ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် တည်ဆောက်မည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော အငှားအိမ်ရာစီမံကိန်းအား တစ်လလျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။ယင်းအငှားအိမ်ရာအား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂) လမ်းမကြီး နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ အကျယ်အဝန်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်ဖြစ်ကြောင်း၊ အခန်းများကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက် အတွင်း စတင် လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။“သက်သာတဲ့ ဈေးနဲ့ ငှားပေးသွားမှာပါ။ တစ်လကို ကျပ် ၅၀၀၀၀ ဝန်းကျင်လောက်နဲ့ ငှားဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းအိမ်ရာ တည်ဆောက်ခွင့်အား ပုဂ္ဂလိကကုမ္ပဏီ ၂၀ ကျော်က အပိုင်းလိုက် ခွဲဝေတည်ဆောက်ခွင့် တင်ဒါများရရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု သိရသည်။အဆိုပါ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ် ၂၀ ဘီလျံ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ယခုတည်ဆောက်မည့် အငှားအိမ်ရာတွင် အခန်းပေါင်း ၁၂၀၀ သာ ရှိနေသဖြင့် အိမ်ရာမပိုင်ဆိုင်သူနှင့် ကျူးကျော်အရေအတွက် များပြားနေသော ရန်ကုန်မြို့အတွက် လုံလောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။ ထိုသို့ ငှားရမ်းပေးမည့် အခန်းထက် လျှောက်ထားသူ ပိုမိုများပြားပါက မဲနှိုက်သည့် စနစ်ဖြင့် ငှားရမ်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ဒဂုံမြို့သစ်တောင်ပိုင်းတွင် တည်ဆောက်မည့် အငှားအိမ်ရာ စီမံကိန်းအား တစ်လလျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်ဖြင့် ငှားရမ်းမည်ဟု ဆို















