အနိုင်ရ NLD ပါတီမှ တိုင်းရင်းသား အရေးနှင့် ပြည်ထောင်စုအရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းပါက ညှိနှိုင်းဆွေးနွေးရန် UNA အဖွဲ့ဝင် ပါတီခေါင်းဆောင်များ အစည်းအဝေး၌ ဆုံးဖြတ်

အနိုင်ရ NLD ပါတီမှ တိုင်းရင်းသား အရေးနှင့် ပြည်ထောင်စုအရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းပါက ညှိနှိုင်းဆွေးနွေးရန် UNA အဖွဲ့ဝင် ပါတီခေါင်းဆောင်များ အစည်းအဝေး၌ ဆုံးဖြတ်
Published 29 December 2015

အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တိုင်းရင်းသားအရေးနှင့် ပြည်ထောင်စုအရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းပါက ညှိနှိုင်းဆွေးနွေးရန် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့ဝင် ပါတီခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီခေါင်းဆောင်များ၏ နှစ်ရက်ကြာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ဒီဇင်ဘာ ၂၉ ရက်က စတင် ပြုလုပ်ခဲ့ပြီး အစည်းအဝေး ညနေပိုင်း အစီအစဉ်၌ ဆွေးနွေးဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
“NLD နဲ့ ဆက်ဆံရေး ကိစ္စကတော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။ NLD နဲ့ UNA အဖွဲ့ဝင် ပါတီတွေ ၁၉၉၀ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ပေါ်ပေါက်ရေး တိုင်းရင်းသား အရေးအတွက် CRPP ခေါ် လွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့ပြီးဆောင်ရွက် ခဲ့တာတွေရှိတယ်။ အခုလည်းပဲ ၂၀၁၅ မှာ တစ်ကျော့ပြန် NLD က ရွေးကောက်ပွဲမှာ အနိုင်ရသလို UNA အဖွဲ့ဝင် လေးပါတီကလည်း အနိုင်ရတယ်။ ဒီတော့လွှတ်တော်တွင်း လွှတ်တော်ပြင်ပမှာ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးများကို ဘယ်လိုလက်တွဲ ဆောင်ရွက်နိုင်မလဲ။ ဒါတွေကို NLD က ဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့ရင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု UNA အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအေးသာအောင်က ဆိုသည်။
သို့ရာတွင် UNA အဖွဲ့အနေဖြင့် NLD မှ ဆွေးနွေးရန် ကမ်းလှမ်းပါက ပြန်လည်ဆွေးနွေးရန် အသင့်ပြင်ဆင် ထားခြင်းဖြစ်ပြီး ဆွေးနွေးရေး ကော်မတီ ဖွဲ့စည်းထားခြင်းမျိုး မရှိကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် အဆိုပါ UNA အဖွဲ့ဝင်ပါတီ ခေါင်းဆောင်များ အစည်းအဝေးတွင် UNA အဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒ၊ ဖွဲ့စည်းပုံ စည်းမျဉ်းအား ဆွေးနွေးအတည်ပြုခဲ့သဖြင့် ယင်းဖွဲ့စည်းပုံ စည်းမျဉ်းများအား UNA အဖွဲ့သို့ ဝင်ရောက်ရန် ကမ်းလှမ်းထားသည့် ပါတီများထံပေးပို့၍ လက်ခံနိုင်ခြင်း ရှိ၊ မရှိ သဘောထား တောင်းခံပြီးမှသာ အဖွဲ့ဝင်သစ်အဖြစ် လက်ခံရန် ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
UNA အဖွဲ့ဝင်ပါတီ ခေါင်းဆောင်များ အစည်းအဝေး နံနက်ပိုင်းတွင် အစည်းအဝေး သဘာပတိအဖြစ် မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ နိုင်သက်လွင်က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကာ အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ ၃၀ ရက်တွင် ဆက်လက် ပြုလုပ်မည်ဖြစ်သည်။
UNA အဖွဲ့ဝင်ပါတီ ရှစ်ပါတီရှိသည့် အနက် ၂၀၁၅ ရွေးကောက်ပွဲတွင် လေးပါတီက အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နေရာ ၄၀၊ ရခိုင် အမျိုးသားပါတီက ၄၄ နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ခြောက်နေရာနှင့် မွန်အမျိုးသားပါတီက သုံးနေရာ အနိုင်ရရှိထားသည်။

Most Read

Most Recent