ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ဇန်နဝါရီ ၁၂ ရက်မှ စတင်ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်သော ညီလာခံ ဒုတိယနေ့တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ စသည့်ခေါင်းစဉ် ငါးခုကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့များက ၎င်းတို့ အစုအဖွဲ့အတွင်း သီးသန့်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံရေးခေါင်းစဉ်၌ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့် မူများ၊ လူမှုရေးတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များထဲမှ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ကိစ္စ၊ စီးပွားရေးတွင် အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း ကိစ္စ၊ လုံခြုံရေးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့် မူများ၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များတွင် သဘာ၀ သယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ စသည့် အကြောင်းအရာများကို အစုအဖွဲ့အလိုက် ဆွေးနွေးကြခြင်းသာဖြစ်ပြီး ကဏ္ဍအလိုက် ဆွေးနွေးချက်များကို ညီလာခံ နောက်ဆုံးနေ့တွင် စာတမ်းဖတ်ကြား တင်သွင်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ညီလာခံ ကိုယ်စားလှယ်ဖြစ်သူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “ဒီနေ့ မနက်မှာကတော့ လက်နက်ကိုင် တော်လှန်ရေး အစုအဖွဲ့က တက်တဲ့ အစုအဖွဲ့ အကုန်လုံး အနေနဲ့ ဒီခေါင်းစဉ်ကြီး ငါးခုနဲ့ ပတ်သက်ရင် မိမိတို့ အဖွဲ့အစည်းအလိုက် ကြိုတင်ပြင်ဆင်လာတာ ရှိရင်လည်း ရှိတဲ့အတိုင်း ဒါကို တင်ပြတာတွေ လုပ်ပါတယ်။ လူ ၁၅၀ လုံးကပေါ့။ ပြီးရင် ခေါင်းစဉ်တစ်ခုချင်းအတွက် ကျွန်တော်တို့ အဖွဲ့ထဲမှာရှိတဲ့ လူတွေ ပြန်စုပြီးတော့ ပြန်ဆွေးနွေးတယ်။ ဥပမာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး အစုအဖွဲ့ထဲမှာ ကျွန်တော် ပါတယ်။ နိုင်ငံရေး အဖွဲ့မှာ ပါတဲ့သူတွေက တစ်စု၊ လူမှုရေး အဖွဲ့ထဲမှာ ပါတဲ့သူတွေက တစ်စုပေါ့။ အဲဒီလိုမျိုး ဆွေးနွေးနေဆဲပါ” ဟု ပြောကြားသည်။နိုင်ငံရေးပါတီ အစုအဖွဲ့မှ ညီလာခံ ကိုယ်စားလှယ်ဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ကျွန်တော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့က ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘုံအစည်းအဝေးကြီးကနေပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့။ ဒီမိုကရေစီ နည်းလမ်းအားဖြင့် တည်ဆောက်ဖို့ဆိုတဲ့ အကြောင်းကိုပဲ ဆွေးနွေးကြတာ။ ကျွန်တော်တို့ နည်းကတော့ တစ်ခုစီ ဆွေးနွေးတာ။ ဆွေးနွေးတာတွေကို မှတ်တမ်းတွေ အကုန်ယူထားတယ်။ ပြီးတဲ့အခါ တူတာတွေကို ပေါင်းပြီးတော့ ဆွေးနွေးချက် အားလုံးကို စာတမ်းတစ်ခု ဆွဲရမယ်” ဟု ပြောကြားသည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့များကလည်း ၎င်းတို့ အစုအဖွဲ့အလိုက် သီးသန့်ဆွေးနွေးနေခြင်းဖြစ်ပြီး အစိုးရ အစုအဖွဲ့၏ နိုင်ငံရေးခေါင်းစဉ် ဆွေးနွေးမှုတွင် ဖက်ဒရယ် စနစ်တွင် အခြေခံသင့်သည့် မူများနှင့် ပတ်သက်၍ နိုင်ငံသား၊ တိုင်းရင်းသား လူမျိုးအားလုံး တန်းတူညီမျှ အခွင့်အရေး၊ အခွင့်အလမ်း၊ အကာအကွယ်ပေးမှုရှိသော စနစ် ဖြစ်ရမည်ဖြစ်ကြောင်း၊ တန်းတူညီမျှမှု အခွင့်အရေးတွင် ဥပဒေအရာ၌ တန်းတူညီမျှမှု၊ လူမျိုး၊ ဘာသာကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း မရှိမှု၊ ပြည်သူ့ဝန်ထမ်းတာဝန် ထမ်းဆောင်မှု၊ ပညာသင်ကြားမှု၊ အလုပ်အကိုင် စီးပွားရှာဖွေမှုတို့၌ တူညီသော အခွင့်အလမ်း ရှိမှု၊ ဝန်ထမ်း ရွေးချယ်ရေး၊ ရာထူးတိုးမြှင့် တာဝန်ပေးအပ်ရေးတို့တွင် လူမျိုးဘာသာကို အကြောင်းပြု၍ ခွဲခြားမှု မပြုရန် စသည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ဇန်နဝါရီ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယနေ့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး စောကျော်ညွန့်က “အများကြီးတော့ မမျှော်လင့်ဘူး။ ဒါပေမဲ့ အစပျိုးလိုက်တဲ့ အခြေခံကောင်းတစ်ခု အနေနဲ့ပဲ။ လက်ရှိ အခြေအနေအရ တိုင်းရင်းသားအားလုံး မပါသေးဘူး။ တိုင်းရင်းသားတွေ အများကြီး ရှိနေသေးတယ်။ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ။ အခု ဆွေးနွေးတာတောင်မှ နိုင်ငံရေးကဏ္ဍမှာ ပါတဲ့ အကြောင်းအရာတွေ အများကြီး အကုန်လုံးကို ဆွေးနွေးမှာ မဟုတ်ဘူး။ အဲဒီထဲမှာ လွယ်လွယ်ကူကူနဲ့ ပြောလို့ဆိုလို့ လွယ်တဲ့ ဖက်ဒရယ် စနစ်ရဲ့ အခြေခံ မူလောက်ပဲ ဆွေးနွေးတာ။ ဆိုတော့ကာ အခြေခံမူကို ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်ဆိုရင်လည်း အဲဒါလည်း လက်ရှိ အခြေအနေအရ မသင့်လျော်ဘူး” ဟု ပြောကြားသည်။ယခု ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးနေသည့် ခေါင်းစဉ်ကြီး ငါးခုပါ ဆွေးနွေးမှု အကြောင်းအရာများကို ဆုံးဖြတ်ချက်များ ချမှတ်မည် မဟုတ်ဘဲ ဆွေးနွေးမှုများကို စုစည်းကာ အစိုးရသစ် လက်ထက်တွင် ကျင်းပမည့် ညီလာခံသို့ သယ်ဆောင်သွားရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညီလာခံ ကိုယ်စားလှယ်များက ရှင်းပြသည်။“ဒီ ဆွေးနွေးနေတဲ့ ခေါင်းစဉ် ငါးရပ်က စုစည်းလို့ရတဲ့ ဟာတွေကို လက်ရှိ အစိုးကို ကျွန်တော်တို့က အပ်လိုက်မှာ။ လက်ရှိ အစိုးရက နောက်အစိုးရကို လွှဲလိုက်မှာ။ ဒီညီလာခံက ရသမျှ သဘောထားတွေကို လွှဲလိုက်မှာပေါ့” ဟု ဦးသုဝေက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယနေ့တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပါအဝင် ခေါင်းစဉ် ငါးခုကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့များက ကဏ္ဍအလိုက် သီးသန့် ဆွေးနွေး















