မော်ဒယ်အေးချမ်းမြတ်မိုးအား သတ်ခဲ့သည်ဟု ယူဆကာ အင်းစိန်ထောင်အတွင်း ဖမ်းဆီး တရားစွဲခံထားရသော ဒဂုံမြို့နယ်နေ အံ့ဖြိုးပိုင်အား ဒီဇင်ဘာ၂၉ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံး၊ ခရိုင်တရားသူကြီးက တရားခွင်၌ အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်ဆွေဆွေက ပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် ချုပ်ရက် ထုတ်နုတ် ခံစားခွင့်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။
ထိုသို့ အမိန့်ချမှတ်စဉ် တရားရုံးအပြင်ဘက်တွင် တရားခံဘက်နှင့် တရားလိုဘက် နှစ်ဖက်သူငယ်ချင်းအချို့ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရားသူကြီး အမိန့်စာဖတ်ကြားရာတွင် ပါဝင်သည်အချို့မှာ ယခုအမှုသည် မျက်မြင်သက်သေ မရှိသောအမှုဖြစ်ကြောင်း၊ တရားခံအား သေဆုံးသူက ဖေ့စ်ဘွတ် မက်ဆေ့မှတစ်ဆင့် ခေါ်ဆိုထားသည်ကို ရဲတပ်ဖွဲ့အား တရားခံက ပြသခဲ့ပြီး တရားခံ ပြောပြသည့် သေဆုံးသူ ကိုင်ဆောင်သည့် ဖုန်းနံပါတ်အား သေဆုံးသူ၏ မိသားစုဘက်မှ ငြင်းဆိုခဲ့ခြင်း မရှိ ကြောင်း၊ တရားခံပြသက်သေများ၏ စစ်ဆေးချက်အရ သေဆုံးသူနှင့် တရားစွဲခံရသူတို့မှာ သမီးရည်းစားများ ဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ကြောင်းနှင့် အံ့ဖြိုးပိုင်အား ယခင်စွဲချက် တင်ထားသည့် ပုဒ်မ ၃၀၂ (၁) (ခ) တင်ကူး ကြံရွယ်ချက်ဖြင့် ကျူးလွန်သည်ဟု မရှိကြောင်းတို့ ပါရှိခဲ့သည်။
သို့သော် အေးချမ်းမြတ်မိုး သေဆုံးခဲ့ခြင်းမှာ အံ့ဖြိုးပိုင်ကြောင့် ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ကြောင်း သိရပြီး အမိန့်ချမှတ်ပြီးနောက် အံ့ဖြိုးပိုင်အား အင်းစိန်အကျဉ်းထောင်သို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားသူကြီး အမိန့်ချမှတ်ပြီး နောက် သေဆုံးခဲ့သူ၏ မိခင်ဖြစ်သူက အမိန့်မှာ တရားမျှတမှုမရှိကြောင်း၊ မိမိလူသတ်လျှင် ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်မည်လားဟု ပြောဆိုမှုများရှိခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များက အမိန့်ချမှုပေါ် ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါအမိန့်နှင့် ပတ်သက်၍ သေဆုံးသူ၏ မိဘများက ကျေနပ်မှုမရှိသဖြင့် အထက်တရားရုံး အဆင့်ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မော်ဒယ်အေးချမ်းမြတ်မိုးအား သတ်သဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် အံ့ဖြိုးပိုင်ကို ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
“ပထမတရားသူကြီးက ဒီအနောက်ပိုင်းခရိုင် တရားရုံးမှာ စပြီးတော့ တာဝန်ယူတဲ့ နေ့ကစပြီးတော့ အမှုကိုစစ်လိုက်တာ ပင်စင်ယူသွားတဲ့အထိ မပြီးဘူး။ ဒီအမှုမှာ တရားခံကို ဓားနဲ့အတူ သူ့နေအိမ်မှာ တစ်နာရီအတွင်းမှာ မိတယ်။ ဒါပေမဲ့ အမှုကို စစ်နေလိုက်တာက တစ်နှစ်နဲ့ ငါးလ ကြာသွားတယ်။ ဒါပေမဲ့ ကျွန်တော်က ဥပဒေဘောင်ထဲက ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မပြောလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလူသတ်မှုကြီးတစ်ခုလုံးကို အမှန်တိုင်း စီရင်မယ်လို့ မျှော်လင့်ထားတာ။ အဲဒီတော့ ဒီဓားက ဘယ်သူ့ဓားလဲ။ မိန်းမကိုင်တဲ့ဓား မဟုတ်ဘူး။ ဓားမှာ ခွေးသွားစိတ်တွေ ပါတယ်။ အဲဒီလို ခွေးသွားစိတ်ပါတဲ့ ဓားတွေကို မိန်းမတွေက တော်ရုံတန်ရုံကိုင်ပါ့မလား။ ဓားက အရိုးအသွား ကိုးလက်မလောက် ရှိတယ်။ ကြံစည်ပါတယ်ဆိုတဲ့ ဒီဓားကို သုံးသပ်ချက်မှာ ဖျောက်ထားတယ်”ဟု သေဆုံးသူ၏ဖခင် ဦးဝဏ္ဏက မီဒီယာများအား ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းင်းက “နောက်တစ်ခါ မိန်းကလေးက အရပ် ၅ ပေ ၁ လက်မတောင် မပြည့်ဘူး။ ပေါင် ၉၅ ပေါင်ပဲရှိမယ်။တရားခံ အံဖြိုးပိုင်ဟာ ၅ ပေ ၈ လက်မလောက်ရှိတယ်။ ပေါင် ၁၃၀ လောက် ရှိတဲ့သူတစ်ယောက်က ဒီမိန်းကလေးတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် လုပ်တဲ့ဟာကို ဝင်ဆွဲရင်းနဲ့ ထိပါတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြီးက အဓိပ္ပာယ်မရှိတဲ့ သုံးသပ်ချက်လို့ ကျွန်တော့် အနေနဲ့ ယူဆတယ်။ သူကိုယ်၌ကလည်း သတ်ပါတယ်လို့ ရဲစခန်းမှာလည်း ဝန်ခံပြီးပြီ။လည်ပင်းမှာ ရတဲ့ဒဏ်ရာရဲ့ အတိမ်အနက်ကိုကြည့်ပါ။ လည်ပင်းရိုးတောင် ကျိုးသွားတယ်။ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးမယ်ဆိုရင် လည်ပင်းရိုး ကျိုးဖို့ဆိုတာ မလွယ်ပါဘူး။ တကယ့်ကိုသန်မာတဲ့ ယောကျ်ားတစ်ယောက်က ထိုးတဲ့အတွက် လည်ပင်းရိုးကျိုးတဲ့အထိ ဖြစ်တာပါ။ အဲဒါကို တရားသူကြီးက ပုဒ်မ ပြောင်းပေးလိုက်တယ်။ကျွန် တော်လုံးဝမကျေနပ်ပါဘူး။ ကျွန်တော်အမှုနဲ့ ပတ်သက်ပြီး အထက်ကို ဆက်တက်ပါမယ်။အခုမိန်းကလေးတွေ ဓားနဲ့ အထိုးခံခဲ့ရတဲ့ ဖြစ်စဉ်တွေ များလာတယ်။ ဒီလို လူသတ်မှု ကျူးလွန်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အမိန့်မချမှတ်ဘူးဆိုရင် လူသတ်ကျူးလွန်သူတွေ ပိုမို များပြား လာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် သေဆုံးသူ၏ မိခင် ၊အစ်မ၊ အစ်ကို၊ အခင်း မဖြစ်မီ အေးချမ်းမြတ်မိုးနှင့်အတူ မုန့်ထွက် စားခဲ့သည့် သူငယ်ချင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မှုခင်းဆရာဝန်ကြီးတို့အား တရားရုံးတွင် စစ်ဆေးခဲ့ပြီး စုစုပေါင်းသက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် တရားရုံးသို့တင်ပြခဲ့သည့် ၎င်း၏သူငယ်ချင်းများ အပါအဝင် စုစုပေါင်း ၁၉ ဦးခန့် ကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အံ့ဖြိုးပိုင်က အမှုနှင့်ပတ်သက်၍ ကိုယ်တိုင် ထွက်ဆိုရာ၌ အခင်းဖြစ်ဓားမှာ ၎င်းဓား မဟုတ်ဘဲ သေဆုံးခဲ့သူ အေးချမ်းမြတ်မိုး၏ ဓားသာဖြစ်ကြောင်း၊ အေးချမ်းမြတ်မိုးလက်ထဲတွင် ကိုင်ဆောင်ထားသော ဓားကို ဆွဲလုရာမှ သူမ၏လည်ပင်းကို ဓားဖြင့် ထိခိုက်မိခြင်း ဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုထားကြောင်း သိရသည်။
မှုခင်းဆရာဝန်ကြီးက အေးချမ်းမြတ်မိုးမှာ လည်ပင်းရိုးကျိုး၍ သွေးလွှတ်ကြောပြတ်ကာ သေဆုံးရခြင်းဖြစ်ပြီး ယင်းကဲ့သို့ သွေးလွှတ်ကြော ပြတ်ခြင်းကြောင့် ဆေးရုံသို့ အချိန်မီ ရောက်ခဲ့ပါကလည်း အသက်ရှင်နိုင်သည် သေနိုင်သည် မပြောနိုင်ပါဟု တရားရုံးသို့ ထွက်ဆိုထားသည်။
မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် တရားရုံးတွင် နှစ်ဖက် တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ခွဲ ကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။