ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအချို့တွင် ရေမျက်နှာပြင် ခဲသည်အထိ အေးနေခြင်းကြောင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစိုးရိမ်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအချို့တွင် ရေမျက်နှာပြင် ခဲသည်အထိ အေးနေခြင်းကြောင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစိုးရိမ်နေရ
Published 14 January 2016
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်၊ တောင်ကြီးနှင့် လင်းခေးစသော ခရိုင်သုံးခုရှိ မြို့နယ်ရှိ ၂၁ မြို့နယ်တွင် ယခုနှစ်ဆောင်းရာသီ၌ အပူချိန်ကျဆင်းပြီး ရေခဲသည်အထိ အအေးဒဏ်ကို ခံစားနေရသဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်နေရကြောင်း သတင်းရရှိသည်။
ရှမ်းတောင်ရှိ ပင်လောင်းတွင် ဇန်နဝါရီ ၁၃ ရက်ညက ရေခဲသည်အထိ အေးခဲ့ပြီး လွန်ခဲ့သော ၂ ရက်ကလည်း ကလောတွင်း ၁ ဒီဂရီ စင်တီဂရိတ်အထိ အေးခဲ့ပြီး မိုင်းရှူးဒေသတွင်လည်း အအေးပိုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင်ခရိုင်တွင် ခုနစ်မြို့နယ်၊ တောင်ကြီးခရိုင်တွင် ၁၀ မြို့နယ်၊ လင်းခေးခရိုင်တွင် လေးမြို့နယ် ရှိသည့်အနက် လင်းခေးခရိုင်တွင်းမှ လင်းခေး၊ မိုင်းပန်၊ မောက်မယ်တို့သည် မြေပြန့်မှ ရာသီဥတုအတိုင်း ရှိကြောင်း၊ လွိုင်လင်တွင် သုံးရက်ဆက်တိုက် သုညဒီဂရီအထိ အေးခဲ့ပြီး၊ နမ့်စန်တွင်လည်း ၂ ဒီဂရီအထိ အေးနေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း၊ တောင်ကြီးတွင် နှစ်ဒီဂရီအထိ အအေးပိုလာကြောင်း သိရှိရသည်။
“လွိုင်လင်နဲ့ နမ့်စန်က အအေးဆုံးပဲ။ လွိုင်လင်မှာ သုညမှတ်အောက် သုံးရက်ဆက်တိုက် အေးနေတယ်။ နမ့်စန်မှာ ၁ ဒီဂရီနဲ့ ၂ ဒီဂရီလောက် ဖြစ်နေတအယ်။ ဒီဘက်မှာ အဆင်ပြေတဲ့ သူတွေကတော့ မီးလှုံကြတာပေါ့။ တချို့လည်း စောစော အိပ်ရာဝင်ကြတာပေါ့။ နွေးနွေးထွေးထွေး နေကြတာပေါ့။  အသက်ကြီးတဲ့ သူတွေက မီးဖိုလေးတွေနဲ့ နေကြတာပေါ့။ ဆင်းရဲသားတွေတော့ ဆုံးပါးတွေ ဘာတွေရှိတာပေါ့။ ရေချိုးမှားတာတို့ လေဖြတ်တာတို့ရှိတာပေါ့။ လင်းခေး၊ မိုင်းပန်က ပူတယ်။ လင်းခေးမှာက ထန်းပင်အုန်းပင်တွေ ရှိတယ်။ မြေပြန့်က ရာသီဥတု အတိုင်းပဲ။ ကျိုင်းတုံ၊ တာချီလိတ်ဘက်လည်း ပူတယ်။ မြေပြန့်ဘက်၊ တောင်အောက်ဘက် ရောက်သွားတာပေါ့နော်။ တာကော်ထိ တော်တော်ပူတယ်။ ကွန်ဟိန်းမှာ စအေးတယ်”ဟု နမ့်စန် မြို့မှ ဦးနေဇော်နိုင်က ပြောကြားသည်။
“ကလောမှာ အခုမှအအေးပြန်ပေါ့သွားတာ။ ရှေ့ရက်တွေတုန်းက အရမ်းချမ်းတယ်။ ရေတွေဘာတွေတောင် ခဲနေတယ်”ဟု ကလောမြို့မှ ကိုသိန်းဇော်က ပြောကြားသည်။
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ ခိုလမ် စသော မြို့များပါဝင်ပြီး၊ လွိုင်လင်၊ မိုင်းရှူးနှင့် နမ့်စန်တို့တွင် အအေးဒဏ် ပိုအများဆုံး ဖြစ်ကြောင်း သိရသည်။ မြေပြန့်မြို့များထက် ပင်လယ်ရေ မျက်နှာပြင်အထက် တောင်ပေါ်မြို့များတွင် ပိုမိုအအေးပိုကြောင်း သိရသည်။

Most Read

Most Recent