အရှက်ရစေခြင်းအတွက် ပေးဆပ်ရမှုများ

အရှက်ရစေခြင်းအတွက် ပေးဆပ်ရမှုများ
Published 17 January 2016
ကျွန်း

မော်နီကာလူဝင်းစကီးလို့ ပြောလိုက်ရင် ကျွန်မတို့ မျိုးဆက်နဲ့ ရှေ့ပိုင်းမျိုးဆက်ထဲမှာ ကောင်းစွာ မှတ်မိကြသူတွေ ရှိမယ် ထင်ပါတယ်။ သူက အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ဖြစ်ခဲ့တဲ့ ဘီလ်ကလင်တန်နဲ့ လူမှုရေးကိစ္စ ရှုပ်ထွေးခဲ့ဖူးတဲ့အတွက် နာမည်ကြီးခဲ့တာပါ။ သူ့ကို နှစ်ပေါင်းများစွာ မေ့လျော့နေရာက သူ TED မှာ စကားပြောမယ်ဆိုတဲ့ သတင်းကို ရခဲ့ပါတယ်။ “အံမယ်၊ သူကများ၊ ဘာတွေ ပြောမှာလဲ” လို့ သရော်တော်တော် တွေးရင်း တစ်ဖက်ကလည်း သိချင်စိတ် ဖြစ်မိပါတယ်။ TED အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ သူ့ဟောပြောချက်ကို နားထောင်အပြီးမှာ ကျွန်မ သူ့အပေါ် တွေးခဲ့မိတာတွေအတွက် အလွန်အမင်း စိတ်မကောင်း ဖြစ်သွားခဲ့ပါတယ်။နာလန်မထူနိုင်အောင် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကဲ့ရဲ့ခြင်းကို ခံခဲ့ရသူတစ်ဦး လူကြားထဲ ပြန်ထွက်လာခဲ့ခြင်းပါ။ တစ်နည်းအားဖြင့် ဆိုးရွားစွာ လဲကျခဲ့ရာက ကောင်းမွန်စွာ ပြန်ထလာနိုင်ခြင်းလို့ ဆိုနိုင်ပါတယ်။ မှားခဲ့ကြတာချင်း အတူတူ သမ္မတဟောင်း ဘီလ်ကလင်တန်က ထိခိုက်နစ်နာမှု များများစားစား မခံစားခဲ့ရတာကိုလည်း ကျွန်မတို့ မေ့နေခဲ့ကြပါတယ်။ အမျိုးသား တစ်ဦးဖြစ်တဲ့ ဘီလ်ကလင်တန်ကို လူတွေ ခွင့်လွှတ်ခဲ့ကြပေမယ့် အမျိုးသမီးတစ်ဦး ဖြစ်နေတဲ့ သူ့ကိုတော့ လူတွေက ခွင့်မလွှတ်ခဲ့ကြပါဘူး။ သူ့ဟောပြောချက်ကို ဖေ့စ်ဘွတ်တင်တဲ့ အချိန်မှာတောင် ဟောပြောချက်ကို အစအဆုံး မကြည့်၊ နားမထောင်ဘဲ အပျက်သဘောဆောင်တဲ့ ကောက်ချက်များစွာကို လာရောက် ရေးသားသူ အများအပြား ရှိနေဆဲပါ။ သူ့ရဲ့ TED ဆွေးနွေးပွဲမှ ဟောပြောချက်ကို ဖြတ်တောက်ပြီး ဆီလျော်အောင် ပြန်ဆို မျှဝေပေးလိုက်ပါတယ်။သင်တို့က ဆယ်စုနှစ် တစ်ခုစာ လူသိရှင်ကြား နှုတ်ဆိတ်စေခြင်း ခံခဲ့ရတဲ့ အမျိုးသမီး တစ်ဦးကို မြင်နေကြရတာပါ။ ပြီးခဲ့တဲ့လ အတန်ကြာက အသက် ၃၀ အောက် လူ ၁၅၀၀ ပါဝင်တဲ့ Forbes ရဲ့ ညီလာခံမှာ ကျွန်မရဲ့ ပထမဆုံး ဟောပြောချက်ကို ပြောကြားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ သူတို့ အသက်က ရှိလှ ၁၄ နှစ်ပါ။ အငယ်ဆုံးက လေးနှစ်လောက်သာ ရှိပါဦးမယ်။ သူတို့ ကျွန်မကို ရက်ပ်သီချင်းတွေထဲမှာ ကြားဖူးလိမ့်မယ်လို့ ကျွန်မက ဟာသနှောပြီး ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မ အမည်က ရက်ပ်သီချင်း အပုဒ် ၄၀ နီးပါးမှာ ပါဝင်ခဲ့ပါတယ်။ ကျွန်မ သူတို့ကို စကားပြောတဲ့နေ့မှာ အံ့သြစရာ ဖြစ်ရပ်တစ်ခု ကြုံခဲ့ပါတယ်။ အဲဒါက ၄၁ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မကို ၂၇ နှစ်အရွယ် အမျိုးသားလေးက ချဉ်းကပ်လာခဲ့တာပါ။ သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ စကားလေးကတော့ “ကျွန်မကို ၂၂ နှစ်လို့ ခံစားရအောင် သူ ဆောင်ရွက်ပေးနိုင်တယ်” တဲ့။အသက် ၄၀ အထက်မှာ ရှိတဲ့သူတွေထဲမှာ ၂၂ နှစ် ပြန်မဖြစ်ချင်တဲ့သူက ကျွန်မ တစ်ယောက်တည်း ရှိမယ်လို့ ထင်ပါတယ်။ အသက် ၂၂ နှစ်မှာ ကျွန်မက ကျွန်မအထက် လူကြီးနဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ ၂၄ နှစ်အရွယ် မှာတော့ အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စတင်ခံစားခဲ့ရပါတယ်။ သင်တို့တစ်တွေလည်း အသက် ၂၂ နှစ်အရွယ်မှာ အမှားတွေ လုပ်ခဲ့မိပြီး မှားယွင်းတဲ့ လူနဲ့ ချစ်ကြိုက်ခဲ့မိတာမျိုးတွေ ဖြစ်ကောင်းဖြစ်ခဲ့ကြပါမယ်။ အထက်လူကြီးနဲ့တောင်မှ ချစ်ကြိုက်ချင် ချစ်ကြိုက်ခဲ့မိပါမယ်။ ကျွန်မနဲ့ မတူတာက ကျွန်မရဲ့ အထက်အရာရှိက အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်နေခဲ့တာပါပဲ။ ဘဝက ထင်မှတ်မထားတာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီအမှားအတွက် ကျွန်မ လေးလေးနက်နက် နောင်တရပါတယ်။ ကျွန်မရဲ့ အမှားကို သတိမရဘဲ ဖြတ်သန်းခဲ့ရတဲ့ နေ့ရယ်လို့ တစ်နေ့မှ မရှိခဲ့ပါဘူး။၁၉၉၈ ခုနှစ်မှာ ကျွန်မက မသင့်တော်တဲ့ အချစ်ဇာတ်လမ်းမှာ နစ်မျောနေခဲ့ရာက တစ်ခါမှာ မကြုံခဲ့ဖူး၊ မမြင်ခဲ့ဖူးတဲ့ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ မီဒီယာဆိုင်ရာ ဝဲဂယက်ကြီးရဲ့ ဗဟိုချက်ကို ရောက်သွားခဲ့ရပါတယ်။ အဲဒီ မတိုင်ခင် နှစ်အနည်းငယ်က သတင်းတွေကို ကျွန်မတို့ နေရာ သုံးမျိုးကပဲ ရရှိခဲ့ကြတာပါ။ အဲဒါတွေက သတင်းစာ၊ မဂ္ဂဇင်းဖတ်ခြင်း၊ ရေဒီယို နားထောင်ခြင်းနဲ့ တီဗွီကြည့်ခြင်းအားဖြင့်ပါ။ ဒါပေမဲ့ ကျွန်မလက်ထက်မှာ ဒစ်ဂျစ်တယ် ခေတ်ပြောင်းတော်လှန်ရေးက သတင်းတွေကို လူအများထံ သယ်ဆောင်ပေးခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလမှာ ကျွန်မတို့ရဲ့သတင်း စတင်ပေါက်ကြားခဲ့ပြီး အဲဒါက အင်တာနက်ပေါ်ကို ရောက်သွားခဲ့ပါတယ်။ အင်တာနက်ပေါ်က သတင်းက သမားရိုးကျ မီဒီယာတွေက သတင်းတွေကို ပထမဆုံးအကြိမ်အဖြစ် ဖြတ်ကျော်သွားခဲ့တာပါ။အကျိုးဆက်က ကျွန်မဟာ သာမန်လူတစ်ဦး အဖြစ်ကနေ တစ်ကမ္ဘာလုံးက လူသိရှင်ကြား ဝိုင်းဝန်းကဲ့ရဲ့ ရှုတ်ချခြင်း ခံရသူတစ်ဦး ဖြစ်သွားခဲ့ပါတယ်။ ကျွန်မက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသူတွေရဲ့ လူနာနံပါတ် သုည ဖြစ်ခဲ့ရပါတယ်။ နည်းပညာရဲ့ ပံ့ပိုးမှုနဲ့ လူတစ်ယောက်အပေါ်မှာ အလောတကြီး ဝိုင်းဝန်းဆုံးဖြတ်ကြခြင်းကနေ လူအုပ်ကြီးက အွန်လိုင်းပေါ်မှာ ကျောက်တုံးကျောက်ခဲတွေနဲ့ ဝိုင်းပေါက်ကြသလို အခြေအနေမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီအချိန်က ဆိုရှယ်မီဒီယာတွေ မရှိသေးပါဘူး။ ဒါပေမဲ့ အင်တာနက်ပေါ်မှာ မှတ်ချက်တွေ ရေးလို့ရတယ်၊ ဇာတ်လမ်းတွေကို အီးမေးလ်ပို့လို့ရတယ်။ ရက်စက်တဲ့ ဟာသတွေ အဖြစ်နဲ့လည်း အီးမေးလ်ပို့လို့ ရကြပါတယ်။ သတင်းဖြန့်ဝေရာ နေရာတွေကလည်း ကျွန်မ ဓာတ်ပုံတွေကို နေရာတိုင်းမှာ ထည့်သွင်းပြီး အရောင်းတက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ကျွန်မ အမှားလုပ်ခဲ့တယ်လို့ ဝန်ခံပါတယ်။ ဒါပေမဲ့ ရခဲ့တဲ့ အာရုံစူးစိုက်မှုနဲ့ ဆုံးဖြတ်ချက် ချခံရမှုတွေက တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အနေအထားမျိုးပါ။ ကျွန်မ ကပ်ခံခဲ့ရတဲ့ တံဆိပ်တွေက လူတကာနဲ့ ဖြစ်တဲ့မိန်းမ၊ အပျက်မ၊ အရပ်ပျက်မ၊ မကောင်းတဲ့မိန်းမ စသဖြင့်ပါ။ ကျွန်မကို လူတွေအများကြီးက မြင်တွေ့ကြပေမယ့် ကျွန်မကို တကယ်သိသူက နည်းနည်းကလေးပါ။ အမျိုးသမီး တစ်ယောက်မှာ အခြားဘက်တွေ ရှိသေးတယ်။ သူ့မှာ ဝိညာဉ်တစ်ခု ရှိတယ်။ တစ်ချိန်က ထိခိုက်ပျက်စီးခြင်း မရှိသေးတဲ့ ဝိညာဉ်တစ်ခု ရှိခဲ့ဖူးတယ် ဆိုတာကို မေ့ပစ်လိုက်ဖို့ အလွန်ကို လွယ်ကူပါတယ်။လွန်ခဲ့တဲ့ ၁၇ နှစ် ကျွန်မ အဲဒီလို ကြုံခဲ့စဉ်က အဲဒီဖြစ်ရပ်အတွက် အမည်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ အမည်ရှိခဲ့ပါပြီ။ အဲဒါကို ဆိုက်ဘာကြီးနိုင်ငယ်ညှဉ်း ပြုလုပ်မှု (Cyber Bullying) နဲ့ အင်တာနက်ပေါ်မှာ အနှောင့်အယှက်ပေးမှု (Online Harassment) လို့ ခေါ်ပါတယ်။ကျွန်မ သူငယ်ချင်းလို့ ယူဆရသူ တစ်ယောက်ကို တစ်နှစ်အကြာက ဖုန်းနဲ့ စကားပြောထားတာကို ခိုးယူ အသံသွင်းထားတဲ့ တိပ်ခွေကို စက်တင်ဘာ ၁၉၉၈ ခုနှစ်မှာ နားထောင်ခဲ့ရပါတယ်။ အဲဒါကို အတည်ပြုပေးဖို့ တရားဥပဒေအရ လိုအပ်ချက်အဖြစ်နဲ့ နားထောင်ခဲ့ရတာပါ။ ရက်အနည်းအကြာမှာ ဥပဒေပြု လွှတ်တော်ကို အစီရင်ခံစာ တက်သွားပြီး သီတင်းပတ် အနည်းငယ်မှာ တိပ်ခွေကို တီဗွီကနေ လွှင့်ခြင်း ခံခဲ့ရပါတယ်။ သိသာထင်ရှားတဲ့ အပိုင်းကို အင်တာနက်ပေါ်မှာ တင်ပေးထားပါတယ်။ လူသိရှင်ကြား အရှက်ခွဲခံရမှုက ပြင်းထန်လွန်းလှပါတယ်။ အဲဒီအချိန်မှာ ဘဝက မခံစားနိုင်အောင်ဆိုတဲ့ အနေအထားမျိုးပါ။ ၁၉၉၈ ခုနှစ်မှာ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်မျိုးတွေ မဟုတ်ပါဘူး။အခုအချိန်မှာ ဆိုရှယ်မီဒီယာ မွေးဖွားလာခဲ့ပြီမို့ အဲဒီလို ဖြစ်ရပ်တွေ ပိုမို များပြားလာပါတယ်။ လူတစ်ယောက် အမှားလုပ်ခဲ့တာ၊ မလုပ်ခဲ့တာနဲ့တောင်မှ မဆိုင်တော့ပါဘူး။ ၂၀၁၀ ခုနှစ် စက်တင်ဘာမှာ ကျွန်မ အမေနဲ့ ဖုန်းပြောရင်း Rutgers တက္ကသိုလ်က တိုင်လာကလီမန်တီဆိုတဲ့ ကျောင်းသားရဲ့ သတင်းကို ပြောဖြစ်ခဲ့ကြပါတယ်။ သူ အခြားအမျိုးသား တစ်ယောက်နဲ့ နီးနီးကပ်ကပ် ရှိနေတဲ့ ကာလကို သူ့အခန်းဖော်က ဝက်ဘ် (Web) ကင်မရာနဲ့ တိတ်တဆိတ် ရိုက်ယူခဲ့တာပါ။ အွန်လိုင်းကမ္ဘာက အဲဒီအကြောင်းကို သိသွားတဲ့ အချိန်မှာ ဆိုက်ဘာကြီးနိုင်ငယ်ညှဉ်း ပြုလုပ်မှုတွေ၊ လှောင်ပြောင်သရော်မှုတွေ ဖြစ်လာပါတယ်။ ရက်အနည်းငယ် အကြာမှာ တိုင်လာက ဂျော့ဝါရှင်တန် တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။ သူက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ကျွန်မ အမေက တိုင်လာနဲ့ သူ့မိသားစု ကြုံတွေ့ခံစားရတဲ့ အဖြစ်ကို သာမန်ထက် ပိုပြီး ခံစားနေတာ ကျွန်မ သတိပြုမိပါတယ်။ နောက်တော့မှ သူက အဲဒီအဖြစ်အပျက်ကနေ ကျွန်မတို့ ၁၉၉၈ ခုနှစ်မှာ ကြုံခဲ့ရတာတွေကို သတိရပြီး အဟောင်းတွေ အသစ်ပြန်ဖြစ်နေမှန်း သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ အမေက ကျွန်မ ခုတင်ဘေးမှာ ညတိုင်း ထိုင်နေခဲ့ပါတယ်။ ကျွန်မ ရေချိုးရင်တောင် တံခါးပိတ် မချိုးဖို့ တားမြစ်ခဲ့ပါတယ်။ လူအများက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားစေတဲ့အထိ အရှက်ခွဲကြမှာကို ကျွန်မ မိဘနှစ်ပါးစလုံးက ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြတဲ့ အချိန်ပါ။ဒီနေ့ ဒီအချိန်မှာ မိဘများစွာက သူတို့ ချစ်တဲ့ ကလေးတွေကို ဝင်ရောက်ကယ်ဆယ်ခွင့် မရခဲ့ကြပါဘူး။ အများစုက သူတို့ ကလေးတွေရဲ့ ခံစားရမှုတွေ၊ အရှက်ခွဲခံရမှုတွေကို အချိန်လွန်ပြီးမှ သိခွင့်ရကြတာပါ။ တိုင်လာရဲ့ သေဆုံးမှုက ကျွန်မကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်မ တွေ့ကြုံခံစားခဲ့ရတာတွေကို ပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ဖြစ်လာပြီး ကျွန်မ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရှက်ခွဲ၊ ကြီးနိုင်ငယ်ညှဉ်း လုပ်နေကြတဲ့ ကမ္ဘာကို မြင်ပုံမြင်နည်း ပြောင်းသွားပါတယ်။၁၉၉၈ ခုနှစ်မှာ အင်တာနက်လို့ ခေါ်တဲ့ နည်းပညာသစ်က ကျွန်မတို့ကို ဘယ်ကို ခေါ်ဆောင်သွားမယ်ဆိုတာ ကြိုမသိခဲ့ကြပါဘူး။ အဲဒီနောက်ပိုင်းမှာ အဲဒါက လူတွေကို စိတ်တောင် မကူးခဲ့ဖူးတဲ့ နည်းတွေနဲ့ ဆက်သွယ်မှု ရစေပါတယ်။ ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေကို ပြန်လည် ဆက်သွယ်ပေးပါတယ်။ အသက်တွေကို ကယ်ပေးပါတယ်။ တော်လှန်ရေးတွေကိုလည်း စတင်စေခဲ့ပါတယ်။ ဒါပေမဲ့ ဆိုက်ဘာကြီးနိုင်ငယ်ညှဉ်း ပြုလုပ်မှု၊ အရှက်ခွဲမှု စတဲ့ အမှောင်ဘက်ခြမ်းက ကိစ္စတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ငယ်ရွယ်သူတွေမှာ အဲဒီဖြစ်ရပ်တွေကို ရင်ဆိုင်နိုင်ဖို့ လက်နက်တွေ တပ်ဆင်ထားပေးခြင်း မခံကြရပါဘူး။ အလွန်အမင်း မတရားပြု၊ အရှက်ခွဲခံရတဲ့အတွက် သူတို့ဟာ တစ်ရက်ကလေး ဆက်ပြီး အသက်ရှင်ဖို့တောင် စိတ်မကူးနိုင်ကြတော့တဲ့ အနေအထားမျိုးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဗြိတိန်နိုင်ငံက လူငယ်တွေကို ကူညီနေတဲ့၊ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း Child Line က ၂၀၁၂ ကနေ ၂၀၁၃ အတွင်းမှာ ဆိုက်ဘာကြီးနိုင်ငယ်ညှဉ်း ကိစ္စရပ်တွေအတွက် ဖုန်းခေါ်၊ အီးမေးလ်ပို့ပြီး အကူအညီ တောင်းခံတာ ၈၇ ရာခိုင်နှုန်း ပိုတိုးလာတယ်လို့ ဆိုခဲ့ပါတယ်။ နယ်သာလန်နိုင်ငံက လေ့လာမှုတွေကို ပြန်စုစည်း သုံးသပ်တဲ့အခါ ဆိုက်ဘာကြီးနိုင်ငယ်ညှဉ်း ပြုမှုတွေက၊ ပြင်ပမှာ ကြီးနိုင်ငယ်ညှဉ်းပြုမှုတွေထက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ပိုစဉ်းစားဖြစ်စေကြောင်း တွေ့ရပါတယ်။လူတစ်ဖက်သားကို ရက်စက်တယ် ဆိုတာက ဖြစ်ရပ်အသစ် မဟုတ်ပါဘူး။ သို့ပေမဲ့ အွန်လိုင်းမှာ အရှက်ခွဲမှုက အထိန်းအကွပ်မရှိ ကြီးမားကျယ်ပြန့်သွားပြီ၊ အချိန်မရွေး လူတိုင်း တွေ့မြင်နေနိုင်တဲ့အရာ ဖြစ်သွားပါတယ်။ အရှက်ရမှုတွေကလည်း ကာယကံရှင်ရဲ့ မိသားစု၊ ရပ်ရွာ၊ ကျောင်း၊ လူမှုဝန်းကျင်တွေ အထိကို ရိုက်ခတ်ပါတယ်။ လူသန်းပေါင်းများစွာက အမည်မဖော်ဘဲ သင့်ကို သူတို့ရဲ့ စကားလုံးဓားတွေနဲ့ ထိုးနှက်နိုင်စွမ်း ရှိကြပါတယ်။လူသိရှင်ကြား အရှက်ခွဲခြင်းနဲ့ ပတ်သက်လို့ ဈေးကွက်တစ်ခုလည်း ပေါ်ထွက်လာပါတယ်။ ငွေဘယ်လိုရှာသလဲ။ ကလစ်တစ်ချက် ခေါက်ခြင်းအားဖြင့်ပါ။ ပိုအရှက်ကွဲလေ ကလစ်တွေ ပိုခေါက်ကြလေပါပဲ။ ကလစ်ခေါက်တာ ပိုများတဲ့ စာမျက်နှာမှာ ကြော်ငြာအတွက် ဒေါ်လာငွေ ပိုများများ ရပါတယ်။ ကျွန်မတို့က အန္တရာယ်စက်ဝန်းထဲ ရောက်နေကြပါတယ်။ အဲဒီသတင်းတွေကို ပိုကြည့်လေ၊ အရှက်ခွဲခံရတဲ့ လူတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ဘဝတွေကို ပိုပြီး မခံစားမိ၊ မမြင်မိကြတော့လေပါပဲ။ တစ်စုံတစ်ယောက်ရဲ့ ထိခိုက်ခံစားရမှု အပေါ်မှာ တစ်စုံတစ်ယောက်က ဝင်ငွေရှာနေတာပါ။ ကလစ်တစ်ချက် ခေါက်တိုင်းမှာ ကျွန်မတို့က ရွေးချယ်မှု တစ်ခုကို ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။အပြုအမူ ပြောင်းလဲခြင်းက ယုံကြည်မှုအသစ် ဖြစ်ပေါ်ခြင်းနဲ့ စတင်ပါတယ်။ လူသိရှင်ကြား အရှက်ခွဲမှုတွေကို ရပ်တန့်ကြဖို့ အချိန်တန်ပါပြီ။ သုတေသီ ဘရန်နီဘရောင်းက ‘စာနာမှုထဲမှာ ရှက်ခြင်းက အသက်မရှင်နိုင်ဘူး’ လို့ ဆိုခဲ့ဖူးပါတယ်။ ကျွန်မရဲ့ အမှောင်ဆုံး ကာလတွေမှာ ကျွန်မ မိသားစု၊ သူငယ်ချင်းတွေ၊ ပညာရှင်တွေထံက၊ တစ်ခါတစ်ရံမှာ သူစိမ်းတွေထံက ရရှိတဲ့ စာနာမှု၊ ကိုယ်ချင်းစာမှုတွေက ကျွန်မကို ကယ်တင်ခဲ့တာပါ။ လူတစ်ယောက်ထဲထံက ရရှိတဲ့ စာနာမှုကလေးကတောင်မှ ကွာခြားမှုတွေကို ဖြစ်စေနိုင်ပါတယ်။ လူမှုရေး စိတ်ပညာရှင် Serge Moscovic တွေ့ရှိခဲ့သလိုပါပဲ။ လူအနည်းငယ်က တစ်သမတ်တည်း ဆောင်ရွက်နေကြရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ တိုင်လာကလီမန်တီ ဖောင်ဒေးရှင်း၊ ဗြိတိန်နိုင်ငံမှာ ကြီးနိုင်ငယ်ညှင်းပြုမှု တားဆီးကာကွယ်သူများ (Anti Bullying Pro)၊ သြစတြေးလျမှာ ရော့ကစ်စီမံချက် (Project Rockit) လို အဖွဲ့မျိုးတွေက အဲဒါကို ဦးတည်ဆောင်ရွက်နေကြပါတယ်။ အဲဒီ အဖွဲ့တွေကို ပံ့ပိုးကူညီခြင်းအားဖြင့် အရှက်ခွဲတဲ့ ယဉ်ကျေးမှုတွေကို ဝိုင်းဝန်းတိုက်ဖျက်နိုင်ကြပါတယ်။ကျွန်မတို့က လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်တွေနဲ့ ပတ်သက်လို့ အများကြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်မတို့မှာရှိတဲ့ တာဝန်တွေ အကြောင်းကို ပိုမိုပြောဆိုကြဖို့ လိုအပ်နေပါတယ်။ အွန်လိုင်းမှာ အခြားသူတွေအပေါ် စာနာမှု၊ ကိုယ်ချင်းစာမှုတွေ ပြသခြင်းက အားလုံးအတွက် ပိုမိုလုံခြုံ ကောင်းမွန်တဲ့ ကမ္ဘာကို တည်ဆောက်ဖို့ အကူအညီ ပေးနိုင်ပါတယ်။ ကလစ်ခေါက်တဲ့ အခါတိုင်းမှာ ကိုယ်ချင်းစာတရားနဲ့ ခေါက်ကြပါ။လူသိရှင်ကြား အရှက်ခွဲခြင်း ခံနေကြရတဲ့သူတွေ အနေနဲ့လည်း တစ်ခု သိထားသင့်ပါတယ်။ အဲဒါက သင်တို့ အသက်ရှင်နိုင်ပါတယ်။ အဲဒါက ခက်ခဲတယ်ဆိုတာ ကျွန်မ သိပါတယ်။ အဲဒါက နာကျင်မှု မကင်းမဲ့ဘူး၊ မြန်ဆန်၊ သက်သာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ကွဲပြားခြားနားအောင် သင်ကြိုးစားလို့ ရပါတယ်။ မိမိကိုယ်မိမိ စာနာမှု ရှိပါ။ ကျွန်မတို့ အားလုံး ကိုယ်ချင်းစာမှုတွေကို အင်တာနက်ပေါ်မှာရော၊ ပြင်ပကမ္ဘာမှာပါ ရသင့်ရထိုက်ပါတယ်။ နားထောင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။(Reference: This is what happened when we posted Monica Lewinsky's TED talk by Nadia Goodman, The Price of Shame TED talk by Monica Lewinsky)

Most Read

Most Recent