အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တရားဝင် တင်သွင်းထားခြင်း မရှိသေးကြောင်းနှင့် လက်ရှိ သက်တမ်းအတွင်း အတည်ပြုနိုင်မည် မဟုတ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ပြောကြား

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တရားဝင် တင်သွင်းထားခြင်း မရှိသေးကြောင်းနှင့် လက်ရှိ သက်တမ်းအတွင်း အတည်ပြုနိုင်မည် မဟုတ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ပြောကြား
Published 28 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တရားဝင် တင်သွင်းရခြင်း မရှိသေးကြောင်းနှင့် လက်ရှိ လွှတ်တော် သက်တမ်းအတွင်း အတည်ပြုနိုင်မည် မဟုတ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။အဆိုပါ ကာ/လုံ ဥပဒေကြမ်းအား လွှတ်တော်ရုံးမှ ကိုယ်စားလှယ်များ လေ့လာနိုင်ရန် ကြိုတင် ဖြန့်ဝေထားခြင်းဖြစ်ပြီး လွှတ်တော်သို့ တရားဝင် တင်သွင်းထားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ဒေါက်တာ မြတ်ဉာဏစိုးက ကာ/လုံ ဥပဒေကြမ်းသည် လွှတ်တော်သို့ တင်ရခြင်း မရှိသေးကြောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့မှ တင်သွင်းသည့် ဥပဒေကြမ်း မဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပုဂ္ဂလိက အနေဖြင့် တင်သွင်းမည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါ ဥပဒေအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြက တင်သွင်းရန် တင်ပြထားခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ဦးတင်မြသည် လက်ရှိအချိန်တွင် ကျန်းမာရေးအရ ခွင့်ရက်ရှည် ယူထားကြောင်း၊ မည်သည့် ကိုယ်စားလှယ်အား လွှဲထားသည်ကို မသိသေးကြောင်း၊ ဦးတင်မြ တင်သွင်းလာမည့် ပုဂ္ဂလိက ဥပဒေကြမ်းအား လွှတ်တော်တွင် တင်သွင်းလာပါက ဥပဒေကြမ်း ကော်မတီ အနေဖြင့် အစီရင်ခံစာ တင်သွင်းရမည် ဖြစ်ကြောင်း၊ လက်ခံ ဆွေးနွေးရန် သင့်မသင့် ဆွေးနွေးရမည် ဖြစ်ကြောင်း ပြောကြားသည်။အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်မှ ပညာရှင်များဖြင့် ရေးဆွဲထားသည့် ဥပဒေကြမ်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ခန့်က တင်သွင်းရန် ကြိုးစားခဲ့ကြောင်း၊ ယင်းအချိန်က တင်သွင်းပါက ဥပဒေ၏ အကျိုးသက်ရောက်မှုသည် တစ်မျိုးဖြစ်ကြောင်း၊ လွှတ်တော်သက်တမ်း ကုန်ဆုံးခါနီးမှ တင်သွင်းလာသည့်အတွက် အချိန်မရနိုင်ကြောင်း၊ လွှတ်တော် သက်တမ်းသည် ရက် ၂၀ ခန့်သာ ကျန်ရှိတော့ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။“အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းဟာ အမျိုးသား လွှတ်တော်မှာ စတင် တင်သွင်းရမှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော် အနေနဲ့ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါ့မလား။ ပြည်သူ့ လွှတ်တော်ဘက် ပို့ပါကလည်း ပြည်သူ့ လွှတ်တော်ဘက်မှာ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ အချိန်ကာလ အလွန် နည်းပါးနေတဲ့အတွက် အကျဉ်းထောင်များ ဥပဒေကဲ့သို့ ပြည့်စုံမှု မရှိနိုင်တဲ့အတွက် ပထမအကြိမ် လွှတ်တော် သက်တမ်းမှာ မဆောင်ရွက်နိုင်မယ့် ဥပဒေ အများကြီး ရှိနေပါတယ်။ ကာလုံ ဥပဒေဟာလည်း လွှတ်တော်ကို ဒီနေ့အထိ တရားဝင် တင်သွင်းနိုင်ခြင်း မရှိသေးဘူး။ အဲဒီတော့ လွှတ်တော်မှာ ဦးတင်မြကိုယ်စား အခြား ကိုယ်စားလှယ် တစ်ဦးက တင်သွင်းပေးလို့တော့ ရတယ်။ လွှတ်တော်ရုံး အနေနဲ့ကတော့ ကိုယ်စားလှယ်တွေ လေ့လာနိုင်ရန်အတွက် ဖြန့်ဝေထားခြင်း ဖြစ်ပါတယ်” ဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။အဆိုပါ ဥပဒေအား လွှတ်တော်တွင် တင်သွင်းရမည့်ရက်၊ ဆွေးနွေးမည့်ရက်များကို တွက်ကြည့်ပါက အချိန်ကာလသည် အင်မတန် တိုတောင်းကြောင်း၊ ထို့အတွက် ဥပဒေကြမ်းသည် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ဥပဒေအဖြစ် အသက်ဝင်ရန် အင်မတန်မှ အခွင့်အရေး နည်းနေပြီ ဖြစ်ကြောင်း၊ ယခု လွှတ်တော် သက်တမ်းတွင် အတည်ပြုနိုင်ရန် မဖြစ်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။ထို့အပြင် လွှတ်တော်သက်တမ်း ကုန်ဆုံးရန် တစ်လခန့်သာ ကျန်ရှိတော့ချိန်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းအား အတည်ပြု ပြဋ္ဌာန်းရန် မသင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ပြောကြားမှုများ ရှိခဲ့သည်။

Most Read

Most Recent