မြိတ်မြို့ ငွေပုလဲရပ်ကွက်တွင် ဖြစ်ပွားသော လူသတ် အလောင်းဖျောက်သည့် အမှုမှ တစ်ဦး လွတ်မြောက်နေဆဲဖြစ်

မြိတ်မြို့ ငွေပုလဲရပ်ကွက်တွင် ဖြစ်ပွားသော လူသတ် အလောင်းဖျောက်သည့် အမှုမှ တစ်ဦး လွတ်မြောက်နေဆဲဖြစ်
Published 7 January 2016
ဇော်မိုးဦး (မြိတ်)

မြိတ်မြို့၊ ငွေပုလဲရပ်ကွက်တွင် ဇန်နဝါ ရီ ၃ ရက်က အမှုဖော်ထုတ်နိုင်ခဲ့သော လူသတ် အလောင်းဖျောက်ဖျက်သည့် အမှုမှ တစ်ဦးလွတ်မြောက်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း ဖမ်းဆီးနေကြောင်း သိရသည်။
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်၊ မြို့ပတ် ၂လမ်း၊ ခြံအမှတ် (၉) ရှိ ကြက်မွေးမြူရေးခြံတွင် ဇန်နဝါ ၃ ရက်က အလောင်းဖျောက်ဖျက်ထားမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ ထားသော်လည်း တစ်ဦးလွတ်မြောက် နေဆဲဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှူး ဝင်းဇော်ဦးက ပြောကြားသည်။
“ထွက်ပြေး လွတ်မြောက်နေတာက ရဲမင်းထွေး ဆိုသူပါ။ အဲဒီလူက မြိတ်မြို့၊ ထောက်ပို့တပ်ရှေ့က ရွာသစ်ရွာမှာနေတယ်။ အဖေက တပ်က အမှုတစ်ခုနှင့် ထောင်ကျနေတယ်။ သူက အိမ်ထောင်ကွဲပြီး အဲဒီနားမှာ ဆိုင်ကယ် တက္ကစီမောင်းလိုက် တခြားအလုပ်ရှိရင် လုပ်လိုက် ကြုံတဲ့နေရာမှာ အိပ်လိုက်နှင့် လုပ်နေတယ်။ ဒီကောင်တွေ လူသတ်မှု ကျူးလွန်တဲ့နေ့ က၂၀၁၅ ဒီဇင်ဘာ ၆ ရက် နံနက် ၁၂ နာရီ ကျော်လောက်မှာဖြစ်တယ် ရဲမင်းထွေးကအခု သေဆုံးသွားတဲ့ ကိုအောင်မိုးဆွေရဲ့ဗိုက်ကို ဓားနဲ့နှစ်ချက်ထိုးတယ် အဲဒီနောက်မှာ အခုဖမ်းဆီးရမိထားတဲ့ ဇင်ကိုထိုက်ဆိုသူက လည်ပင်းကို ဓားနှင့်လှီးလိုက်တယ် နံနက် ၂ နာရီ လောက်မှာ အလောင်းကို မြေမြုပ်လိုက် ကြတယ်။ ဇင်ကိုထိုက်က ရဲမင်းထွေးကို ငွေကျပ် ရှစ်သိန်းနှင့် ဆိုင်ကယ် တစ်စီးပေးလိုက်တယ် နောက်တော့ ကိုအောင်မိုးဆွေ (အသတ်ခံရတဲ့သူ) သူငယ်ချင်းတွေ လာမေးတဲ့ အခါမှာ သူ့အလုပ်ရှင် ခရီးထွက်နေကြောင်း လိမ်ထားခဲ့တယ်။ ကျွန်တော်တို့ အမှုဖော်တဲ့ (အလောင်း ဖော်တဲ့နေ့) မှာ အခုထွက်ပြေးနေတဲ့ ရဲမင်းထွေးဆိုသူက အဲဒီအနီးနားမှာ ရှိနေခဲ့သေးတယ်လို့ သိရတယ်။ အခု ကျွန်တော်တို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနှင့် ချိတ်ဆက်ပြီး အဲဒီတရားခံကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု မြို့မရဲစခန်းမှူး ဝင်းဇော်ဦးက ပြောကြားသည်။
“အလောင်းမတွေ့ခင်မှာ ကျွန်တော်ဆီ ဖုန်းဝင်လာပါတယ်။ ဦးထင်အောင်စိုးရဲ့ဖုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြားလိုက် ရတာကတော့ ကျွန်တော့်သူငယ်ချင်း အောင်မိုးဆွေ (အသတ်ခံရသူ) ရဲ့ အသံဖြစ်နေတယ်။ သူ့ရဲ့ ဖုန်းပြောတဲ့ ပုံစံအတိုင်း ဟဲလို အောင်မိုးဆွေပါလို့ ပြောပါတယ်။ ပြီးတော့ ငါတော့ ဒီမှာဒုက္ခ ရောက်နေပြီ။ ငါ့ကို မင်းနဲ့ဇော်ကိုဦး (နောက်သူငယ်ချင်းတစ်ဦး) ပဲ ကယ်လို့ရတော့မယ်။ ငါ့ကို ခြံထဲမှာ မြှုပ်ထားကြတယ်လို့ ငိုသံနဲ့ပြောပါတယ်။ ကျွန်တော်လည်း အရမ်းအံ့သြသွားတယ်။ နောက်တော့ သူ့အစ်ကို ဦးထင်အောင်စိုးကို မေးကြည့်တော့ သူဖုန်းခေါ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဖုန်းဝင်တဲ့အသံပဲ ကြားနေရတယ်။ ဖုန်းတောင် မပြောရသေးဘူးလို့ ပြောပါတယ်။ ဖုန်းဝင်တဲ့အသံကို တစ်ဖက်က ကြားနေရပေမယ့် ကျွန်တော့် ဆီမှာကတော့ အောင်မိုးဆွေရဲ့ အသံကို အတိုင်းသား ကြားနေရတာပါ။ ဒါ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ရတာပါ” ဟုလည်း ကိုအောင်မိုးဆွေ၏ သူငယ်ချင်းဖြစ်သူ ဝတုတ် (ခ) ကျော်ဝင်းရှိန်က ပြောကြားထားခဲ့သည်။
“ဒီဇင်ဘာ ၅ ရက်မှာ အလုပ်ရှင် ကိုအောင်မိုးဆွေက ဇင်ကိုထိုက်ကို အလုပ်ကိစ္စနှင့် ပတ်သက်ပြီး ဆူပူကြိမ်းမောင်း ခဲ့တယ်လို့ ထွက်ဆိုထားတယ်။ အဲဒီအငြိုးရယ် ကြက်ခြံကငွေတွေ၊ ပိုင်ဆိုင်မှုတွေကို ရယူလိုစိတ်တွေရယ် ပေါင်းပြီး ဇင်ကိုထိုက်က ရဲမင်းထွေး ဆိုသူကို ဆက်သွယ်ပြီး လူသတ်ခဲ့ကြတာဖြစ်တယ်။ နောက်ပိုင်း အဲဒီဇင်ကိုထိုက်က အသုံးအစွဲတွေ များလာနေတာရယ်၊ ဆိုင်ကယ်ကို PCX အမျိုးအစားအထိ ပြောင်းစီးလာ တွေရယ်ကြောင့် မသင်္ကာဖြစ်လာတယ် အဲဒီအချိန်မှာ ဇင်ကိုထိုက်က သူ့အစ်ကိုဖြစ်သူ ထိုက်စိုးကို အဲဒီအဖြစ်အပျက်ကို ပြောပြလိုက်တယ်။ လူသတ်ပြီး မြေမြုပ်ထားတဲ့ နေရာကိုလည်း ပြထားတယ်။ အခု ညီအစ်ကို နှစ်ဦးစလုံးကို ဖမ်းထားပြီးပါပြီ” ဟု စခန်းမှူးက ပြောကြားသည်။
ကြက်ခြံပိုင်ရှင် ကိုအောင်မိုးဆွေ၏ အစ်ကို ဖြစ်သူမှ ဇန်နဝါရီ ၂ ရက်တွင် လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး မသင်္ကာသည့် ဇင်ကိုထိုက်ကို ဇန်နဝါရီ ၃ ရက်၌ ဖမ်းဆီးခဲ့ကာ လူသတ် အလောင်းဖျောက်သည့် နေရာအား အစ်ကိုဖြစ်သူ ထိုက်စိုးနှင့် ခြံထဲတွင် အလုပ်လုပ် နေသည့် ခိုင်ထက်စိုးဆိုသူမှ ပြသပေးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးထားသည်မှာ ဇင်ကိုထိုက်နှင့် အစ်ကိုဖြစ်သူ ထိုက်စိုး ဆိုသူဖြစ်ပြီး ခိုင်ထက်စိုးဆိုသည့် အလုပ်သမားမှာ ပါဝင်ပတ်သက်ခြင်း မရှိပဲ အမှုမဖြစ်ပွားမီနှင့် အမှုဖြစ်ပြီး နောက်ပိုင်း သိရှိထားနိုင်သည်များကို မေးမြန်းရန် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ အမှုနှင့်ပတ်သက်ပြီး မြို့နေလူထုများ ကြားတွင် စိတ်ဝင်စားမှု များပြားနေကာ ထွက်ပြေး လွတ်မြောက်နေသည့် ရဲမင်းထွေး ဆိုသူအား ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။
 

Most Read

Most Recent