၇-၁-၂၀၁၆ ရက်က ပြင်သစ်နိုင်ငံ ပါရီတွင် Charlie Hebdo မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် ကျင်းပခဲ့ပါသည်။ ဇန်နဝါရီ ၅ ရက်ကလည်း သမ္မတ ‘ဖရန်ဆွာအော်လွန်ဒ်’ က သေဆုံးသွားခဲ့သူများကို ဂုဏ်ပြုသည့် အနေဖြင့် Charlie Hebdo ရုံးခန်းဟောင်း၌ အထိမ်းအမှတ် ကျောက်ပြား စိုက်ထူပေးခဲ့သည်။ သတင်းစာတိုက်အား အစွန်းရောက် ဂျီဟတ်ဝါဒီများ ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၁၂ ဦး သေဆုံးခဲ့သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။Charlie Hebdo သည် သရော်ကာတွန်းများ ဖော်ပြသော နာမည်ကြီး မဂ္ဂဇင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းတိုက်မှ ‘ကာဘူး၊ ဝိုလင်စကီးနှင့် ချာဘ်’ ဟု နာမည်များဖြင့် လူသိများသော ကာတွန်းဆရာ သုံးဦးလည်း အသတ်ခံခဲ့ရသည့်အထဲ ပါဝင်သွားခဲ့သည်။Charlie Hebdo မဂ္ဂဇင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အထူးထုတ် ပီပီ မျက်နှာဖုံးတွင် အကြမ်းဖက်ကို သရော်ထားသည့် ကာတွန်းဖြင့် သရုပ်ဖော်ထားသည်ကို တွေ့ရသည်။ လူသတ်လက်နက် စက်သေနတ် လွယ်ထားသည့် ပုဂ္ဂိုလ်ကြီးက သွေးများပေကျံလျက် ထွက်ပြေးနေပုံပဲ ဖြစ်ပါသည်။ အကြမ်းဖက် ခံရသော အပြစ်မဲ့ ပြည်သူကော အကြမ်းဖက်သူတွေရော ဘယ်သူမှ အေးအေးဆေးဆေး မနေရ။ လုံခြုံမှု မပေးနိုင်သော ကာတွန်းပုံ ဖြစ်သည်။ ထို့ပြင် အသတ်ခံရသော ကာတွန်းဆရာများအတွက် ရေးထားသော တစ်နှစ်ပြည့် အထိမ်းအမှတ် ကာတွန်းပုံကိုလည်း တွေ့ရသည်။ ‘အီဖယ်’ မျှော်စင် နောက်ခံလျက် လေယာဉ်ပျံ တစ်စင်းသည် စာတမ်းရှည် တစ်ခုကို ဆွဲလျက် ပျံသန်းနေပုံဖြစ်သည်။ စာတမ်းမှာ JE SUIS CHARLIE 1-7-2015 ဟု ဖြစ်သည်။ မြေပြင်မှာတော့ ခဲတံတစ်ချာင်း ထက်ပိုင်းကျိုးနေပုံ ဖြစ်သည်။ ထက်ပိုင်းကျိုး ခဲတံထဲမှ သွေးများ စီးထွက်နေပုံ ဖြစ်သည်။ အစွန်းရောက်တွေကြောင့် ကာတွန်း ကလောင်ကျိုးပြီး သွေးချောင်းစီးသွားခဲ့ရပါပကော။ကာတွန်းဆရာများသည် ကလောင်သာ ကိုင်စွဲသူများ၊ ငြိမ်းချမ်းရေးကို လိုလားသူများ ဖြစ်ပါသည်။ ဓားသွားထက် ကလောင်သွား ထက်တာကို မခံရဲသော မခံဝံ့သော အကြမ်းဖက်သမားတို့၏ လုပ်ရပ်သည် အကျည်းတန် အရုပ်ဆိုးလှပါသည်။ Charlie Hebdo အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ငြိမ်းချမ်းရေးကို ခုံမင်သော ပြည်သူများက ‘I'm Charlie’ ဆိုင်းဘုတ်များ ကိုင်စွဲလျက် အကြမ်းဖက်ဝါဒီများကို ဆန့်ကျင် ဆန္ဒပြသွားခဲ့ကြသည်။ကာတွန်းဆရာတွေ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သွေးမြေကျသွားတာ တစ်နှစ်ပြည့်ပြီ ဖြစ်သော်လည်း Charlie Hebdo မဂ္ဂဇင်းက ဆက်လက်ရှင်သန်ဆဲ။ ကျန်ကာတွန်းဆရာများကလည်း သရော်ကာတွန်းများကို ဆက်လက်ဆွဲမြဲ။ ကတွန်းကလောင်တစ်ချောင်း ကျိုးလျှင် နောက်ထပ်နှစ်ချောင်း အသစ်ပေါက်ပွားလာမည် ဖြစ်ပါသည်။ကာတွန်းဆရာတို့၏ ဝါသနာကို မည်သူမျှ ဖျက်စီး၍ မရ။ ရိုက်ချိုး၍ မရ။ မက်လုံးပေး ရေးခိုင်း၍လည်း မရပါ။ ကာတွန်းပညာကို နှစ်သက်မြတ်နိုး လေးစား တန်ဖိုးထား၍ မရေးရ မနေနိုင်။ ဝါသနာကို အရင်းခံ ဆင်းရဲဒုက္ခခံ၍ ရေးနေခြင်း ဖြစ်ပါသည်။ ကာတွန်းဆရာနှင့် ဝေဖန်မခံရဲသူ၊ ကာတွန်းဆရာနှင့် ငြိမ်းချမ်းရေး မလိုလားသူ၊ ကာတွန်းဆရာနှင့် အမှားတရားဘက် လိုက်နေသူတို့သည် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေသည်မှာ ကာတွန်းပေါ်စကတည်းက ဖြစ်သည်ဟုပြောလျှင် လွန်အံ့မထင်။ကာတွန်း တစ်ကွက်သည် စာမျက်နှာပေါင်း မြောက်မြားစွာထက် ထိရောက်သည်။ ပစ်မှတ်ကို စာတစ်လုံးမှ မပါဘဲ တည့်တည့်မှန်အောင် ပစ်နိုင်သည်။ ထို့ကြောင့် သတင်းစာ ကာတွန်းများကို လူတိုင်းအလေးထား ဖတ်ရှု သဘောကျကြခြင်းဖြစ်သည်။ ဒါပေမဲ့ အစွန်းရောက်များ၊ အာဏာရှင်များ၊ ဖောက်ပြန်လူတန်းစားများကတော့ ကာတွန်းကို ကြောက်ကြလန့်ကြသည်။ ကာတွန်း အမျိုးအစား များစွာ ရှိသည့်အနက် သတင်းစာ၊ ဂျာနယ်မှ တစ်ကွက်ကာတွန်းသည် အဆင့်အမြင့်ဆုံး၊ အထိရောက်ဆုံးဖြစ်သည်။ တိုင်းပြည်တစ်ပြည်၏ နိုင်ငံရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ ပညာရေးအကြောင်း၊ လူနေမှု အဆင့်အတန်းများကို သိလိုလျှင် ထိုတိုင်းပြည်မှ ကာတွန်းဆရာများ၏ ကာတွန်းများကို ကြည့်လျှင် မျက်ဝါးထင်ထင် သိနိုင်ပါသည်။ ခေတ်ကို ရောင်ပြန်ဟပ်မှုများ၊ အမြီးအမောက် မတည့်မှုများ၊ ရှေ့နောက် ကိုးရိုးကားရားများကို ခပ်ထေ့ထေ့ သရော်တော်တော်၊ မထိတထိ ဟာသနှော၍ ရေးနိုင်သည်မှာ ကာတွန်းပညာပင် ဖြစ်သည်။ကြုံတုန်း လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က တစ်နပ်စား ကာတွန်းဆရာ တချို့အကြောင်း ပြောပါရစေ။ ထိုဖောက်ပြန်ရေး ကာတွန်းဆရာများသည် နိုင်ငံပိုင် သတင်းစာမှနေ၍ အာဏာရှင် အလိုကျ ကလောင်ဝှက်များဖြင့် ကာတွန်းရေးခဲ့ကြသည်။ ပြည်သူ မကြိုက်သော ကာတွန်းများကို သတင်းစာ အစောင်စောင်တွင် ဖော်ပြခဲ့ကြသည်။ အင်္ဂလိပ် သတင်းစာတွင်တောင် ဘာသာပြန်၍ ထည့်ပေးလိုက်သေးသည်။ မိဘပြည်သူတွေက အနှီကာတွန်းများကို ဖတ်ဆဲ၊ ဖတ်လိုက်ဆဲလိုက် ဖြစ်နေရပါတော့သည်။ ထိုကာတွန်းများသည် ပြည်သူတွေကို စော်ကားနေသလို ဒီမိုကရေစီကို အိုးမဲသုတ်နေခြင်း ဖြစ်သည်ဟု ခံစားနေရသည်။ ဖောက်ပြန်ရေး ကာတွန်းဆရာ တချို့သည် ဘယ်လိုပဲ ကလောင်ဝှက် ရေးရေး လိုင်းဘယ်လိုပဲ ပြောင်းရေးရေး၊ ကာတွန်းရေးသူ အချင်းချင်းကတော့ သိသည်။ ထိုကာတွန်းဆရာ တချို့သည် ကာတွန်းဆရာ အချင်းချင်း အတွေ့မခံ၊ မျက်နှာချင်း မဆိုင်ရဲ၊ သူတို့အရိပ်ကို သူတို့ လန့်နေကြသည်။ ကြာတော့ သူတို့လုပ်ရပ်နှင့် တစ်နှပ်စား မက်လုံးများကြောင့် ကာတွန်းလောကနှင့် တဖြည်းဖြည်း ကင်းဝေးသွားတော့သည်။ ခေတ်ပြောင်းလာတော့ သူတို့အတွက် နေရာ မရှိတော့ပြီ။ မည်သူမပြု မိမိမှုပင်။ကာတွန်း တစ်ပုံအကြောင်း တင်ပြလိုက်ပါသည်။ စားပွဲတစ်လုံးပေါ်၌ ကျောတွင် ဓားတန်းလန်းနှင့် မှောက်လျက် အနေအထားဖြင့် ကာတွန်းဆရာ သေနေသည်။ သွေးတွေလည်း များစွာ စီးကျနေသည်။ စားပွဲတွင် Cartoonist ဟု ရေးထားသည်။ အပေါက်ဝမှာတော့ ကာတွန်းဆရာကို ကျောခိုင်းပြီး တစ်ကိုယ်လုံး ဝတ်ရုံအနက် အရှည်ကြီး ဝတ်ဆင်ထားသော IS အကြမ်းဖက် နှစ်ယောက်ပုံ ဖြစ်သည်။ IS အကြမ်းဖက်နှစ်ဦးသည် ကာတွန်းဆရာ၏ ကာတွန်းပုံကို လက်တွင်ကိုင်၍ ကြည့်ပြီး ရယ်နေကြသောပုံပဲ ဖြစ်သည်။ ငိုအားထက် ရယ်အားသန်တာလား၊ ရယ်အားထက် ငိုအားသန်တာလား မပြောတတ်တော့ပါ။ဆီးရီးယားနိုင်ငံ စစ်ဖြစ်စနှစ်မှာပဲ ကာတွန်းဆရာတစ်ယောက် စစ်ကြောင့် ဆုံးပါးသွားကြောင်း စာရေးသူထံသို့ အီးမေးလ်တစ်စောင် ဝမ်းနည်းစွာ ရောက်လာပါသည်။ ကာတွန်းဆရာ သေဆုံးသွားသည့်အတွက် မြန်မာနိုင်ငံမှ ကာတွန်းဆရာများကိုယ်စား လွန်စွာ ဝမ်းနည်းပါကြောင်း ဆီးရီးယား ကာတွန်းဆရာများ အဖွဲ့သို့ ပြန်ကြားခဲ့ဖူးပါသည်။ ဆီးရီးယားတွင် စစ်မီးသည် ပို၍ပို၍ ဆိုးရွားစွာ လောင်ကျွမ်းနေသဖြင့် ကာတွန်းဆရာတို့သည် စစ်ဘေးဒုက္ခသည်အဖြစ် ပင်လယ်ပြင်ဖြတ်ကာ ဥရောပနိုင်ငံများသို့ ရောက်သွားကြပြီလား မသိတော့ပါ။ စစ်ဘေးကင်းကြပါစေ။Charlie Hebdo မဂ္ဂဇင်းမှ အကြမ်းဖက်မှုကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားရရှာသော ကာတွန်းဆရာများ ကောင်းရာသုဂတိ လားပါစေ။ ‘ကာတွန်းနစ်’ ဆိုသည့် အတိုင်း ကာတွန်းဆရာများ၏ ဘဝတွေသည် သူတို့ ချစ်မြတ်နိုးနှစ်သက်သည့် ကာတွန်းတွေ ကြားထဲတွင်သာ ‘နစ်ကြပါစေ’။ အစွန်းရောက် အကြမ်းဖက်မှု၊ စစ်ဘေးဒုက္ခတွေများတွင် မနစ်ကြပါစေနှင့်ဟု ဆုတောင်းရင်း။










