောင်း ပြောနေတာကို ဖောက်ဖောက်လာတယ်”(၆)ဖောက်ပြန်တတ်တဲ့ အထဲမှာ လူ့စိတ်က ထိပ်တန်းမှာပါတယ်။ တစ်ခါတလေမှာ မဟုတ်တမ်း တရားတွေနဲ့ မြှောက်ပင့်ပြောဆို နေတာကို သာယာပြီး သဘောအကျကြီးကျ တတ်ကြတယ်။ ပြောတဲ့သူတချို့က စိတ်ပါလက်ပါနဲ့ အားရပါးရဖားကြတာ။ တွန်းပို့ လောကသား တချို့ကျတော့လည်း အချွန်နဲ့ မ,တာဗျာ”“အိမ်က မိန်းမလုပ်ပုံဗျာ။ ကြည့်စမ်းပါဦး”“ဘာဖြစ်လို့လဲဗျ”“ကျုပ်မွေးနေ့မှာ စာရေးပြီး ရေခဲသေတ္တာမှာ သံလိုက်ပြားနဲ့ ကပ်ထားတယ်လေ”“ဘာများ ရေးထားလို့လဲဗျ”“မိသားစု တာဝန်များကို လိုလေသေးမရှိ ကျေပွန်ခဲ့သော ယောကျ်ားကြီးကို မွေးနေ့တွင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းအပ်ပါသည်ရှင့်။ ယောင်္ကျားကြီး တာဝန်များကို သက်ဆုံးတိုင် ထမ်းဆောင်ပေးပါရန် တောင်းပန်အပ်ပါသည်ရှင့်တဲ့”“ဟား..ဟား ရယ်ရတယ်ဗျား။ ကြည့်ရတာ ခင်ဗျားမိန်းမ ဖေ့စ်ဘွတ်ကနေ အတတ်ကောင်းတွေ တတ်နေတာ ဖြစ်မှာ”ဖြစ်မှဖြစ်ရပလေ။ ယောကျ်ားဆိုပြီး နေတဲ့ဟာကိုဗျာ။ ယောကျ်ားကြီးဆိုတော့ ယောကျ်ားလေးပဲ ရှိနေသလိုလို။ အရပ်စကားနဲ့ ဆိုရရင် လင်ကြီးတွေ၊ လင်ငယ်တွေ ဖြစ်ကုန်ရော့မယ်။ နောက်ပြီးတော့ တာဝန်ဝတ္တရားဆိုတဲ့ ကိစ္စ။ ယောကျ်ား တာဝန်ဝတ္တရား၊ မိန်းမ တာဝန်ဝတ္တရား ဆိုတာပဲ ရှိသဟာကို။ အဆန်းထွင်တာမျိုးဟာ အဆင်မပြေရင် အတော် ကြည့်ရဆိုးသဗျ။(၇)ပြောသာ ပြောရတာပါ။ အကြည့်ရဆိုးတာတွေ ကြည့်လို့ကောင်းနေကြတာ အများကြီးကိုး။ ဖားတတ်သူတွေကို အဝင်အထွက် တော်တယ်တဲ့။ စားတတ်သူတွေကို အရှာအဖွေ တတ်တယ်တဲ့။ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင် စားသူများကျတော့လည်း အထင်ကြီးခံချင်မှ ခံရတတ်တာ။ လူတွေ ဘာကို အထင်ကြီးသလဲ ဆိုတာက အဲဒီလူတွေရဲ့ အဆင့်အတန်းကို ဖော်ပြရုံသာမက အဲဒီခေတ် အခြေအနေနဲ့ အုပ်စိုးသူတွေရဲ့ အနေအထားကိုပါ ထင်ဟပ်ဖော်ပြနေတယ်လို့ ဆိုပါတယ်။ဆက်စပ်စဉ်းစားရင်း လူရည်ချွန် ညီတော်တစ်ယောက်ဖြစ်တဲ့ ဦးကျော်သန်း ရေးတာလေး အမှတ်ရမိတယ်။ သူရေးတင်တာက ‘ကျွန်တော့်ရွာမှာ လမသာ’ တဲ့။(၈)“ကျွန်တော် ငယ်စဉ်က ရွာပြန်ရင် ကျွန်တော့်ဆရာ ပညာရှိများ ဖြစ်တော်မူကြသော ဆရာတော် ဦးဝိစာရ၊ ဦးဝံသာဘိဓဇတို့ထံ လောကဓမ္မရာဇရေးရာ ဆွေးနွေးလေ့ ရှိပါတယ်။ ရန်ကုန်မြို့တောင် မရောက်ဖူးကြတဲ့ တောပျော် ကျွန်တော့်ဆရာများ စာတတ်လိုက်တာ ရူပသိဒ္ဓိပါဠိသဒ္ဒါကျမ်း အလွတ်ရတော်မူကြပါတယ်ဗျာ။ ယခုတော့ ဆရာတော်များ ကွယ်တော်မူခဲ့ကြပြီ။ ရွာပြန်ရင် ကျွန်တော်က မေးစရာမရှိ။ ကျွန်တော့်လည်း ဘယ်သူကမှ မမေး။ သူတို့က ပိုက်ဆံတွေပဲ အထင်ကြီး၊ ပိုက်ဆံပဲ လိုချင်ကြတာပါတဲ့ဗျာ။ ဆရာတော်များ။ လွမ်းလိုက်တာ ဘုရား” တဲ့။အဲဒီ ပညာရှိ ဆရာတော်တွေဆီ ရောက်လို့ ဘာများ ဆုတောင်းပါသလဲလို့ လျှောက်ထားရင် ‘ကြီး’ ဆိုသော စကားလုံး အသုံးအနှုန်းတွင် သာယာသောသူ မဖြစ်ပါရစေသား ဆိုတဲ့ ဆုတောင်းစကားကိုများ ကြားရလေမလား မသိ။(၉)ရွာဆိုတော့ ‘ရွာပြင်ထွက်ပြီး တဲထိုးတော့မည်၊ ဝေးလေကောင်းလေ’ ဆိုပြီး ညည်းချင်းချတဲ့ လူရည်ချွန် နောင်တော်ကြီးကို သတိရတယ်။ သူများ ထုတ်တာခံရမယ့် အတူတူ ကိုယ့်ဘာသာထွက်နေတာ ပိုကောင်းတာပေါ့။ ပြောသာပြောတာပါ။ ရွာပြင်မှာလည်း တစ်ရွာစာလောက်တောင် ရှိနေရော့ထင့်။

Most Read

Most Recent