နိုင်ငံအနှံ့ Without Car များဖမ်းဆီး အရေးယူတော့မည်ဆိုသော သတင်းကြောင့် မြဝတီနယ်စပ် သောင်ရင်းတစ်ဖက်ကမ်း ကားဈေးကွက်အတွင်း ရောင်းဝယ်မှု ငြိမ်ဆိတ်လျက် ရှိကြောင်း ကားဝယ်ရောင်း လုပ်သူများထံမှ သိရသည်။
“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုင်စင်မဲ့ကားတွေကို အရေးယူတော့မယ်လို့တော့ ကြားပါတယ်။ အခုနောက်ဆုံး ဖေဖော်ဝါရီ ၁ ရက်နေ့ ဖမ်းမယ်ဆိုပြီး သတင်းထွက်နေတော့ Without ကားတွေ အရောင်းအဝယ် မရှိပါဘူး။ လုံးဝငြိမ်နေပါတယ်”ဟု ကားဝယ်ရောင်း လုပ်သူတစ်ဦးက ပြောကြားသည်၊
ထို့ပြင် ယခင်လထက် ကားဈေး အဆများစွာ လျော့ကျသွားသော်လည်း ပြည်တွင်း ဝယ်လက်ကို မျှော်နေရပြီး ဈေးဦးမပေါက်သည့် အနေအထား ရှိလာသည်ဟု ဆိုသည်။
“ခုက ဈေးဘယ်လောက်ပဲ လျှော့ရောင်းရောင်း ဖမ်းမယ်၊ စီးမယ် အသံကြားကတည်းက အဝယ်နည်းနေတာ။ တိတိပပ ကြားလာရတော့ ပိုဆိုးသွားတာပေါ့။ တစ်လောက ကားသိုလှောင်ရုံမှာ သက်တမ်းလွန်လို့ ထိုင်းရဲက ဖမ်းသေးတယ်။ ခုတစ်ခါ မြန်မာဘက် ဝယ်လက်မရှိမှတော့ လုပ်ငန်းနားရုံပဲ ရှိတာပေါ့” ဟု မော်လမြိုင်မြို့မှ နယ်စပ် ကားဈေးကွက်တွင် ဝယ်ရောင်း လာရောက် လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
မြဝတီ-မော်လမြိုင်-မြဝတီ-ဘားအံ ခရီးသည်ပို့ဆောင်ရေး ယာဉ်ငယ်အဖြစ် အသုံးအများဆုံး Probox ကားများ ဝယ်လက်တက်ခဲ့ကာ လိုင်စင်ကားများဖြင့်လည်း ရန်ကုန်နှင့် အခြားမြို့များမှ နယ်စပ်သို့ကူးလူးသွားလာ ခရီးသည် ပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြုသူ များပြားလျက်ရှိသည်။
“ကားအရောင်းအဝယ် ဖြစ်ဖို့နေနေသာသာ ရှိတဲ့ကားတွေတောင် ဝှက်တဲ့လူက ဝှက်နေကြပြီ။ အရင်ကဆိုရင် နေ့စဉ် ကားအစီးတစ်ရာခန့် ပြည်တွင်းကို ပို့နေကြတာ”ဟု မြဝတီ ဒေသခံတစ်ဦးက ပြောကြားသည်။















