တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပုတ်ခတ်သည့် ဓာတ်ပုံကို Facebook တွင် တင်သည်ဟုဆိုကာ မရမ်းကုန်းမြို့နယ်နေ ဦးဇော်မျိုးညွှန့်ကို တရားစွဲဆိုထားမှုအား ဇန်နဝါရီ ၆ ရက်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလို ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်ကို ပြန်လည် စစ်ဆေးခဲ့သည်။ဦးဇော်မျိုးညွှန့်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)၊ ပုဒ်မ-၅၀၅(ခ) တို့ဖြင့် သီးခြားစီ တရားစွဲဆိုခြင်းအပေါ် စွဲချက်တင် အမိန့်ချမှတ်ပြီးနောက် ၎င်းကို တရားလိုပြုလုပ် တရားစွဲဆိုထားသော ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်အား ပြန်ခေါ်သက်သေအဖြစ် အမှုစစ် မြို့နယ်တရားသူကြီးက စစ်ဆေးခြင်းဖြစ်သည်။ဦးဇော်မျိုးညွှန့်၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သန်း (မင်းဘူး)က တရားလို ဒုတိယဗိုလ်မှူးကြီးအား “ယခု အမှုတွင် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာ လိုင်စင်ရ ကျွမ်းကျင်သူ Service Provider အား သက်သေအဖြစ် တင်ပြစစ်ဆေးထားခြင်း မရှိဟု ဆိုလျှင်” ဟု တရားခွင်တွင် မေးမြန်းရာ တရားလို ဒုတိယဗိုလ်မှူးကြီးက ‘အမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တစ်ဆင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ဦးဇော်မျိုးညွှန့်အပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆ (ဃ)ဖြင့် တရားစွဲဆိုနိုင်ရေး တင်ပြခဲ့ပါသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှလည်း စိစစ်၍ တရားစွဲဆိုခွင့် ပြုခဲ့ခြင်း ဖြစ်ပါသည်” ဟု ဖြေကြားခဲ့သည်။ ထို့ပြင် ‘Facebook သုံးစွဲသူတချို့ မသမာသူများသည် မိမိတို့၏ နာမည်အရင်း မဟုတ်ဘဲ အကောင့်အတုများဖြင့် တခြား Facebook အတွင်းသို့ အကောင့်တု ဖန်တီးပေးပို့မှုများ Facebook သုံးစွဲသူများအကြားတွင် ပြဿနာ အများအပြား ပေါ်ပေါက်လျက် ရှိသည်ဟု ဆိုလျှင်’ ဟု စွပ်စွဲခံရသူ၏ ရှေ့နေက ဒုတိယဗိုလ်မှူးကြီးအား မေးမြန်းရာတွင် ၎င်းက ‘မကြုံဖူးပါ’ ဟု ဖြေကြားခဲ့ကြောင်း သိရသည်။ယင်းနောက် အမှုအား ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီသို့ ပြန်လည် ချိန်းဆိုခဲ့သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က ဦးဇော်မျိုးညွှန့်အား တရားလိုပြုလျက် တရားစွဲဆိုခြင်းဖြစ်ပြီး ဦးဇော်မျိုးညွှန့်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆ (ဃ)၊ ပုဒ်မ-၅၀၅(ခ) တို့ဖြင့် စွဲချက်တင်ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်က Facebook တွင် Zaw Myo Nyunt အမည်ရှိ အကောင့်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ပုံကို ခြေထောက်ဖြင့်နင်းသည့် ဓာတ်ပုံအား Post ပြုလုပ်ခဲ့ကြောင်း၊ ၎င်း၏ ကိုယ်ရေး အချက်အလက်များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ဦးဇော်မျိုးညွှန့်သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် စတင်ဖမ်းဆီးခံရပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ခံ၍ တရားရင်ဆိုင်နေသည်မှာ သုံးလပြည့်ပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပုတ်ခတ်သည့် ဓာတ်ပုံ Facebook တွင် တင်သည်ဟုဆိုကာ မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးကို တရားစွဲဆိုထားမှုမှ တရားလို ဒုတိယဗိုလ်မှူးကြီးအား ပြန်လည်စစ်ဆေး