လွှတ်တော်တွင် အောင်မြင်ခဲ့သော အစိုးရသို့ တိုက်တွန်းသည့် အဆိုများနှင့် ပတ်သက်၍ အကောင်အထည် ဖော်ပေးမှု နည်းပါးသောကြောင့် နာမည်ပျက်ရုံသာ ရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

လွှတ်တော်တွင် အောင်မြင်ခဲ့သော အစိုးရသို့ တိုက်တွန်းသည့် အဆိုများနှင့် ပတ်သက်၍ အကောင်အထည် ဖော်ပေးမှု နည်းပါးသောကြောင့် နာမည်ပျက်ရုံသာ ရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား
Published 28 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လွှတ်တော်တွင် အောင်မြင်ခဲ့သော အစိုးရသို့ တိုက်တွန်းသည့် အဆိုများနှင့် ပတ်သက်၍ အကောင်အထည် ဖော်ပေးမှု နည်းပါးသောကြောင့် နာမည်ပျက်ရုံသာ ရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။သူရဦးရွှေမန်းက နေပြည်တော်တွင် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင် ပြိုမှုဖြစ်ပေါ်နေခြင်း၊ စွမ်းအားကြီးမားသည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာ၀ သယံဇာတများ ထုတ်လုပ်နေခြင်း ကိစ္စတို့နှင့် ပတ်သက်ပြီး သတ္တုတွင်း ဝန်ကြီးဌာနမှ ရှင်းလင်းခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများ အပြီးတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်တော့်ဆီကို အရေးကြီး အဆိုတွေရော၊ အခြားရိုးရိုး အဆိုတွေရော၊ နှုတ်နဲ့တင် ပြတာတွေရော အများကြီး ဖြစ်ပါတယ်။ ဒီဖားကန့် ဒေသနဲ့ ပတ်သက်လို့။ သို့ရာတွင် လွှတ်တော်ရဲ့ အချိန်နဲ့ အခြေအနေအရ ပြည်သူ့ လွှတ်တော်မှာ တင်ပြတာ ရှိတယ်။ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြတာ ရှိတယ်။ နောက်ဆုံးကျတဲ့ အခါကျတော့ အရေးကြီး အဆိုအဖြစ် ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်ကနေပြီးတော့ အဆုံးအဖြတ်တစ်ခု ပေးရတယ်။ ပေးတဲ့ အဆုံးအဖြတ်က ချက်ချင်း ဆုံးဖြတ်တတ်တဲ့ အဆုံးအဖြတ် ဖြစ်တဲ့အတွက် မှန်ချင်မှ မှန်မယ်။ လွဲမှားမှုတွေလည်း ရှိနိုင်မယ်။ ဒါကြောင့်မို့လို့  ဒါကို အဆိုတစ်ရပ် အနေနဲ့ မဆောင်ရွက်ပါနဲ့ ကျွန်တော့်အနေနဲ့ပဲ ပြည်ထောင်စု အစိုးရ သမ္မတကြီးဆီကို သဝဏ်လွှာပေးမယ်။ ပေးတဲ့အခါမှာ သမ္မတကြီး တာဝန်ပေးတဲ့လူနဲ့ ဆွေးနွေးချက်ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ နားထောင်မယ်။ ပြီးတဲ့အခါမှာ ကျွန်တော်တို့ဘက်က ထိုက်သင့်တဲ့ အကြံဉာဏ် ပေးနိုင်လိမ့်မယ်လို့ ယူဆပြီးတော့ အခုလို သဝဏ်လွှာပါးခြင်း ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။ဆက်လက်ပြီး သူရဦးရွှေမန်းက “ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လွှတ်တော် အတွင်းမှာ အဆိုတွေ၊ အဆိုတွေ တင်လိုက်ကြတယ်။ အဆိုတွေ အောင်မြင်သွားတယ်။ အဲဒီအဆိုတွေ အောင်မြင်သွားသော်လည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဒီအဆိုကို ဘယ်လောက်အထိများ အရေးယူ အကောင်အထည် ဖော်ပေးတာရှိလဲ။ ကျွန်တော်တို့ ပြောမယ်ဆိုရင် နာမည်ပျက်တာပဲ ရှိတယ်။ အဲဒီတော့ အဲဒီလိုဆိုရင် သူနာမည်ပျက်၊ ကိုယ်နာမည်ပျက်မယ့်အစား ဘာပဲဖြစ်ဖြစ် ဒီလို လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် တစ်တိုင်းပြည်လုံးက သိပါတယ်။ ပြီးတဲ့အခါမှာ လွှတ်တော်ထဲမှာ လာဆွေးနွေးသွားတာတွေဟာ မှတ်တမ်း ကျန်နေခဲ့တယ်။ ဒီလို ရည်ရွယ်ပြီးတော့ စေတနာကောင်းနဲ့ လုပ်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။ကချင်ပြည်နယ် ဖားကန့် ဒေသတွင် မြေစာတောင် ပြိုမှုဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သတ္တုတွင်း ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုသည် ကောင်းမွန်ကြောင်း၊ သို့ရာတွင် မကောင်းသည်များလည်း ပါကြောင်း၊ သတိပြု ဆင်ခြင်ရန် လိုအပ်ကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။“အခုနက သက်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောတာတွေ တော်တော် ကောင်းပါတယ်။ သို့ရာတွင် မကောင်းတာတွေလည်း ပါပါတယ်။ ဒါတွေ သတိပြုပြီးတော့ ဆင်ခြင်ဖို့ လိုပါတယ်။ ရှုထောင့် တစ်ခုတည်းက ကြည့်မယ်ဆိုရင် တိုင်းသူပြည်သားတွေ ပြီးတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ စိတ်ထဲမှာ အနာတရ ကျန်သွားလို့ရှိရင် ကျွန်တော်တို့ လိုချင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အင်မတန်မှ ခက်ခဲမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူ့ဘက် ကိုယ့်ဘက် မျှမျှတတ စဉ်းစားဆွေးနွေး ညှိနှိုင်းခြင်းဟာ ကောင်းတယ်လို့ ကျွန်တော် ဒီမှာ အဖြေထုတ်ချင်ပါတယ်” ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ သဘောထား မှတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရေးယူ ဆောင်ရွက်ခြင်း၊ ဖြေရှင်းပြန်ကြားခြင်းများကို ပီပြင်စွာ ဆောင်ရွက်သင့်ကြောင်း အဆိုပါ ကော်မတီက တိုက်တွန်းထားသည်။လွှတ်တော်မှတစ်ဆင့် ပြည်သူများ၏ တိုင်ကြားမှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ က အနည်းငယ်မျှသာ ပြန်ကြားသဖြင့် တိုင်ကြားစာ လျော့နည်းလာကာ ကော်မတီများအပေါ် ယုံကြည်မှု လျော့ကျလာကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ဒီဇင်ဘာ ၃ ရက်က အစီရင်ခံစာ တင်သွင်းထားသည်။

Most Read

Most Recent