တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို ပိုမို အကာအကွယ်ပေးရေး မြန်မာ-တရုတ် အစိုးရအဖွဲ့ ဆွေးနွေး

တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို ပိုမို အကာအကွယ်ပေးရေး မြန်မာ-တရုတ် အစိုးရအဖွဲ့ ဆွေးနွေး
Published 27 December 2015

တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို ပိုမို အကာအကွယ်ပေးရေး မြန်မာ-တရုတ် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး အဆင့်မြင့် အရာရှိများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ပုသိမ်မြို့ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ခဲ့သည့် ယင်းဆွေးနွေးပွဲသို့ တရုတ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Wang Weiguo (အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် အမျိုးသား လုပ်ငန်းကော်မတီရုံး၊ နိုင်ငံတော်ကောင်စီ) နှင့် မြန်မာနိုင်ငံမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဦးဆောင်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ယင်းအပြင် နိုင်ငံတကာ အဖွဲ့အစည်း ငါးခု တက်ရောက်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ဆွေးနွေးပွဲ အဓိက အကြောင်းအရာအဖြစ် မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုမှာ ဆက်လက်မြင့်တက်သည့် အနေအထားတွင် ရှိနေသည့်အတွက် တရုတ်နိုင်ငံ အစိုးရ အနေဖြင့် ပူပေါင်းတားဆီးမှုကို ပိုမိုပြုလုပ်ပေးရန်ဖြစ်ပြီး လူကုန်ကူးခံရသည့် အမျိုးသမီးများကိုလည်း ပိုမို အကာအကွယ်ပေးနိုင်သည့် ဥပဒေများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။တရုတ်အစိုးရ ကိုယ်စားလှယ် အဖွဲ့က တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားအဖြစ်ပေးရန် ဥပဒေနှင့် မညီဘဲ နေထိုင်ခွင့်ပြုရန်သာ တတ်နိုင်ကြောင်း၊ သို့သော် တရုတ် အမျိုးသားနှင့် ရရှိသည့် ကလေးကို နိုင်ငံသားအဖြစ်ပေးခွင့် ရှိမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။သို့သော်လည်း တရုတ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံကို ပိုမို အလေးထားကြောင်း ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့သည်ဟု သိရသည်။ယခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာမကုန်မီအထိ လူကုန်ကူးခံရမှု ၁၂၀ တွင် တရုတ်နိုင်ငံနှင့် ဆက်စပ်သောအမှု ၇၆ မှုအထိရှိပြီး တရုတ်မယားအဖြစ် အများဆုံး ရောင်းစားခံနေရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် လူကုန်ကူးမှုများကို နှိမ်နှင်းနိုင်ရန်အတွက် ထိုင်းနှင့် တရုတ်နိုင်ငံတို့ဖြင့် အဓိကပူးပေါင်း ဆောင်ရွက်လျက် ရှိသော်လည်း လက်ရှိအချိန်အထိ လူကုန်ကူးမှုများကို လျော့နည်းသွားအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ယမန်နှစ် တစ်ခုလုံးတွင် စုစုပေါင်း ၃၀၉ ဦး လူကုန်ကူးခံခဲ့ပြီး အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၁၈၈ ဦးပါဝင်ခဲ့ကာ ယင်းအနက်မှ ၆၀ ကျော်အား ကယ်ဆယ်၍ မရသေးကြောင်း သိရသည်။အစိုးရသစ် လက်ထက် နှစ်အလိုက် လူကုန်ကူးခံရမှုနှင့် လူကုန်ကူးခံရသူ အရေအတွက် စာရင်းများအရ ၂၀၁၁ ခုနှစ် ၁၃၆ မှု၊ ၂၆၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၂၀ မှု၊ ၂၆၁ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၀၂ မှု၊ ၂၅၆ ဦးနှင့်၂၀၁၄ ခုနှစ်မှာ ၁၂၄ မှု၊ ၃၀၉ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။