လုပ်သားရှားပါးမှုကြောင့် လေလွင့်သွားသောသီးနှံများ

လုပ်သားရှားပါးမှုကြောင့် လေလွင့်သွားသောသီးနှံများ
Published 5 January 2016
အောင်သူငြိမ်း

“မြေပဲက အပင်လိုက်ဆ ွဲယူပြီး ဆွတ်ရမယ့်ဟာကို မြေကြီးထဲမှာ ယက်ကောက်နေရတယ်။ ပြောရရင်တော့ ပါးစပ်၀ နားရောက်မှ ပြုတ်ကျသွားသလိုပါပဲ”
မကွေးတိုင်း ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာမှ တောင်သူဦးအိက သူ၏ မြေပဲစိုက်ခင်းအတွင်း ပဲရိုးသိမ်းစဉ် ပြောပြခဲ့သော စကားဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် ဘွဲ့ရ၊ ကျောင်းပြီးထားသူများအကြား အကျယ်လောင်ဆုံး အသံက အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတယ်ဟု ဖြစ်သည်။ စိုက်ပျိုးရေးမှအစ ကုမ္ပဏီလုပ်ငန်းများအလယ် ဆောက်လုပ်ရေး လုပ်ငန်းများအဆုံး အကြားရဆုံးအသံက လုပ်သားရှားပါးမှုဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်မှအစပြု၍ ကျေးရွာနေ ပြည်သူ ရာခိုင်နှုန်း ၇၀ ကျော်ရှိသော မြန်မာနိုင်ငံ ကျေးလက်ဒေသများမှ လူငယ်များက မြို့ကြီးများနှင့် နိုင်ငံခြား တိုင်းပြည်များအထိ ထွက်ခွာသွားခဲ့သည်။ ထိုသို့ထွက်ခွာရသည့် အကြောင်းရင်းများစွာ ရှိသော်လည်း ရာသီဥတု ဖောက်ပြန်မှု၊ သီးနှံစိုက်ပျိုးချိန်တွင် မျိုးစေ့ဖိုး၊ မြေသြဇာဖိုး ကြီးမြင့်လွန်းသော်လည်း သီးနှံပေါ်ချိန်တွင် ဈေးကောင်းမရရှိမှု၊ နိုင်ငံတော်မှ စိုက်ပျိုးစရိတ်များ လုံလောက်စွာ မထုတ်ချေးနိုင်မှုတို့က အဓိက အချက်များ ဖြစ်နေခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ကျေရွာများကို စွန့်ခွာမှု မြင့်တက်လာခြင်းက သီးနှံစိုက်ပျိုးချိန်၊ ပြုစုချိန်နှင့် ရိတ်သိမ်းချိန်များတွင် လုပ်သားမလုံလောက်မှုကို သိသာစေခဲ့ပြီး နောက်ဆက်တွဲအဖြစ် အချိန်မီ မရိတ်သိမ်းနိုင်လိုက်သော သီးနှံများကို မြေကြီးထဲမှာပင် ပစ်ထားခဲ့ရသည့်အဖြစ်သို့ ရောက်ရှိစေခဲ့သည်။
မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စား ခေါ်ဝေါ်လေ့ရှိသော မကွေးတိုင်းအတွင်း မြေပဲနှင့် နှမ်းများ အဓိက စိုက်ပျိုးလေ့ရှိသည်။ မြေပဲသည် နှမ်းနှင့်နှိုင်းစာလျှင် ရာသီဥတုဒဏ် ခံနိုင်မှု ပိုမိုသော်လည်း ရိတ်သိမ်းချိန်တွင် အချိန်မီမပြီးပါက မြေအောက်တွင် ကြွေကျ ကျန်ခဲ့လေ့ရှိပြီး သက်နုမြေပဲများသည် နုတ်ချိန်တန်လျက် မနုတ်နိုင်ပါက မြေကြီးထဲမှာပင် အညှောင့်ပေါက်ကုန်လေ့ရှိသည်။ မကွေးတိုင်းအတွင်း အောက်တိုဘာလပိုင်းမှ  စတင်ခဲ့သော မြေပဲရိတ်သိမ်းမှုများကို ဒီဇင်ဘာလပိုင်းအထိ အပြီးမသတ်နိုင်ခဲ့မှုကြောင့် ဆုံးရှုံးမှုများစွာ ကြုံခဲ့ရသည်။ ထိုသို့ အချိန်မီ မပြီးနိုင်မှု၏ အဓိကရင်းမြစ်က လုပ်သားရှားပါးမှုကြောင့် ဖြစ်သည်။
“မြေပဲတွေက အရင်နှစ်တွေထက်စာရင် ထွက်နှုန်း ကောင်းပါတယ်။ ရာသီပေါ်ဈေးကလည်း တစ်တင်းကို ကျပ်တစ်သောင်းလောက် ရောင်းရတော့ အရင်နှစ်တွေထက် ကောင်းပါတယ်။ ဒါပေမဲ့ ကူလီက ရှားလွန်းတော့ ကိုယ့်အခင်းကို ကိုယ့်မိသားစုနဲ့ပဲ ပြန်ဖော်နေရသလို ဖြစ်နေပြီး မြေပဲပင်တွေက ကျွမ်းကုန် ခဲ့ပါတယ်။ မြေပဲက မြေကြီးထဲမှာ အမြစ်ကနေ ဥဥတာဆိုတော့ သူ့ကိုနုတ်ရမယ့်ရက် ကျော်တာနဲ့ အမြစ်တွေ ခြောက်ကုန်ပြီး မြေကြီးထဲမှာ ကြွေကျကုန်ပါတယ်။ မြေပဲဆွတ်ခကလည်း တစ်တင်းကို ကျပ် ၁၅၀၀ လောက် ပေးရပါတယ်။ မြေပဲတွေက မြေကြီးထဲမှာ ကျန်ခဲ့တာများတော့ ဆွတ်တာထက် ကောက်သင်း ကောက်ယူရတာ များပါတယ်။ အဲဒီတော့ ကောက်သင်းကောက်ခက တစ်တင်းကို ကျပ်ငါးထောင်ကျော်လောက်ဆိုတော့ တောင်သူက ကိုယ့်စိုက်ခင်းထဲက မြေပဲကို ကိုယ်တိုင်ပြန်ဝယ်နေရသလိုပါပဲ”ဟု ရေနံ ချောင်းမြို့နယ် အုတ်ရှစ်ကုန်း ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

မြေပဲစိုက်ပျိုးချိန်က မျိုးစေ့တစ်တင်းလျှင် ကျပ်ခုနစ်သောင်းအထိ ဈေးပေး ဝယ်ယူခဲ့ရသည်။ မိုးဦးမကျမီ ထွန်ယက်ခ၊ စိုက်ပျိုးစရိတ်၊ မြေသြဇာဖိုးများ အပါအဝင် မြေပဲတစ်ဧကလျှင် ကျပ်နှစ်သိန်းခန့် ကုန်ကျစရိတ် ရှိသည်။ ထိုကုန်ကျစရိတ်များတွင် ယာမြေပိုင်ရှင် မိသားစုဝင်များ၏ လုပ်အားခ မပါဝင်သေးပေ။ ထိုအခြေအနေများတွင် နိုင်ငံတော်မှ ယာတစ်ဧကလျှင် ကျပ်နှစ်သောင်းနှုန်းသာ စိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးသည်။ ထိုစိုက်ပျိုးစရိတ် ချေးငွေပမာဏသည် အမှန်တကယ်တွင် ယာတစ်ဧကအတွက် ပေါင်းနှုတ်ခပင် မလုံလောက်သော ပမာဏဖြစ်သည်။
“မြေပဲတွေ ဖော်ရမယ့်အချိန်မှာ ကူလီ ဘယ်လိုမှ ခေါ်မရတော့ သက်ကြီးရွယ်အိုတွေရော။ ကလေးငယ်တွေပါ အအားမနေရပါဘူး။ အရင်ကဆို မြေပဲကို ယာခင်းထဲမှာ တင်ဆွတ်လေ့ရှိပေမယ့် အခုနှစ်ပိုင်းတွေ မှာ မြေပဲကိုနှုတ်၊ ရွာထဲကိုလှည်းနဲ့ တိုက်လာပြီး နီးစပ်ရာလူတွေ ဝိုင်းဆွတ်ပေးခိုင်းရတာတွေ ရှိလာပါတယ်”ဟုရေနံချောင်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။
မကွေးမြို့နယ်အတွင်း မြေပဲနှင့်နှမ်းများ ရိတ်သိမ်း ရာသီ ရောက်ပါက ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မြို့သစ် စသည့် မြို့နယ်များအတွင်း ကျေးရွာများကအထိ လုပ်သားများကို ခေါ်ယူ အသုံးပြုလာရသည်မှာလည်း အစဉ်အလာတစ်ခုပမာ ဖြစ်လာခဲ့သည်။ ထိုသို့ နယ်ခြားမှ ခေါ်ယူသော လုပ်သားများအတွက် နေ့စားခဖြင့် မဟုတ်ဘဲ ပုတ်ပြတ်စနစ်ဖြင့် ငှားရမ်းရလေ့ရှိသည်။ ထို့အပြင် အလုပ်သမားများအား တာဝန်ခံ ခေါ်ယူပေးသော အလုပ်သမားခေါင်းအတွက် အလုပ်သမား ဆယ်ဦးလျှင် တစ်ဦးစာ အပိုပေးရလေ့ရှိသည်။
ထိုသို့ လုပ်သား ရှားပါးမှုများကြောင့် မကွေးတိုင်းအတွင်း ၂၀၁၅ ခုနှစ်မှစ၍ မြေပဲခြွေစက်များကို စတင်စမ်းသပ် အသုံးပြုလာကြသည်။ မြေပဲခြွေစက်များက မြေပဲအတောင့်တစ်တင်းအတွက် ခြွေခကျပ် ၁၂၀၀ ကုန်ကျမှုရှိပြီး တစ်နေ့လျှင် ၁၀ ဧကခန့် ပြီးစီးနိုင်သည်။ သို့သော် မြေပဲခြွေစက်ဖြင့် ခြွေထားသည့် မြေပဲများသည် လက်ဖြင့်ခြွေသည်ထက် မြေပဲတောင့်ကို ထိခိုက်မှု ပိုပြင်းသောကြောင့် မျိုးမြေပဲအဖြစ် ပြန်လည် အသုံးပြုမရမည်ကို တောင်သူများက စိုးရိမ်စိတ်ဝင်နေကြသည်။ ထိုစိုးရိမ်မှုထက် နောက်ထပ် ဆယ်စုနှစ်တစ်ခုစာအထိ ကျေးရွာများတွင် လုပ်သားရှားပါးမှုများ ဆထက်တိုး ကြုံတွေ့လာရပါက တောင်သူယာစိုက်သည့် ဓလေ့များ ပိုမိုယုတ်လျော့လာနိုင်ခြေက စိုးရိမ်စရာအကောင်းဆုံး အခြေအနေဖြစ်သည်။ မကွေးတိုင်းအတွင်း နှမ်းနှင့်မြေပဲကို အဓိကစိုက်ပျိုးသောကြောင့် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဆိုလေ့ ရှိပေသည့် အခြေအနေအမျိုးမျိုးကြောင့် မြေပဲနှင့် နှမ်းစိုက်ပျိုးသည့် တောင်သူများကိုယ်တိုင် မြေပဲဆီ၊ နှမ်းဆီစစ်စစ်များ မစားနိုင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုခန့် ကြာခဲ့ပြီဖြစ်သည်။ ထို့ထက် လုပ်သား အခက်အခဲများကြောင့် မြေပဲနှင့် နှမ်းများ စိုက်ပျိုးရန်ပင် တောင်သူများ စိတ်ကုန်လာခဲ့ပါက ငွေကြေးတတ်နိုင်သူများပါ မြေပဲဆီ၊ နှမ်းဆီစစ်စစ်ကို ရှာဖွေမရ ဖြစ်လာနိုင်ခြင်းက ပိုမိုစိုးရိမ်ဖွယ် ဖြစ်လာနေပါသည်။                                      

Most Read

Most Recent