ခိုထောင်စီရင်ချက် ဘာဆက်လုပ်ကြမလဲ

ခိုထောင်စီရင်ချက် ဘာဆက်လုပ်ကြမလဲ
Published 27 December 2015
ကျော်ဇောလင်း

“ဇော်လင်းနဲ့ ဝင်းဇော်ထွန်းကို လွှတ်ပေး”၊ “နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အမှုကို ပြန်သုံးသပ်ပေး”၊ “ငါတို့ နိုင်ငံသားတွေကို ကယ်တင်ပါ”၊ “မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် မျှတမှု ရှိဖို့ ကူညီကြပါ”၊ “မတရား ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ မြန်မာလူငယ် နှစ်ဦးအတွက် အမှန်တရား ဖော်ထုတ်ပေး” စတဲ့တောင်းဆိုသံတွေ မေးခွန်းထုတ်မှု၊ မကျေနပ်မှု၊ ကန့်ကွက်မှုတွေ ဘဝဂ်ညံနေပြီ။တစ်နှစ်ကျော် ကြာခဲ့တဲ့ ခိုထောင် “လိပ်ကျွန်း” လူသတ်မှုနဲ့ စွဲချက်အတင် ခံထားရတဲ့ မြန်မာနှစ်ဦးကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတောင်ပိုင်း ကော့စမွီခရိုင် တရားသူကြီးက အမှု ခုနစ်ခုအတွက် သေဒဏ်နဲ့ ထောင်ဒဏ်အနှစ် ၂၀ တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ဒီအမှုဟာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးက စိတ်ဝင်စားခဲ့တဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်။ ဒါဟာ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ စစ်ဆေးဖော်ထုတ်မှုမှာ ဟာကွက်တွေ၊ အငြင်းပွားဖွယ်ရာ အခြေအနေတွေ၊ မမြင်နိုင်တဲ့ ရှုပ်ထွေးမှုတွေကြောင့် အမှုမှန် ပေါ်ပေါက်ရေး လမ်းကြောင်းမှာ ဝိဝါဒ ကွဲပြားစရာတွေ အများကြီး ရှိခဲ့တယ်။ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေ၊ အမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ အဇ္ဈတ္တမှာ သားကောင်တွေလို ဖြစ်ခဲ့ရတာကတော့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ပဲ ဖြစ်နေပါတယ်။ မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်လိုက်ပြီး နောက်မှာတော့ မြန်မာနိုင်ငံ အတွင်းမှာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးအတွက် တရားမျှတမှု ရဖို့ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံ အနှံ့မှာလည်း အမှုနဲ့ ပတ်သက်တဲ့ အမှန်တရားဖြစ်ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ဆုတောင်းမှုတွေ ပြုလုပ်နေကြ ပြန်ပါတယ်။ ဒီတစ်ပတ်ရဲ့ သတင်း စာမျက်နှာတွေမှာ ခိုထောင်ကျွန်း လူသတ်မှုနဲ့ မြန်မာ နှစ်ဦးအတွက် မျှော်လင့်နေကြတဲ့ အမှန်တရားနဲ့ ပုစ္ဆာတစ်ခုဟာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ယခုတစ်ပတ် သတင်းသုံးသပ်ချက် အနေနဲ့ မြန်မာနှစ်ဦး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ ခိုထောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်တဲ့ သတင်းကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဒေးဗစ်မီလာနဲ့ ဟန်နာဝှပ်သာရစ်တို့နှစ်ဦး ကောစမွီခရိုင် လိပ်ကျွန်းမှာ အသတ်ခံခဲ့ရပါတယ်။ အသက် ၂၀ ကျော် ဟန်နာဝှပ်သာရစ်ဟာ မသေဆုံးမီ အဓမ္မပြုကျင့် ခံခဲ့ရပါတယ်။ ဒေးဗစ်မီလာနဲ့ ဟန်နာတို့ အသတ်ခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က အဲဒီ ကျွန်းပေါ်မှာရှိတဲ့ အလုပ်သမား ၂၀၀ ကျော်ကို သံသယမှုနဲ့ DNA စစ်ဆေးခဲ့ကြတယ်။ ဒီလို ပထမဦးဆုံး စစ်တဲ့ အချိန်မှာ အခု သေဒဏ်ချခံ လိုက်ရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ DNA နဲ့ သေဆုံးသူရဲ့ ကိုယ်ပေါ်က ရှိတဲ့ DNA ကိုက်ညီမှု မရှိခဲ့ပါဘူး။မှုခင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့ဟာ အခင်းဖြစ်တဲ့ နေရာကို ပိတ်ဆို့တားဆီးထားမှုမျိုး မလုပ်ခဲ့ဘူး။ အမှုမှန် ပေါ်ပေါက်ဖို့ ပိုက်စိတ်တိုက် စစ်ဆေးရမယ့် နေရာမှာ ပျက်ကွက်မှုတွေ ရှိခဲ့တယ်။ အစ ကနဦးမှာ ကျွန်းပေါ်က ရွှေ့ပြောင်း အလုပ်သမားတွေ၊ အသတ်ခံရသူတွေနဲ့ အတူ ရှိနေသူတွေ၊ ကျွန်းပေါ်က သြဇာရှိသူ တစ်ဦးရဲ့ သားကိုပါ သံသယရှိသူအဖြစ် သတ်မှတ်ခဲ့တယ်။ဒါပေမဲ့ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့အမှု မထင်မှတ်ဘဲ ကြီးမားကျယ်ပြန့်သွားတဲ့ အချိန်မှာ ထိုင်းရဲတပ်ဖွဲ့က တရားခံတွေကို ဖမ်းမိပြီဆိုပြီး ချက်ချင်း ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၄ စက်တင်ဘာ ၁၅ ရက်မှာ မှုခင်းဖြစ်တယ်။ အမှုအတွက် စစ်ဆေးမှုတွေကို စက်တင်ဘာ ၂၀ ရက်ကျော်ထိ လုပ်နေရဆဲပဲ ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဖိအားပေးလိုက်တဲ့ အချိန်မှာပဲ အောက်တိုဘာ ၃ ရက်မှာ တရားခံနှစ်ဦးက ဝန်ခံတယ်ဆိုပြီး အံ့အားသင့်ဖွယ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ တရားခံနှစ်ဦးကတော့ ကျွန်းပေါ်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေထဲက ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ပါပဲ။ သူတို့ဟာ တရားခံတွေပါလို့ ဝန်ခံပြီး ထိုင်းရဲတပ်ဖွဲ့က ကျွန်းပေါ်မှာ မှုခင်းနဲ့ ပတ်သက်တဲ့ သရုပ်ပြ ခိုင်းစေမှုတွေ လုပ်ခိုင်းခဲ့သလို အစပိုင်းမှာ ကိုက်ညီမှု မရှိခဲ့တဲ့ DNA စစ်ဆေးမှုကိုလည်း ဝန်ခံတဲ့ အချိန်မှာတော့ ကိုက်ညီတယ်ဆိုပြီး ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို အပြောင်းအလဲတွေ ဖြစ်ပြီး ရဲတပ်ဖွဲ့က မှုခင်းသရုပ်ပြ စေခိုင်းတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့သွားချိန်မှာ မှုခင်းနဲ့ ပတ်သက်တဲ့ ဝိဝါဒ ကွဲစရာတွေ၊ ပဟေဠိ ဆန်တာတွေ လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပါတယ်။ မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြလာမှုတွေနဲ့အတူ မြန်မာ အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် ခိုထောင်ကျွန်း လူသတ်မှုဟာ ဇာတ်ရှိန်မြင့်သွားခဲ့ရပါတယ်။ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးကို တရားစွဲဖို့ ကြိုးစားတဲ့ အချိန်တုန်းကလည်း အထောက်အထား မခိုင်လုံလို့ တရားရုံးက ဆိုင်းငံ့ခဲ့ရပြီး ၂၀၁၄ ဒီဇင်ဘာ ၈ ရက်မှာ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် စုစုပေါင်း ပုဒ်မခုနစ်ခုနဲ့ စတင် တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ဒီဇင်ဘာ ၈ ရက်မှာ ပထမဆုံး စတင်ကြားနာပြီး ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ အခုလို အပြီးသတ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။အမိန့် မချမီမှာ မြန်မာအစိုးရဘက်က လိုက်ပါ ကူညီနေတဲ့ အဖွဲ့တွေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လှုပ်ရှားသူတွေဟာ အမှုမခိုင်လုံလို့ နှစ်ဦးစလုံး ကွင်းလုံးကျွတ် လွတ်မယ်လို့ ယုံကြည်မှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ထိုင်းတရားရုံးကတော့ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် နေထိုင်မှု၊ ခိုးမှု၊ သက်သေခံပစ္စည်း ထိမ်ချန်မှု စတဲ့အမှု ခုနစ်မှုနဲ့ သေဒဏ်အမိန့် ချမှတ်ခဲ့ပါတယ်။အမိန့်ချမှတ် အပြီးမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးဘက်က ဆွေမျိုးတွေ ကြားထဲမှာ ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး အမြင်ကွဲပြားမှုတွေ ရှိခဲ့တယ်။ ဒီလိုပဲ မြန်မာသံရုံး အထူးအဖွဲ့က တာဝန်ရှိသူကလည်း မျက်မြင်သက်သေနဲ့ အထောက်အထား ခိုင်လုံမှု မရှိဘဲ သေဒဏ် ချမှတ်တယ်ဆိုတာ ဘယ်လိုမှ တရားမျှတမှု မရှိဘူး။  ဒီတော့ အယူခံတက်မယ်ဆိုပြီး ပြောကြားခဲ့တယ်။ မြန်မာ အစိုးရဘက်က တာဝန်ရှိသူတွေကလည်း ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံ အစိုးရနဲ့ နှစ်နိုင်ငံ ပြည်သူများရဲ့ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ သံခင်းတမန်ခင်းအရ ထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။    ဒီအမှုမှာ တရားခံတွေဘက်က  တောင်းဆိုတဲ့ နှိပ်စက်ညဉ်းပန်းမှုတွေအပေါ် စစ်ဆေးပေးတာ မရှိဘူး။ DNA ကလည်း သံသယဖြစ်စရာ ရှိခဲ့တယ်။ ဒါကြောင့် ပြန်စစ်ဖို့ တောင်းဆိုတဲ့ အခါမှာ သက်သေခံ ပစ္စည်းတွေအဖြစ် လူသတ်လက်နက် ပေါက်တူးရိုး၊ ခြေညှပ်ဖိနပ် တစ်ဖက်၊ ပီနံအိတ် တစ်လုံးသာပဲဟု ကျန်သက်သေခံတွေ မရှိတော့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့တာဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။မြန်မာနှစ်ဦးအတွက် တာဝန်ရှိသူတွေ အယူခံ တက်ကြမယ်။ မြန်မာပြည်သူတွေကလည်း နိုင်ငံအနှံ့ ဒီအမှုနဲ့ ပတ်သက်တဲ့ တရားမျှတမှုကို တောင်းဆိုနေကြပြီ။ လက်ရှိ အချိန်မှာ ထိုင်းက အာဏာသိမ်း စစ်အစိုးရ အုပ်ချုပ်နေတယ်။ ဒီအမှုမှာ အမှန်တရားကို ဘယ်သူမှ ဂဃနဏ အဖြေ မထုတ်နိုင်ပါဘူး။ ဝိဝါဒ ကွဲစရာနဲ့ ပဟေဠိ ဆန်နေတယ် ဆိုတာကိုလည်း ငြင်းလို့ မရပါဘူး။ လူသတ်မှုဖြစ်တဲ့ ကျွန်းမှာရှိတဲ့ သူဌေးတွေရဲ့ သြဇာဟာ မာဖီးယားဆန်ဆန် ဖြစ်တယ်။  ထိုင်းရဲတပ်ဖွဲ့ အဂတိတရား ကင်းမှုကိုလည်း ဘယ်သူမှ တာဝန် မခံပေးနိုင်ကြဘူး။ဒီကြားထဲ အမှုက ထင်ထားသလို မဟုတ်ဘဲ ကမ္ဘာကျော်သွားတယ်။ ဒီနေရာမှာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့သာ အပြစ်မရှိဘူးဆိုရင် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းတရားရေးနဲ့ ထိုင်းအာဏာပိုင် အဆင့်ဆင်ရဲ့ ဂုဏ်သိက္ခာအတွက် လောင်းကြေးကြီးသွားမယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အောင်မြင်နေတဲ့ နိုင်ငံခြားသား ခရီးသွား လုပ်ငန်းမှာ ကြီးမားတဲ့ဂယက် ရိုက်သွားလိမ့်မယ်။တကယ်လို့သာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ တိုင်းပြည်က ဆင်းရဲလို့ သူတစ်ပါးနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ဖြစ်မနေဘူးဆိုရင်၊ တကယ်လို့သာ သူတို့ ကိုယ်စားပြုတဲ့ နိုင်ငံဟာ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ ရွှေ့ပြောင်းအခြေချရေးတွေမှာ အာမခံချက် အပြည့်အ၀ ပေးနိုင်ခဲ့တဲ့ နိုင်ငံ ဖြစ်နေမယ်ဆိုရင် ဒီမှုခင်းရဲ့ ပဟေဠိပုစ္ဆာဟာ ဘယ်လို ဖြစ်မလဲလို့ ဒီအချိန်မှာ စဉ်းစားနေကြတဲ့သူတွေ ရှိနေပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ အနာဂတ်အတွက် ဘာတွေလုပ်ကြရမလဲ။ ဘာတွေ လုပ်သင့်နေပြီလဲ။ အနာဂတ်မှာ မြန်မာတွေ ဘယ်နေရာ ရောက်ရောက် တရားဥပဒေရဲ့ သာတူညီမျှမှုကို ခံစားနိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ရုံမှတစ်ပါး အခြားမရှိဘူး ဆိုတာကိုတော့....။        

Most Read

Most Recent