အိပ်ချ်အိုင်ဗွီ ရှိနေသူများ၏ ငါးရာခိုင်နှုန်းခန့်မှာ အသည်းရောင်အသားဝါ စီပိုးပါ ပူးတွဲကူးစက်ခံထားရသူများ ဖြစ်နေ

အိပ်ချ်အိုင်ဗွီ ရှိနေသူများ၏ ငါးရာခိုင်နှုန်းခန့်မှာ အသည်းရောင်အသားဝါ စီပိုးပါ ပူးတွဲကူးစက်ခံထားရသူများ ဖြစ်နေ
Published 14 January 2016
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီပိုးရှိသူများ၏ ငါးရာခိုင်နှုန်းတွင် အသည်းရောင်အသားဝါ စီပိုးကိုပါ တွဲဖက်ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း ‘ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ’ တွင် တင်သွင်းသည့် သုတေသနစာတမ်းများအရ သိရသည်။အဆိုပါ သုတေသနစာတမ်းကို နယ်စည်းမထား ဆရာဝန်များအဖွဲ့ (ဆွစ်ဇာလန်)နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ အမျိုးသား ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတောင်ပိုင်းရှိ အိပ်ချ်အိုင်ဗွီနှင့် အသည်းယောင် အသားဝါစီပိုး တွဲဖက်ဖြစ်ပွားနေသူများ၏ အခြေအနေများနှင့် ပတ်သက်၍သုတေသနပြု လေ့လာခဲ့ကြောင်း၊ လေ့လာရာတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ ဖွင့်လှစ်ထားသည့် ထားဝယ်ခရိုင်ရှိ ဆေးခန်းတွင် ကုသမှုပေးနေသည့် အိပ်ချ်အိုင်ဗွီလူနာများ၏ ကိုယ်ရေးအချက်အလက်များနှင့် လူနာများတွင် အသည်းရောင်အသားဝါစီပိုး ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။စစ်ဆေးမှု ရလဒ်များအရ သွေးထဲတွင် အသည်းရောင်အသားဝါစီ ပဋိပစ္စည်းရှိသူပေါင်း ၃၂၇ ဦးရှိပြီး အများစုမှာ အမျိုးသားများ ဖြစ်ကြောင်း၊ ရောဂါပိုးရှိသူများ၏ ပျမ်းမျှအသက်မှာ ၃၈ နှစ်မှ ၄၅ နှစ်အတွင်းရှိသူ များဖြစ်ကြောင်းနှင့် ၎င်းတို့အများစုမှာ ရွှေ့ပြောင်းလုပ်သားများနှင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါစီရောဂါပိုး နှစ်မျိုးလုံး ကူးစက်ခံထားရသူများသည် အသည်းရောင် အသားဝါစီပိုး တစ်မျိုးတည်းရှိသူထက် အသည်းရောဂါပို မိုပြင်းထန်ပြီး အသည်းခြောက်ခြင်းကို ပိုမို လျင်မြန်စေကြောင်း၊ ယင်းကဲ့သို့ ပိုးနှစ်မျိုး စလုံးရှိခြင်းသည် အိပ်ချ်အိုင်ဗွီဝေဒနာရှင်များ၏ ရောဂါဆုတ်ယုတ်နှုန်း၊ သေဆုံးနှုန်းများပေါ်တွင် များစွာ သက်ရောက်မှုရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ ကူးစက်မှုနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိပြီး ယင်းလူဦးရေအနက် ငါးရာခိုင်နှုန်းခန့်မှာ အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံထားရသူများဖြစ်နေကြောင်း သိရသည်။ယခု သုတေသနတွင် ပါဝင်ခဲ့သည့် အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါ စီပိုး တွဲဖက်ဖြစ်ပွားသူများအနက် အများစုမှာ အိပ်ချ်အိုင်ဗွီပိုးထိန်းဆေးဖြစ်သည့် အေအာတီဆေးဝါးကို သောက်သုံးခဲ့သည့် ပျမ်းမျှ ကြာချိန်မှာ ငါးနှစ်ခန့်ရှိပြီး အေအာတီဆေးကို  ဆယ်နှစ်ကျော် သောက်သုံးခဲ့ပြီးသူ ၁၃ ရာ ခိုင်နှုန်းကျော် ပါဝင်ကြောင်း၊ ၎င်းတို့အနက် အသည်းရောင် အသားဝါစီပိုးကောင်ရေ တစ်သန်းယူနစ်အောက်ရှိသူမှာ ၂၇ ဦးပါဝင်ကြောင်း သိရသည်။ထို့ပြင် အသည်းရောင်အသားဝါစီပိုး တွေ့ရှိရသူများတွင် အသည်းမာကျောကြွပ် ဆတ်မှုအခြေအနေ (APRI Score)ကို တိုင်းတာရာ၌ အသည်းမာကျောကြွပ်ဆက်မှု အဆင့်(၁)အောက်ရှိသူ ၂၂၆ ဦး၊ အဆင့်(၁)နှင့် (၂) အကြားရှိသူ ၄၀ ဦး၊ အဆင့်(၂) အထက်ရှိသူ ၃၃ ဦးရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ပိုး၏ ဗီဇအမျိုးအစားကို စစ်ဆေးရာတွင်လည်း ပိုး၏ဗီဇနံပါတ်(၁)ရှိသူ ၈၂ ဦး၊ ဗီဇနံပါတ်(၃)ရှိသူ ၁၀၄ ဦး၊  ဗီဇနံပါတ် (၆) ရှိသူ ခုနစ်ဦးတို့ရှိကြောင်းနှင့် လေ့လာမှုများအရ မြန်မာနိုင်ငံတွင် အဖြစ်များသည့် အသည်းရောင်အသားဝါစီပိုးဗီဇမှာ ဗီဇ အမှတ်(၁)နှင့် (၃)တို့ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။နယ်စည်းမထား ဆရာဝန်များအဖွဲ့ (ဆွစ်ဇာလန်)အနေဖြင့် ၂၀၀၄ ခုနှစ်မှ စတင်ကာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း အိပ်ချ်အိုင်ဗွီရောဂါ ကုသရေးစီမံကိန်းကို စတင်ခဲ့ပြီး လက်ရှိအချိန်အထိ လူ နာပေါင်း ၃၂၀၀ ခန့်ကို ကုသပေးလျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင် အသားဝါစီပိုး တွဲဖက်ဖြစ်ပွားသူများအနေဖြင့် ဆေးခန်းများသို့ လာရောက်စစ်ဆေးသင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ကြောင်း သုတေသနစာတမ်းတွင် ထည့်သွင်းရေးသားထားသည်။အိပ်ချ်အိုင်ဗွီ ကူးစက်ခံနေရသူ အများစုသည် အသည်းရောင်အသားဝါ ရောဂါများပါ ကူးစက်ခံရနိုင်သော အန္တရာယ်ရှိသည့် အုပ်စုများတွင် ရှိနေပြီး ခန့်မှန်းခြေတွက်ချက်မှုများအရ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၄ ဒသမ ၅ သန်းခန့်မှာ အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါ ဘီပိုးကို တွဲဖက်ခံစားနေရကြောင်းနှင့် နောက်ထပ် ၄ ဒသမ ၅ သန်းခန့်သည် အိပ်ချ်အိုင်ဗွီနဲ့ အသည်းရောင် အသားဝါစီပိုးကို တွဲဖက်ခံစားနေရသူများဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။ 

Most Read

Most Recent