ကျေးဇူးချေ၏ မချေ၏

ကျေးဇူးချေ၏ မချေ၏
Published 12 January 2016
ရဲထွတ်နီ

'တင်ပေဖူးသည်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်'တောင်ဖီလာ ဆရာတော်၏ 'ဖျက်စု- ခက်စု-မမြဲစုများ' ထဲမှ ဆုံးမလမ်းညွှန်မှု ဖြစ်ပါသည်။ ကျေးဇူးရှိခဲ့သည် မှန်သော်လည်း အဆပ်ခက်တတ်ပုံ သတိပေးပါသည်။ကျွန်တော်တို့၏ ဘဝတွင်တင်ရှိသည့် ကျေးဇူးတွေကား များလှသည်။ အနက်အရှိုင်းဖြင့်ဆိုလျှင် သမုဒ္ဒရာကြမ်းပြင်မှ အောက်ဒုတ်ဒုတ်ထိဆက်ပြီး နက်သွားအောင် ရှိလိမ့်မည်။ အထက်အမြင့်ဆိုလျှင် မြင်းမိုရ်တောင်ဦး၊ မကကျူးအောင် ရှိပါမည်။ တင်ပေဖူးသည့် ကျေးဇူးတရားများ။'ကျေးဇူး' ဆိုသော ဝေါဟာရကို 'တစ်ဦးက အခြားတစ်ဦးကိုပြုသော အကျိုးဆောင်မှု'၊ 'ကောင်းကျိုး' ဟူ၍ အနက်ဖွင့်ထားပါသည်။ ဘဝတစ်ခု၏အစမှ ဘဝအဆုံးသို့တိုင် ကျွန်တော်တို့တွင် တင်ရှိသည့် ကျေးဇူးမှာ အမိအဖတို့၏ ကျေးဇူးဖြစ်သည်။ မကြာသေးမီက စာတစ်ကြောင်းကို ဖတ်လိုက်မိသည်။ တစ်လောကလုံးတွင် သူ့အမေသည် အလှဆုံးဆိုသော ဝါကျဖြစ်သည်။ ထိုဝါကျကို ဖတ်မိသည်တွင် ဒီမောင်ရင်က ကိုယ့်ကိုလာပြိုင်တာပဲဟု စိတ်ထဲမှ ပြန်ပြောမိပါသည်။ ကိုယ့်အမေသည် မင်းသမီးလည်း မင်းသမီးတစ်ယောက်၊ အဆိုတော် တစ်ယောက်လည်း ဖြစ်ခဲ့သည် မဟုတ်ပါလား။ တကယ်တော့ သူ့အမေကို သူချစ်ကြောင်း ပြောတာဖြစ်သည်။ ကိုယ်ကလည်း ကိုယ့်အမေကို ချစ်သည်။ မိခင်တို့၏ ကျေးဇူးကြောင့် အမေ့ကို အချစ်ဆုံး အမေအလှဆုံး ဖြစ်ကြရပါသည်။အမေသည် အဖေနှင့် အကြောင်းမပါခဲ့လျှင် ကျွန်တော်တို့ ညီအစ်ကို မောင်နှမလေး ယောက်တို့သည် မည်သည့်ဝမ်းမှာ ဝင်စားကြရမှာပါလိမ့်။ အခုလို ဘဝတို့ကို ရကြပါမည်လား။ ကျွန်တော်တို့ အမေသည် အတန်းကျောင်းစာ အများကြီး မတတ်ခဲ့ပါ။သို့သော် သူတတ်သမျှစာ သူ့အနုပညာဖြင့် ကျွန်တော်တို့ကို ကျွေးမွေး သုတ်သင်ခဲ့သည်။ ပညာသင်ပေးခဲ့သည်။ အမေ့ဘဝတွင် အဖေနှင့်သာ အကြောင်းမပါခဲ့လျှင် သူ၏ မွေးစားမိဘတို့က ထိမ်းမြားပေးသည့် လူကုံထံ ကြေးရတတ် တစ်ယောက်ယောက်နှင့် ပေါင်းဖက်သွားရနိုင်မည်။ ထိုအခါ အမေသည် အနုပညာသည်ဘဝ၊ အစိုးရအမှုထမ်း တစ်ဦးအဖြစ်သို့လည်း ရောက်တော့မည်မဟုတ်။ တစ်ခါ အဖေက အမေ့ကို ထားရစ်လျက် လမ်းခွဲသွားပြီး၊ ချောင်းရိုးကို ပစ်သောဝမ်းဘဲ ဟင်္သာပြုသဖြင့် အမေသည် ကျွန်တော်တို့ လေးယောက်လက်ကို ဆွဲကာ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ စွန့်ခွာလာခဲ့သည်။ မိန်းမသား ဖြစ်သော်လည်း အမေ့၏ သတ္တိမှန်သမျှသည် ကျွန်တော်တို့ ဘဝအတွက် ကျေးဇူးများ ဖြစ်ခဲ့ရသည်။အမေသည် အတူနေဖြစ်သော သူ့ယောက္ခမ၊ ကျွန်တော်တို့ အဘိုးနှင့် အဘွားတို့ကိုပါ ရန်ကုန်မြို့၌ အတူလိုက်ပါ နေထိုင်စေကာ ကျွေးမွေး စောင့်ရှောက်ခဲ့သေးသည်။ ရန်ကုန်တွင် အခြေကျနေပြီဖြစ်သော အဘိုး၏ သားအရင်းခေါက်ခေါက် (ကျွန်တော်တို့၏ ဦးလေး) တစ်ဦးရှိသော်လည်း အမေကသာ ခေါ်ထားခဲ့သည်။ ထိုသားက ခေါ်မထားနိုင်ပါ။ အဘိုးနှင့် အဘွားတို့က မြေးများအပေါ် နှောင်တွယ်ပြီးဖြစ်သည့် သံယောဇဉ်ကို မဖြတ်တောက်ရက်သည့် အမေ့မေတ္တာ ဖြစ်ပါသည်။အမေသည် အသက် ၈၁ နှစ်ကျော်တွင် ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့သည်။ အမေ သက်ရှိထင်ရှား ရှိစဉ်ကတည်းကရော ယနေ့ထက်တိုင် အမေ့စကားနား အထောင်ဆုံး၊ အမေ့ကို အပြုစုဆုံးမှာ အမေ့အငယ်ဆုံးသား ဖြစ်သည့် ကျွန်တော်တို့၏ ညီငယ်သာ ဖြစ်သည်။ သူက အမေမရှိတော့သည့်တိုင် ယနေ့ထက်ထိ အမေသူ့ကို ဆိုဆုံးမ လမ်းပြခဲ့သည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာပြုနေဆဲ ဖြစ်သည်။ ညီငယ်၏ အပြုအမူကို တွေ့ရတော့ ကျွန်တော်တု့ိ အမေ့စကားကို ဘယ်လောက် နားထောင်လိုက်နာနိုင် သလဲဆိုတာကို သိရပါသည်။ အသက်အရွယ် ငယ်သူကပင် နမူနာ ကောင်းပြသေးသည်။ ကျွန်တော်တို့ ဆင်ခြင်အသိဝင် ရပါမည်။အမေအဖေ မဟုတ်သော်လည်း လောကတွင် မိဘအရင်းကဲ့သို့ အုပ်ထိန်းမှုပြုကာ ကျွေးမွေး စောင့်ရှောက်ကြသူများလည်း များစွာရှိသည်။ ဦးကြီး၊ ဘကြီး၊ ကြီးတော်၊ အဒေါ်တို့ သာမက သွေးမတော် သားမစပ်ဘဲနှင့်လည်း ကျေးဇူးုပြုသူတွေ ရှိကြပါသည်။မိဘနှင့် မိဘအလား ပမာတူသော ပုဂ္ဂိုလ်များ၏ ကျေးဇူးပြီးလျှင် ဆရာတို့၏ ကျေးဇူးကြီးပါသည်။ ကျွန်တော်တို့ မြန်မာမှု၌ 'ဆရာ' ဟုဆိုရာတွင် လက်ဦးဆရာများ ဖြစ်ကြသောကြောင့် အမိအဖတို့သည်လည်း အာစရိယ ဆရာထဲတွင် အကျုံးဝင်နေပြန်ပါသည်။ စာသင်ပေးရာတွင် 'ကမချ၊ တနပဲ့ပြင်' ဟုဆိုသည်ကို ကြားဖူးသည်။ 'ကမချ' ဆိုသည်မှာ မြန်မာဗျည်း သုံးဆယ့်သုံးလုံးကို သင်ရိုးသရ တစ်ဆယ့်နှစ်လုံးဖြင့် တွဲ၍ပြသော သင်ပုန်းကြီးဟု ဆိုပါသည်။ကျွန်တော်တို့ ငယ်ငယ်က အော်ဆိုခဲ့ရသော သင်ပုန်ကြီး ဖြစ်ပေမည်။ ယခုလာမည့်နှစ် သူငယ်တန်း (KG) သင်ရိုးသစ်တွင် ပါပါ့ဦးမလား မဆိုနိုင်ပါ။ ကျွန်တော်တို့ ခေတ်ကတော့ က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား ရွတ်ဆိုခဲ့ကြပြီး စာဖတ်တတ်ခဲ့ရသည်။ 'တန' ဆိုသည်က 'သေချာစွာ' ဟု အဓိပ္ပာယ် ဖွင့်ပေးထားပြီး 'ပဲ့ပြင်' ကတော့ 'ဆုံးမသွန်သင်သည်' ဟူ၍ အဓိပ္ပာယ်ဖွင့်ပါသည်။ ဆရာက တပည့်ကို စာရေးတတ်လာအောင် ကံ့ကူတံကို ဟောဒီလိုကိုင်၊ ဟောဒီလိုရေးဟု သင်ပြပေးခဲ့ကြသဖြင့် ကံ့ကူလက်လှည့် ဆရာဟု ဆိုကြပါသည်။ ပဲ့ပြင်ဆိုသော စကားအရ ဆုံးမလွှတ်လိုက်သည်ဟု အဓိပ္ပာယ်ပင် ရှိပါသည်။ ကျွန်တော်တို့ ဘဝများအတွက် ထိုအခြေမှ စရသော ဆရာ့ကျေးဇူးကား များမှများဟု ဆိုရပေမည်။မိဘဟူသည် လက်ဦးဆရာ ဖြစ်ကြရသကဲ့သို့ ဆရာတို့သည်လည်း မိဘသဖွယ် ဖြစ်ရပြန်သည်။ 'ကလေးတွေ__ပညာရရှိဖို့လေ __အဖမိပုံသွင်__အာစရိတွေပင်__' ဟူ၍ 'လူချွန်လူကောင်' သီချင်းထဲ၌ ဆရာမြို့မငြိမ်းက ထည့်ဖွဲ့ထားပါသည်။ ဆရာတို့သည် ကလေးလေးတွေကို လူချွန်လူကောင်း မြေတောင်မြှောက်ကာ မြှင့်တင်ပါဟု ဆိုခဲ့သည်။ ကျွန်တော်တို့ကို မြေတောင်မြှောက်ခဲ့ကြသည့် ဆရာများသည် တပည့်တွေဆီက ပိုက်ဆံယူပြီး သင်ပေးခဲ့ကြသူများ မဟုတ်ချေ။ ယနေ့မှာမူ 'ပညာခေတ်' ဟု တင်စားသမုတ် ခေါ်ဝေါ်သည့် အတိုင်းလားဟု မဆိုနိုင်။ တက္ကသိုလ် ဝါရင့်ကထိကများ၊ အငြိမ်းစား ပါမောက္ခကြီးများ ဦးစီးသော ကြီးမှူးသော..ဟုဆိုကာဆိုကာ ပိုက်ဆံများများ ယူကြဖို့ စာသင်ပေးသည်များကို တွေ့နေကြရပါသည်။တကယ်ကမူ စာသင်ပေးသည်ဆိုသည်ထက် ဖြေရမည့် စာမေးပွဲကိုအောင်ဖို့ အမှတ်ကောင်းပြီး ဂုဏ်ထူူးထွက်ဖို့ နည်းလမ်းစုံ ကျူ ရှင်ပေးတာဟု ဆိုရမည်။ ထိုသို့သော ဆရာများမှာ ပိုက်ဆံ အလွန်ရကြသည်ဆိုတော့ ကျောင်းနှင့် စာသင်ခန်းအတွင်းမှ ဆရာ ဆရာမတို့ကလည်း မနေနိုင်တော့ချေ။ သူတို့လည်း သူတို့နည်း သူတို့ဟန်ဖြင့် တပည့်များထံမှ ပိုက်ဆံတောင်းယူသည့် ကျူရှင်အမျိုးမျိုးကို ပေးကြတော့သည်။ ထိုဆရာဆရာမမျိုးကို တတ်နိုင်သည့် ကလေးမိဘများက ပေး၍ပေါင်းသည်။ မတတ်နိုင်သည့် မိဘက အမြင်စောင်းသည်။ လောကထုံး ဓမ္မတာမှာ မိဘသည် သားသမီးထံမှ ရယူလိုမှုဖြင့် မယူရက် မစားချင်သကဲ့သို့ ဆရာအာစရိယတို့သည်လည်း တပည့်တို့ဆီက စားလိုရယူလိုကြသည် မဟုတ်ပါ။ဖြစ်နိုင်လျှင် ဆရာ၊ မိဘတို့ဟူသည် တပည့်သားသမီးတို့အပေါ် ကျေးဇူးကိုသာ ပြုထိုက်ချင်ကြသည်။ ယခုတော့မူ ငါ့ဝမ်းပူဆာ မနေသာအောင် ဖြစ်နေစေခဲ့သည်က အဓိကအချက် ဖြစ်လာရလေသလား။ စဉ်းစား သတိချပ်စရာပါ။စာကိုသင်ကာ ပညာကို သင်ပေးသော ဆရာရှိသလိုပင် မြန်မာမှုမှာ မြင်ဆရာကြား ဆရာဟုလည်း ကျေးဇူးကို အသိအမှတ်ပြုခြင်း ရှိပြန်ပါသည်။ တစ်စုံတစ်ခုကို မြင်မိ၍ နားလည်မိကာ ကောင်းသော အတုကိုယူခြင်းသည် ကိုယ်မြင်မိရာကို ဆရာဖြစ်သည်ဟု ခံယူခြင်း ဖြစ်ပါသည်။ ကြားမိသည့် စကားကြောင့် အသိ၊ ဗဟုသုတနှင့် တရားသည်ဆိုလျှင်လည်း နားစိုက်ထောင်မိ၍ ကြားမိရာသည် ဆရာဟူ၍ ခံယူခြင်း ဖြစ်ပါသည်။ အတုမြင်ပြီး အတတ်သင်ယူသဖြင့် ဆရာဟု တော်လိုက်ရသည်မှာ တိရစ္ဆာန်ဖြစ်လင့်ကစားဟု ပမာပြုထားပါသည်။ ဗျိုင်းတစ်ကောင်က ငါးကိုရေထဲမှ ဖမ်းယူပြီး အပေါ်သို့ ပစ်မြှောက်လိုက်၊ ပြန်အကျတွင်မှ နှုတ်သီးဖြင့် ဖမ်းယူစားလိုက်သည်ကို အတုယူ လေ့ကျင့်သော  လုလင်သည် သူ၏ တတ်ကျွမ်းကျင်မှုကြောင့် နန်းတော်တွင်းသို့ အသုံးတော်ခံရသည်အထိ ဖြစ်ခဲ့ရသည်။ ဘုရင်က မည်သူ့ထံမှာ သင်ယူသနည်းဟု သူ့ကိုမေးသည့် အခါမှာတော့ တိရ စ္ဆာန်မို့လို့ ဆရာဟု မပြောလို၍ ထိမ်ချန်ကာ 'ဆရာမရှိ' ကြောင်း ဖြေခဲ့ပြီး နောက်တစ်ကြိမ် လှံကိုဗျိုင်းကစားသကဲ့သို့ ကစားသည်တွင် မဖမ်းမိတော့ဘဲ အာခေါင်လှံစူးကာ သေပွဲဝင်ရရှာသည်။ 'ဆရာကာပြန် အာခေါင်လှံစူး' ဟု ဆိုစကားပြု ကြပါသည်။ကျေးဇူးရှိလျှင် ကျေးဇူးတင်တတ်ကြရပါမည်။လူကြီးမိဘ ဆရာသမားတို့၏ ကျေးဇူးများ နက်နက်ရှိုင်းရှိုင်း ရှိကြသလို 'တစ်လုတ် ကျွေးဖူး သူ့ကျေးဇူး'၊ 'တစ်လုတ်စားဖူး သူ့ကျေးဇူး' ဟူသော စကားလည်း ရှိပါသည်။ ဤနေရာတွင် အထက်လူကြီး၊ အလုပ်ဌာနမှ အထက်က ဆရာတို့ကို 'ဆရာ ဆရာ' နှင့် ခေါ်နေကြရသော်လည်း တကယ်ဆရာဖြစ်ရဲ့လား ဆိုသည်ကို ခွဲခြားရန် ရှိပါသည်။ ထိုအထက်လူတို့က မကောင်းကြံ၊ မမှန်မကန်ကျင့်၊ သူ့အကျိုးအတွက်ဖြင့် ကိုယ့်ကိုတစ်လုတ်တစ်ဆုပ်လောက် ပေးကျွေးသည့်အခါ မလွန်ဆန်ဝံ့၍ စားမိခဲ့ကြပါလျှင် ထိုသူမျိုးတွေကို ဆရာလို့ ဆက်ပြီးတင်ထားကြရတော့မှာလား။ တစ်လုတ်ကျွေးဖူးတာပဲလို့ နှလုံးသွင်းကြဦးမှာလား။တကယ်ပြောင်းလဲကြဖို့ဆိုပါလျှင် ဒီလိုမကောင်းကြံစည်၊ မမှန်မကန်ကျင့်ပြီး သူ့အကျိုးအတွက် တပည့်မွေးသလို အစားထိုး ကျွေးတာတွေကိုလည်း ကျေးဇူးဖြစ်မနေရလေအောင် ချေပစ်ရမည်ဟု ထင်ပါသည်။ရှူနေရသော လေသောက်နေရသော ရေစားနေရသော ထမင်းမြင်နေရသော မြင်ကွင်းကြားနေရသော အသံကိုယ်ရပ်နေသော မြေကိုယ့်ကို အမိုးပြုပေးထားသောကောင်းကင်..။ကျွန်တော်တို့ ဘဝအတွက် ကျေးဇူးတွေကား များလှသည်။ အမှန်တကယ် ကောင်းကျိုးပြုသော ကျေးဇူးတွေကို ကျွန်တော်တို့ သိကြရမည်။ ဖြစ်နိုင်တတ်လျှင် ပေးဆပ်ကြရမည်။ ကျေးဇူးတော့ မကန်းသင့်ကြပါ။ ညောင်ပင်သာ ဦးပုည၏ 'သုတရတနာ ဆုံးမစာ' သံပေါက်တို့သည် မြန်မာမှု၌ ရှိနေမည်သာဖြစ်၍ ဆင်ခြင်သင့်ပါ၏။ရှေးကတင်ဖူး၊ သူ့ကျေးဇူး၊ အထူးဆပ်မှသာ။ ကျေးဇူးသိက၊ ဖြစ်သမျှ၊ နှစ်ဝသုခိတာ။ ကျေးဇူးချေပစ်၊ တရားလစ်၊ နွမ်းညစ်စည်းစိမ်ဟာ။ ကျေးဇူးမပစ်၊ စည်းစိမ်ဖြစ်၊ ဆန်းသစ်လပမာ။

Most Read

Most Recent