ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများကို ပြည်ထောင်စုအဆင့် ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ အချိန်နည်းနေခြင်းကြောင့် ကုမ္ပဏီများက ယာဉ်ယန္တရားအရေအတွက် လိမ်လည်တင်ပြမည်ကို ဒေသခံများ စိုးရိမ်ကြောင်း စုံစမ်းသိရှိရသည်။ပြည်ထောင်စုအဆင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဇန်နဝါ ရီ ၁၅ ရက်တွင် ဖားကန့်မြို့သို့ ရောက်ရှိခဲ့ပြီး စစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြား ရေးမှူးတို့ပါဝင်ပြီး ပြည်ထဲရေး ဒုဝန်ကြီးမှာ ဖားကန့်သို့ လိုက်ပါလာခြင်း မရှိသေးကြောင်း သိရသည်။ ယင်း စစ်ဆေးမှုတွင် လိုက်ပါလာသည့် သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ကုမ္ပဏီလုပ်ငန်းရှင်များအား လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်အနည်းငယ်သာ ရရှိသဖြင့် ကုမ္ပဏီများကို စစ်ဆေးရာတွင် ယာဉ်ယန္တရားများ ကို ရပ်နားရန်၊ စာရွက်စာတမ်းများကို ကြိုတင်စုစည်းထားရန်၊ အဝေးရောက်ယာဉ်များ ပြန်ခေါ်ထားရန်၊ ယာဉ်ယန္တရားများကို စစ်ဆေးမည့် ကုမ္ပဏီများတွင်သာ စုစည်းထားရန် စသည့်စစ်ဆေးသည့် ပုံစံများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ကုမ္ပဏီလုပ်ငန်းရှင်များအား “ယာဉ်ယန္တရားတွေရဲ့ အရေအတွက်ဟာ များပြားပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ ကောက်ခံနိုင်ဖို့အတွက် စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ ရက်မှာတော့ လုပ်ငန်းတွေကို လုံးဝရပ်နားထားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ယန္တရားတွေဟာ ကျွန်တော်တို့ စစ်ဆေးတဲ့ရက်မှာ ဟိုထွက်သွားတယ် ဒီထွက်သွားတယ်။ ဒါမှမဟုတ် လုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ဟာ အချိန်နဲ့အတူ လုပ်ငန်းဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် လုပ်ငန်းစဉ်မှာ နှောင့်နှေးတာတွေ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။ စစ်ဆေးရေးအဖွဲ့သည် ဖားကန့်ဒေသယန္တရားများကို ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ စစ်ဆေးမည်ဖြစ်ပြီး ဖားကန့်ဒေသတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခု၊ အကျိုးတူ ကုမ္ပဏီ ၂၃၁ ခု ရက်ဆက် စစ်ဆေးမည်ဖြစ်ကြောင်း၊ စစ်ဆေးမည့် ကုမ္ပဏီများကို ရက်အလိုက်စဉ်ထားကြောင်း သိရသည်။ယာဉ်ယန္တရားများကို အုပ်စုအလိုက်ခွဲပြီး ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ ဇန်နဝါရီ ၂၃ ရက်အထိ ကုမ္ပဏီများတွင် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်ယန္တရားများ စစ်ဆေးရာတွင် ကုမ္ပဏီများအနေဖြင့် သွင်းကုန်ကြေ ညာလွှာ (ID)၊ သွင်းကုန်လိုင်စင် (IL)၊ Motor Vehicle Statement၊ ယာဉ်ယန္တရားများ စစ်ဆေးချက်မှတ်တမ်းများ (Note Down) စသည့် စာရွက်စာတမ်းများ ပြင်ဆင်ထားရမည်ဖြစ်ကြောင်း သိရသည်။ဖားကန့်ဒေသခံ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က “ဒီနေ့စစ်ဆေးနေစဉ်မှာ ကားတွေကို ဝှက်ထားတာ ကျွန်တော်တို့ ကိုယ်တွေ့ပါဗျ။ ၃၉ စီးတွေ့ထားတယ်။ မြေစာပုံအကွက်က အလွယ်တကူမမြင်နိုင်တဲ့ နေရာမှာပါ။ တာမခံဘက်က ဖားကန့်နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ ရေပြင်စခန်းအနီးမှာ အစီးတစ်ရာဝန်းကျင်လောက် သွားဝှက်ထားတယ်လို့ သတင်းရရှိထားတယ်။ အခုစစ်ဆေးတဲ့ အဖွဲ့တွေထဲမှာ အရပ်သားအဖွဲ့တွေ တစ်ဦးတစ်ယောက်မှ မပါဘူး။ ဒေသခံမပါရင် ကုမ္ပဏီက အဖွဲ့အစည်းကို လိမ်မလား။ နှစ်ဖွဲ့ပေါင်းပြီး ပြည်သူကို လိမ်မလားဆိုတာပဲ ရှိတယ်။ကုမ္ပဏီတွေက လုပ်ကွက်တွေ အများကြီးရှိနေတာ။ ဟိုလုပ်ကွက်နဲ့ ဒီဘက်လုပ်ကွက်ရွှေ့လို့ရတယ်။ နည်းမျိုးစုံအောင်လိမ်လို့ရအောင် ရနေတာပဲ။ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေမပါဘဲ ဘယ်လိုမှ အမှန်မပေါ်ဘူး။ ဒီရောက်နေတဲ့ ယန္တရားတွေကို မှတ်ပုံတင်မယ်။ စာရင်းထဲ မပါရင် သိမ်းယူပြီး ဘယ်လိုအပြစ်ပေးမယ် ဆိုတာမပါဘူး။ စကတည်းက ကုမ္ပဏီကို အခွင့်အရေးပေးသလို ဖြစ်နေတယ်။ ကျွန်တော်တို့အဖွဲ့တွေကတော့ နေရာစုံမှာရှိတဲ့ လူတွေကို ယန္တရားတွေနဲ့ ပတ်သက်ပြီး ချက်ချင်းအကြောင်းကြားဖို့ ပြောထားတယ်”ဟု ပြောကြားသည်။အခြားသောဖားကန့် ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်းများနှင့် နီးစပ်သူများက ယာဉ်ယန္တရား ၃၀၀ နီးပါးရှိသည့် ကုမ္ပဏီမှာ ယာဉ်အစီးရေ တစ်ရာမပြည့်ဘဲ တင်ပြမှုများရှိနေကြောင်း၊ အကျိုးတူကုမ္ပဏီများမှာ ပုဂ္ဂလိက ကုမ္ပဏီများပိုင်ဆိုင်နေခြင်း၊ ကုမ္ပဏီများမှာ လုပ်ကွက်များစွာ ပြန့်ကြဲနေခြင်းတို့ကြောင့် ယာဉ်ယန္တရားကိစ္စမှာ သာမာန်စစ်ဆေးမှုဖြင့် မရနိုင်ကြောင်း၊ ကုမ္ပဏီများကို စစ်ဆေးနေစဉ် အတွင်းယာဉ်ယန္တရားများကို ကုမ္ပဏီအတွင်းမှ တိမ်းရှောင်မှုများ ရှိနေသည်မှာ သေချာကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ ပါဝင်ခြင်းမရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိသမျှ စာရင်းအလိမ်များနှင့် ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်း ပြောကြားကြသည်။ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဦးလောခန်က “ဒီနေ့တောက်ပကြယ် ကုမ္ပဏီကိုစစ်တော့ ကုမ္ပဏီကားတွေ မြေစာပုံမှာ ၃၉ စီးသွားဝှက်ထားတာ တွေ့တယ်။ သာမာန်ကြည့်ရင် မမြင်ရဘူး။ ကုမ္ပဏီမှာသာ စစ်တာ အပြင်ကို ထွက်မစစ်ကြဘူး။ တရုတ်နိုင်ငံက ဝင်လာတဲ့ မြေသယ်ကား အမျိုးအစားတွေပါ။ ဒေသခံ ရပ်မိရပ်ဖတွေမပါရင်၊ လုံလောက်တဲ့ အချိန်မရဘဲ ဒီလောက်များတဲ့ ယန္တရားတွေရဲ့ အရေအတွက်ကို ဘယ်လိုမှ မမှန်နိုင်ဘူး”ဟု ပြောကြားသည်။ဖားကန့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့် စစ်ဆေးမှုမှာ ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်ထွန်း ဦးဆောင်သောအဖွဲ့က ကချင်ပြည်နယ်ကန်ပိုင်တည် နယ်စပ်ဂိတ်ကို သွားရောက် စစ်ဆေးခဲ့သည်။ဒုတိယအကြိမ်အဖြစ် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ စုမီးရထား ဒုဝန်ကြီးဦးချန်မောင်၊ ပြည်ထောင်စုဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးဝင်းရှိန်တို့က စသုံးလုံးအရာရှိများနှင့်အတူ ဒီဇင်ဘာ ၂၈ ရက် မှ စတင်ကာ လာရောက်စစ် ဆေးနေခြင်းဖြစ်ပြီး ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းများတွင် အသုံးပြုနေသော ယာဉ်ယန္တရားများ မှတ်ပုံတင်မရှိမှု၊ အခွန်ကိစ္စရပ်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်စိမ်းနှင့် ပတ်သက်သည့် အချက်အလက်ဆိုင်ရာများကို စစ်ဆေးခဲ့သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာ မြေတွင်တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခု ကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့်၊ ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့်ပြုထားကြောင်း ပြည်ထောင်စုအစိုးရက ဖြေကြားထားသည်။
ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများအား ပြည်ထောင်စုအဆင့် ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီများက ယာဉ်ယန္တရားအရေအတွက် လိမ်လည်တင်ပြမည်ကို ဒေသခံများစိုးရိမ်















