ထိုင်းနိုင်ငံ၌ သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား အမြန်ဆုံး လွှတ်ပေးရေး ဗဟန်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်ပြီး ထိုင်းနိုင်ငံသံရုံးသို့လည်း အိတ်ဖွင့်ပေးစာ ပေးပို့

ထိုင်းနိုင်ငံ၌ သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား အမြန်ဆုံး လွှတ်ပေးရေး ဗဟန်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်ပြီး ထိုင်းနိုင်ငံသံရုံးသို့လည်း အိတ်ဖွင့်ပေးစာ ပေးပို့
Published 2 January 2016
ဝေလင်းအောင်၊ အောင်ကျော်ထက်

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ် ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရေး ဆန္ဒပြဟောပြောပွဲကို ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အတွင်းရှိ ဗိုလ်စိန်မှန်ကွင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား ညီနောင်များ အင်အားစုက ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။အဆိုပါ ဆန္ဒပြဟောပြောပွဲတွင် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာတော်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ ဦးဆောင်သူ အချို့တို့က ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေး တောင်းဆိုကြောင်း ဟောပြောမှု ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀၀ ကျော် လာရောက်ခဲ့ကြသည်။ဆန္ဒထုတ်ဖော်သူများမှ “Free ZawLin & Win Zaw Tun We Ask For Justice”၊ “ငါ့တို့ အမျိုးသား ချက်ချင်းလွှတ်” စသည့် စာသားပါ ဗီနိုင်းများ ကိုင်ဆောင်၍ “ဝင်းနဲ့ဇော်ကို ချက်ချင်းလွှတ်”၊ “ထိုင်း-မြန်မာ ချစ်ကြည်ဖို့ ဝင်းနဲ့ဇော်ကို ချက်ချင်းလွှတ်”၊ “မတရား ပြစ်မှုပြစ်ဒဏ် တို့လက်မခံ” ဟု ကြွေးကြော်သံများ ကြွေးကြာ်ခဲ့ကြသည်။ထို့သို့ ဆန္ဒပြ ဟောပြောပွဲအပြီးတွင် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာတော်များနှင့် ဦးဆောင်သူအချို့က ထိုင်းနိုင်ငံသံရုံးသို့ သွားရောက်၍ ထိုင်းဘုရင်ထံသို့ လည်းကောင်း၊ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းစစ်သံမှူးနှင့် ထိုင်းတရား စီရင်ရေးထံသို့ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြကြောင်း သိရသည်။ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး ညီနောင်များ အင်အားစုက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်တွင် ပါဝင်သည့် အချို့မှာ နိုင်ငံ့ဂုဏ်သိက္ခာနှင့် နိုင်ငံအကျိုးစီးပွားကို ကာကွယ်လိုသော ဆန္ဒဖြင့် အပြစ်မဲ့သူကို အပြစ်ပုံချရခြင်းမျိုး မဖြစ်စေရန်နှင့် ဖြစ်ပေါ်ခဲ့ပါက နောင်အခါတွင် အမှန်တရား ပေါ်ပေါက်လာသည့်အခါ ပေးဆပ်ရမည့် တိုင်းပြည်ဂုဏ်သိက္ခာသည် ပိုမိုးဆိုးရွားစွာ ထိခိုက်နိုင်သည်ကို သတိပြုသင့်ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍ မှုခင်းနှင့် ပတ်သက်၍လည်း သံသယ ဖြစ်ဖွယ်မှုများ ရှိနေကြောင်း ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ တုံ့ပြန်ချက်များအရ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရ အထက်တရားရုံး အဆင့်ဆင့်က အဆိုပါအမှုကို ပြန်လည်စီရင်ပေးပါရန် တောင်းဆိုအပ်ပါသည်ဟု အကြောင်းအရာများ ပါဝင်ခဲ့သည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင်ပင် ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ် ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဦးဆောင်၍ အင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ကော်စမွီခရိုင် တရားသူကြီးက လူသတ်မှု၊ မုဒိမ်းမှု၊ နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု၊ တရားမဝင် နေထိုင်မှု အပါအဝင် အမှုခုနစ်မှုဖြင့် သေဒဏ်နှင့် ထောင်ဒဏ်နှစ် ၂၀ တပေါင်းတည်း ကျခံစရန် အမိန့်ချမှတ်ခဲ့သည့်အပေါ် ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီး၌ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်မှုများ၊ ဆုတောင်းပွဲ များကို ပြည်သူလူထုက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent