အစိုးရသစ် လက်ထက်တွင် ဖွဲ့စည်းမည့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲစာရင်း တိကျမှန်ကန်ရေးကို ပထမဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အောက်ချင်း လူမှုအဖွဲ့အစည်း တိုက်တွန်း

အစိုးရသစ် လက်ထက်တွင် ဖွဲ့စည်းမည့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲစာရင်း တိကျမှန်ကန်ရေးကို ပထမဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အောက်ချင်း လူမှုအဖွဲ့အစည်း တိုက်တွန်း
Published 30 December 2015
ကျော်ဇင်ဝင်း

အစိုးရသစ် လက်ထက်တွင် ဖွဲ့စည်းမည့် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မဲစာရင်း တိကျ မှန်ကန်ရေးကို ပထမဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အောက်ချင်း လူမှုအဖွဲ့အစည်း (Hornbill) အဖွဲ့က တိုက်တွန်း ပြောကြားသည်။Hornbill အဖွဲ့၏ ၂၀၁၅ ရွေးကောက်ပွဲကာလ စောင့်ကြည့်လေ့လာရေး နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်ပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ရာတွင် ထပ်မံ ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မည်သည့်အချက်များ ပြင်ဆင်ထားသင့်ကြောင်း မေးမြန်းမှုအပေါ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။“၂၀၁၅ က ကျော်လာပြီဆိုတော့ ၂၀၁၆ နဲ့ ၂၀၂၀ ကြားမှာ ကျွန်တော်တို့ ကြုံတွေ့လာမယ့် ရွေးကောက်ပွဲတွေအတွက် နံပါတ် (၁) ပထမဦးဆုံး အရေးကြီးဆုံးကတော့ မဲစာရင်း မှန်ကန်တိကျတဲ့ စာရင်းဇယားတွေ ထွက်လာဖို့က အရေးကြီးတယ်။ အဲဒီတော့ ၂၀၁၆ မှာ ဘယ်ကော်မရှင်ပဲ တက်လာတက်လာ။ ဘယ်အစိုးရပဲ တက်လာတက်လာ ဒီဥစ္စာကို မဲစာရင်း မှန်ကန်တိကျတဲ့ ထွက်လာဖို့ကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်။ လိုလည်း လိုအပ်တယ်။ တိုက်လည်း တိုက်တွန်းထားတယ်” ဟု Hornbill အဖွဲ့မှ ဒါရိုက်တာ ကိုချန်လျန်းက ပြောကြားသည်။ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှစ၍ အောက်ခြေကော်မရှင် အဆင့်ဆင့်နှင့် မဲရုံမှူးများအား သင်တန်းပို့ချသည့် အပိုင်းတွင် သတင်းစီးဆင်းမှုသည် အချိန်နှင့် တစ်ပြေးညီ မသွားနိုင်သည့် အပိုင်းများ တွေ့ရကြောင်း၊ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် တားမြစ်ချက်များကို မဲရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သူများသည် အသေးစိတ် မသိရှိသောကြောင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရာတွင် ပုဂ္ဂိုလ်ရေးအရ ဥပဒေတွင် တားမြစ်ထားသည့် ကိစ္စများကို ခွင့်ပြုပေးမှုများ ရှိခဲ့သည့်အတွက် ဥပဒေနှင့် နည်းဥပဒေများကို အသေးစိတ် သိရှိနိုင်ရန် ရွေးကောက်ပွဲ နီးကပ်မှသာ သင်တန်းပေးသည့်ပုံစံ မဟုတ်ဘဲ ပြည်သူများပါ သိရှိနိုင်ရန် မီဒီယာများတစ်ဆင့်ဖြစ်စေ၊ အခြား သတင်းအချက်အလက် ဖြန့်ချိသည့် နည်းစနစ်များကို အသုံးပြု၍ ကြိုတင် ဆောင်ရွက်ထားသင့်ကြောင်း ၎င်းက ပြောကြားသည်။ထို့အတူ ၂၀၁၅ အလွန် ရွေးကောက်ပွဲများအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်မှု အပိုင်းသည်လည်း လိုအပ်ကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် အားနည်းချက်ဖြစ်သည့် ရွေးကောက်ပွဲ နီးကပ်ချိန်ကျမှ ပြည်သူများထံ မဲသွားတောင်းသည့် ပုံစံမျိုး မဟုတ်ဘဲ ငါးနှစ်အတွင်း ပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရန် ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။အလားတူ အစီရင်ခံစာတွင် နိုင်ငံရေး ပါတီကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်ကို လိုက်နာမှု အားနည်းပြီး ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆိုမှု၊ လူမျိုးရေးနှင့် ဘာသာရေးကို အသုံးချမဲဆွယ် စည်းရုံးမှုနှင့် ငွေပေးစည်းရုံးမှု ဖြစ်စဉ်အချို့အား ရေးသားထားသည်။          

Most Read

Most Recent