ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး တက်ရောက်မည်မဟုတ်ဟု သိရ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး တက်ရောက်မည်မဟုတ်ဟု သိရ
Published 8 January 2016
အောင်ဇော်ထွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ အဆိုပါညီလာခံသို့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ရန် အစိုးရ၊ NCA လက်မှတ်ထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) က ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ရာ အထူးဖိတ်ကြားသူအဖြစ် တက်ရောက်သူများအနေဖြင့် ညီလာခံတွင် ဆွေးနွေးဆုံး ဖြတ်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးထွန်းဇော်က “ကျွန်တော်တို့ဘက်က သဘောထားက အခြေအနေသုံးရပ်အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ထားပါတယ်။ တစ်အချက်က ကျွန်တော်တို့ ဒီ NCA ဖြစ်စဉ်မှာ အားလုံး ပါဝင်မှုမရှိဘူး။ နှစ်အချက်က NCA ကို လက်မှတ်ထိုးခြင်း မထိုးခြင်းအပေါ်မှာ မူတည်ပြီးတော့မှ ခွဲခြားပြုမူဆက်ဆံနေခြင်းတွေ ရှိနေတယ်။ သုံးအချက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြုသွားတဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ဆိုင်ရာ အဲဒီမူဘောင် ကတော့ ကျွန်တော်တို့ လိုချင်တဲ့ လိုလားတဲ့ ပုံစံမဟုတ်ဘူးပေါ့။ ဒီအခြေအနေ သုံးရပ်အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က တက်ရောက်နိုင်မှာ မဟုတ်ဘူး။ အခုကိုးဖွဲ့ရှိတယ်။ UNFC ထဲမှာ။ အဲဒါ ကိုးဖွဲ့ရဲ့ သဘောထားအမြင်ဖြစ်ပါတယ်။ အဖွဲ့အသီးသီးက ပေးပို့တဲ့ သဘောထားအမြင်အပေါ် အခြေခံပြီးတော့ ဆုံးဖြတ်တာဖြစ်ပါတယ်” ဟု ဇန်နဝါရီ ၇ ရက်က ပြောကြားသည်။နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးရမည့် အစုအဖွဲ့ပုံစံနှင့် ကိုယ်စားလှယ် အချိုးအစားကိစ္စများမှာလည်း ၎င်းတို့လို လားချက်နှင့် ကွဲလွဲနေကြောင်း ၎င်းကဆိုသည်။“ကျွန်တော်တို့ အရင်ချမှတ်ထားတာက သုံးပွင့်ဆိုင်ပုံစံ ဖြစ်ရမယ်ပေါ့ဗျာ။ အဲဒါကလည်း အချိုးတူပုံစံလေးတွေ ဖြစ်ရမယ်ပေါ့ဗျာ။ အခြေခံအားဖြင့် အဲဒါလေးတွေပါဖို့ လိုပါတယ်။ အခုက အဲဒီလို ပုံစံမတွေ့ရဘူး။ အခုလုပ်ထားတာက ငါးပွင့်ဆိုင်၊ အချိုးလည်းမညီဘူး အဲဒီလိုမျိုးပုံစံဖြစ်နေတယ်။  နောက်ပြီးတော့ ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့က လေ့လာသူ အထူးဖိတ်ကြားသူ။ ဆုံးဖြတ်ပိုင်ခွင့်တို့ ဘာတို့ တန်းတူရည်တူ မရှိဘူးပေါ့ဗျာ။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်” ဟု ဦးထွန်းဇော်က ဆက်လက်ပြောကြားသည်။UNFC အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်း ပြည်တပ်မတော် (SSPP/SSA) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကလည်း ၎င်းတို့ SSPP အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးညီလာခံသို့   တက်ရောက်မည်မဟုတ်ဟု အတည်ပြု ပြောကြားသည်။“ကျွန်တော်တို့ မတက်ဖြစ်တော့ဘူး ထင်တယ်။ ကျွန်တော်တို့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ မတက်တော့ဘူး ကျွန်တော်တို့ NCA လက်မှတ်ထိုးတုန်းကလိုပေါ့။ ကျွန်တော်တို့တက်ရင်လည်း အားလုံးတက်ရင်လည်း အားလုံးတက်မယ်လေ။ မတက်ရင်လည်း အားလုံးမတက်တော့ဘူး။ တက်တယ်ဆိုတာက ကျွန်တော်တို့က ဘာမှဆုံးဖြတ်ပိုင်ခွင့်မှ မရှိတာကိုး။ ဟိုမှာ ပွဲကြည့်ပရိသတ်ပဲ ဆိုတော့ ဘာမှမထူးပါဘူး။ ကျွန်တော်တို့လည်း UNFC သဘောထားအတိုင်းပါပဲ” ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA)နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်-NDAA (မိုင်းလားတပ်ဖွဲ့) တို့ တက်ရောက်မည်မဟုတ်ကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များ၏ တာဝန်ရှိသူများက ဇန်နဝါရီ ၇ ရက်တွင် အတည်ပြု ပြောကြားသည်။အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားသည့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP/UWSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့-မိုင်းလား(NDAA)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K) စသည့် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်းများအပြင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ ဖြစ်ကြောင်း သိရသည်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်-ကိုးကန့် (MNDAA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို မဖိတ်ကြားခဲ့ ကြောင်း သိရသည်။UNFC၏ လက်ရှိအဖွဲ့ဝင် အဖွဲ့အစည်း ကိုးဖွဲ့မှာ KIO/KIA ၊ NMSP ၊ KNPP ၊ SSPP/SSA ၊ PSLF/TNLA ၊ ANC ၊ MNDAA ၊ LDU ၊ WNO တို့ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent