အထင်မှား အမြင်မှား

အထင်မှား အမြင်မှား
Published 27 December 2015
အထင်မှား အမြင်မှား

လောကမှာ အထင်မှားအမြင်မှား ဆိုတာနဲ့ အမှန်တရားဆိုတာ အလွန်နီးကပ်စွာ ရပ်တည်နေလေ့ ရှိကြပါတယ်။ အထင်မှားအမြင်မှား ဆိုတာတွေကို ရှေ့တန်းတင်နိုင်မှ ကြီးပွားတဲ့ အလုပ်နဲ့ အမှန်တရားအတိုင်း လိုက်နာဆောင်ရွက်နိုင်မှ လူ့တန်ဖိုးတက်မယ့် အလုပ်တွေဟာ လူ့လောကမှာ အမှန်တကယ် ရှိနေကြပါတယ်။ အထင်မှားအမြင်မှား ဖြစ်အောင် မျက်စိလှည့်စားနိုင်မှ အောင်မြင်ကြီးပွားတဲ့ အလုပ်ကတော့ မျက်လှည့်ပြစားတဲ့ အလုပ်ပြီး အမှန်တရားအတိုင်း ကျင့်ကြံလုပ်ဆောင်နိုင်မှ လူ့ဂုဏ်သိက္ခာ မြင့်တက်တဲ့ အလုပ်ကတော့ တရားစီရင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီလို မျက်စိလှည့်စားရုံတင် မဟုတ်ဘဲ တမလွန်ဘ၀ အကြောင်းတွေ နောင်ဘဝအကြောင်းတွေကို ပြောပြနိုင်တယ်ဆိုပြီး ပရိသတ်ကို လှည့်စားနိုင်မယ်ဆိုရင်တော့ အဲဒီမျက်လှည့်ပွဲဟာ ပိုပြီး အောင်မြင်မှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ အနာဂတ်မှာ ကိုယ်ဘာဖြစ်မလဲ ဆိုတာကို မသိချင်တဲ့သူမရှိသလို၊ ကွယ်လွန်သွားပြီးဖြစ်တဲ့ ကိုယ့်ရဲ့ချစ်သူခင်သူ ဆွေမျိုးသားချင်း မိတ်သင်္ဂဟတွေဟာ ဘယ်လိုတမလွန်ဘဝတွေ ရောက်သွားပြီး ဘာတွေဖြစ်နေကြသလဲ ဆိုတာကို သိချင်တဲ့လူတွေ လောကမှာ အများကြီး ရှိနေကြလို့ပါပဲ။
လူတွေရဲ့ဒီလိုအားနည်းချက် နှစ်ချက်ကိုအခြေခံထားတဲ့ ဇာတ်လမ်းမျိုးကို ရိုက်ကူးထားတဲ့ The Illusionist ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၆ ခုနှစ်က ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စီးပွားရေးအရ အောင်မြင်သလို ဇာတ်လမ်းကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းနေတယ် ဆိုတာကို တွေ့ရပါတယ်။ ၁၈၈၉ ခုနှစ်တုန်းက ဥရောပတိုက်မှာ ‘ သြစတြီးယား-ဟန်ဂေရီ’ Austria – Hungary ဆိုတဲ့ အင်ပါရာတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီ အင်ပါရာဟာဟာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့နောက်မှ နိုင်ငံတွေ အများကြီးအဖြစ် ကွဲထွက်သွားခဲ့တာပါ။ တစ်ရက်မှာတော့ အဲဒီနိုင်ငံရဲ့မြို့တော် ‘ဗီယက်နာ’ Bienna မှာ ‘အိုက်ဆင်ဟိုင်း’ဆိုတဲ့ မျက်လှည့်ဆရာတစ်ယောက်က သူ့ရဲ့မျက်လှည့်ပွဲကို မြို့တော်ထဲမှာ ရုံသွင်း ပြသနေပါတယ်။ အဲဒီလို မျက်လှည့်ပြနေတဲ့ အချိန်မှာပဲ မျက်လှည့်ဆရာဟာ ရဲစစ်ဆေးရေး အရာရှိချုပ ‘ယူး’ဆိုသူရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ပြစ်မှုကတော့ မျက်လှည့်ကို ရိုးရိုးမပြဘဲ အောက်လမ်းပညာတွေနဲ့ ရောယှက်ပြီး ပြတဲ့အတွက်ပါပဲ။ ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ယူးဟာ အဲဒီအချိန်က အင်ပါရာရဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံမယ့် ‘လီယိုပိုး’ဆိုတဲ့ မင်းသားဆီကို လူကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး အခုလို ရှင်းလင်းတင်ပြရပါတယ်။
အိုက်ဆင်ဟိုင်းဟာ တောင်သူလယ်သမားမျိုးရိုးက ဆင်းသက်လာသူတစ်ယောက် ဖြစ်ပါတယ်။ သူငယ်စဉ်ဘဝက တစ်ရက်မှာတော့ ခရီးသွားရင်းနဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ မှော်ဆရာတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ခဲ့လို့ အဲဒီအချိန်ကစပြီး သူဟာ မှော် အတတ်ပညာကို အလွန် စိတ်ဝင်စားသွားခဲ့ပါတယ်။ တစ်ခါမှာတော့ သူဟာ မြို့စားကတော်တစ်ယောက်ရဲ့သမီး ‘ဆိုဖီ’ဆိုတဲ့ ကလေးမလေးနဲ့ လူငယ်တို့ဘာ၀ ချစ်ကြိုက်မိကြပါတယ်။ ဒါပေမဲ့ သူဟာ တောင်သူလယ်သမား မျိုးရိုးဖြစ်လို့ မိန်းကလေးဘက်က သဘော မတူတဲ့အတွက် သူတိုနှစ်ဦးဟာ တစ်ဦးကို တစ်ဦးချစ်လျက်နဲ့ လမ်းခွဲခဲ့ကြရပါတယ်။
ဒါကြောင့် အိုက်ဆင်ဟိုင်းဟာ အကြီးအကျယ် စိတ်ထိခိုက်သွားလို့ မျက်လှည့်နဲ့ မှော်အတတ်ပညာကို ကမ္ဘာအနှံ့ လှည့်လည်သင်ယူပြီး ၁၅ နှစ်အကြာမှာ အောင်မြင်ကျော်ကြားတဲ့ မျက်လှည့်ဆရာတစ်ယောက်အဖြစ်နဲ့ ဗီယက်နာမြို့ကိုပြန်ရောက်လာပါတယ်။ အဲဒီမြို့ရဲ့မျက်လှည့်ပွဲထဲမှာပဲ ချစ်သူဆိုဖီနဲ့ ပြန်လည်ဆုံစည်းခဲ့ရပြီး ဆိုဖီဟာ မင်းသားလီယိုပိုးနဲ့ စေ့စပ်ထားတယ်ဆိုတာကိုလည်း သိလိုက်ရပါတယ်။ လီယိုပိုးဟာ မိန်းမတွေကို ရက်ရက်စက်စက် ရိုက်နှက်တတ်သူဖြစ်ပြီး မိန်းမတစ်ယောက်ကို သတ်ခဲ့ဖူးတယ်လို့လည်း နာမည်ထွက်နေသူဖြစ်ပါတယ်။
အိုက်ဆင်ဟိုင်းက ချစ်သူဆိုဖီကို သူနဲ့ အတူ ထွက်ပြေးဖို့ ပြောပါတယ်။ ဆိုဖီက ဘယ်လိုပဲ ထွက်ပြေးထွက်ပြေး လီယိုပိုးလက်က လွတ်မှာမဟုတ်ဘဲ နှစ်ယောက်စလုံးပြန် အဖမ်းခံရပြီး အသတ်ခံရမှာပဲလို့ ပြောခဲ့ပါတယ်။ မင်းသားဟာ ဖခင်ရင်းဖြစ်တဲ့ အင်ပါရာ ‘ဖရန့်ဂျိုးဇက်’ကိုနန်းချပြီး နိုင်ငံတော်ရဲ့အာဏာကို မတရားသိမ်းယူဖို့ ကြံစည်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ဆိုဖီက အိုက်ဆင်ဟိုင်းကို တစ်ဆက်တည်း ပြောပြခဲ့ပါတယ်။ တစ်ရက်မှာတော့ နိုင်ငံတောင်ပိုင်းက ရွာလေးတစ်ရွာရဲ့ အမဲလိုက်စခန်းတစ်ခုမှာ ဆိုဖီက မင်းသားနဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။ မင်းသားဟာ မြင်းဇောင်းတွေဘက်ဆီ ထွက်ပြေးသွားတဲ့ ဆိုဖီ့နောက်ကို ဒေါသတကြီးနဲ့ ဓားကိုင်ပြီး အပြေးလိုက်သွားပါတယ်။ နောက်တစ်နေ့မနက်မှာတော့ အဲဒီတောထဲက စမ်းချောင်းတစ်ခုထဲမှာ ဆိုဖီရဲ့အလောင်းကို တွေ့လိုက်ကြရတာပါပဲ။   
အိုက်ဆင်ဟိုင်းလည်း အလွန်စိတ်ဓာတ် ကျသွားပါတယ်။ နောက်မကြာခင်မှာ ဗီယက်နာမြို့ထဲက မျက်လှည့်ခန်းမကြီး တစ်ခုကို ဝယ်ပြီး ထူးဆန်းတဲ့ မျက်လှည့်အတတ်ပညာတွေကို ရုံသွင်းပြသပါတယ်။ အဲဒီပြကွက်တွေထဲက မှော်ဆန်ဆန် ပြကွက်ဖြစ်တဲ့ သေသူတွေရဲ့ဝိညာဉ်တွေကို ခေါ်ယူပြီး မေးမြန်းခန်းတွေ ပြုလုပ်ပြသလိုက်တဲ့အခါမှာ လူတွေတအား စိတ်ဝင်စားသွားကြပါတယ်။ တစ်ခါမှာတော့ ဇာတ်ခုံပေါ်မှာပေါ်လာတဲ့ ဆိုဖီရဲ့ကိုယ်တစ်ပိုင်းရုပ်သွင်ကို ပရိသတ်ကြီး တွေ့လိုက်ရလို့ အားလုံး အံ့သြမှင်တက်သွားကြပါတယ်။ အိုက်ဆင်ဟိုင်းက ဆိုဖီ့ကို ‘‘မင့်ကိုဘယ်သူ သတ်တာလဲ၊ သတ်တဲ့လူကို သိသလား’’လို့ မေးတဲ့အခါမှာ ဆိုဖီက ‘‘သူ့ကိုသတ်ခဲ့တဲ့လူသတ်သမားဟာ အခုဒီရုံပွဲထဲမှာပဲရှိနေပြီး ဒီမျက်လှည့်ပွဲကို ကြည့်နေပါတယ်’’လို့ ပြောရင်း ကိုယ်ထင်ပြနေတဲ့ဆိုဖီရဲ့ရုပ်သွင်ဟာ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားပါတယ်။ အဲဒီအခါမှာ ရိုးရိုးအရပ်သားဟန် ပုံဖျက်ပြီး ပွဲလာကြည့်နေတဲ့ မင်းသားလီယိုပိုးဟာ အကြီးအကျယ် တုန်လှုပ်သွားတဲ့အတွက် အောက်လမ်း အတတ်ပညာသုံးပြီး လူထုကိုလှည့်စားမှုနဲ့ အိုက်ဆင်ဟိုင်းကိုဖမ်းဖို့ ရဲစစ်ဆေးရေးအရာရှိချုပ် ယူးကို အမိန့်ပေးလိုက်ပါတယ်။ နောက်တစ်ရက်မှာ သူ့ရဲ့ပြကွက်တွေဟာ အောက်လမ်းပညာ လုံးဝမသုံးဘဲ ပရိသတ်တွေကို အထင်မှာ းအမြင်မှားဖြစ်စေမယ့် ပြကွက်တွေကိုသာ အသုံးပြုပြီး ဖျော်ဖြေခဲ့တာသာဖြစ်ကြောင်း အိုက်ဆင်ဟိုင်းက လူအများရှေ့မှာ ဝန်ခံလိုက်တဲ့အတွက် အိုက်ဆင်ဟိုင်းကို ယူးက အရေးယူလို့မရတော့ပါဘူး။
ယူးဟာ ဆိုဖီရဲ့အလောင်းကို စစ်ဆေးတဲ့အခါမှာ ဆိုဖီဝတ်ထားတဲ့ အဝတ်အစားတွေကြားထဲက လီယိုပိုးရဲ့ကျောက်စီဓားပေါ်က ပြုတ်ကျပျောက်ဆုံးသွားတဲ့ ကျောက်မျက်ရတနာလေးတစ်ခုကို တွေ့လိုက်ရပါတယ်။ မင်းသားရဲ့အိမ်တော်ကို ဆက်ရှာတဲ့အခါ အထဲမှာအိုက်ဆင်ဟိုင်းငယ်ငယ်တုန်းက ရုပ်ပုံလေး ထည့်ထားတဲ့ ဆိုဖီရဲ့လော့ကတ်သီးလေးကိုလည်း ယူးတွေ့လိုက်ရပါတယ်။ ဒါ့ကြောင့် လီယိုပိုးဟာ လူသတ်သမားဖြစ်တဲ့အပြင် ရာဇပလ္လင်ကို လုယူဖို့ ကြံစည်အားထုတ်နေသူလည်းဖြစ်ကြောင်း ဧကရာဇ်ဘုရင်နဲ့ သူ့ရဲ့ တပ်မတော်ဌာနချုပ်ကို  ယူးက သတင်းပို့လိုက်ပါတယ်။ ဒီအကြောင်းကို ယူးက မင်းသားလီယိုပိုးကို အစအဆုံး ဖွင့်ပြောလိုက်တဲ့အခါမှာ လီယိုပိုးက ယူးကိုပစ်သတ်ဖို့ ခြောက်လုံးပြူးနဲ့ချိန်လိုက်ပါတယ်။ အဲဒီအခါမှာ မင်းသားရဲ့ အိမ်တော်ကို ဧကရာဇ်ဘုရင်ရဲ့မြင်းစီးတပ်သားတွေ ရောက်ရှိလာလို့ လီယိုပိုးဟာ သူ့ခေါင်းကို သူခြောက်လုံးပြူးနဲ့ပစ်ပြီး အဆုံးစီရင်လိုက်ပါတယ်။
ယူးဟာ နန်းတွင်းက ထွက်ခွာလာတဲ့အခါ ကလေးတစ်ယောက် သူ့နားကပ်လာပြီး စာအိတ်တစ်အိတ် ပေးသွားပါတယ်။ စာအိတ်ထဲမှာတော့ အိုက်ဆင်ဟိုင်း လက်ရေးနဲ့ ရေးထားတဲ့ မျက်လှည့်ပြကွက်တချို့ရဲ့ လှည့်ကွက်တွေကို ယူးတွေ့လိုက်ရပါတယ်။ ဒါတွေကို ယူးအလွန်တန်ဖိုးထားမှန်းသိလို့ အိုက်ဆင်ဟိုင်းက လက်ဆောင်အဖြစ် ပေးခဲ့တာဖြစ်တယ်ဆိုတာကို ယူးနားလည်သွားပါတယ်။ အဲဒီအခါကျမှ ဆိုဖီဟာ တကယ်သေသွားတာ မဟုတ်ဘဲ မင်းသားနဲ့ လူအများ ထင်ယောင်ထင်မှားဖြစ်အောင် အိုက်ဆင်ဟိုင်းက သူ့ရဲ့ မျက်လှည့်အတတ်ပညာနဲ့ ကြိုတင်စီမံခဲ့တာသာဖြစ်ကြောင်း ယူးသိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဘဝသစ်တစ်ခုကို စတင်ထူထောင်ဖို့ အဝေးတစ်နေရာကို ရောက်နေကြတဲ့ အိုက်ဆင်ဟိုင်းနဲ့ဆိုဖီတို့ အကြောင်းကို တွေးမိပြီး ယူး ပြုံးပျော်ကြည်နူးနေပုံကို ပြနေတဲ့အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
မျက်လှည့်ဆိုတာ ပရိသတ်တွေ အထင်မှား အမြင်မှားဖြစ်အောင် မျက်စိလှည့်စားနိုင်မှ အောင်မြင်ကျော်ကြားလေ့ရှိတာဖြစ်လို့ မျက်လှည့်လောကမှာ အထင်မှားအမြင်မှား ဖြစ်အောင် လုပ်နိုင်လေကောင်းလေပါပဲ။ တကယ့်လက်တွေ့ဘဝမှာတော့ နေရာတကာမှာ ရှိနေတတ်တဲ့ ဒီအထင်မှားအမြင်မှားဆို တာမျိုးတွေကို ရှေ့တန်းတင်လာလို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် တရားစီရင်ရေးမှာ အဲဒီ အချက်နှစ်ချက်ကို ဘေးဖယ်ထားရမှာ ဖြစ်ပါ တယ်။ ‘အပြစ်ရှိတဲ့လူ ဆယ်ယောက်လွတ်ချင် လွတ်သွားပါစေ၊ အပြစ်မဲ့တဲ့လူတစ်ယောက်ကိုမှားပြီး ပြစ်ဒဏ်မချမိစေနဲ့’ဆိုတဲ့ရှေးထုံးစကားလို ပြစ်မှုတစ်ခုမှာ ၁၀၀ ရာခိုင်နှုန်း အပြည့် ပြစ်မှုထင်ရှားတဲ့ အထောက်အထားတွေ မတွေ့ရဘဲနဲ့ အဲဒီပြစ်မှုရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို စီရင်ချမှတ်လို့ မရပါဘူး။
လောကမှာ အမှန်တရားဆိုတာ အဝေးကြီးမှာရှိမနေဘဲ အဲဒီအထင်မှားအမြင်မှား ဆိုတာမျိုးတွေအောက်မှာပဲ အမြဲရှိနေတတ်ပါတယ်။ အထင်မှားအမြင်မှားဆိုတာတွေ အောက်က အမှန်တရားကိုတွေ့အောင် အောက်ကိုနည်းနည်းဆက်ပြီး တူးဆွနိုင်တဲ့ အခြေအနေမျိုး မရှိတော့ဘူးဆိုရင်လည်း သံသယရဲ့အကျိုးကို တရားခံတွေကို ခံစားခွင့်ပြုလိုက်တာကပဲ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်ပါလိမ့်မယ်။
အဲဒီအမှန်တရားကို ခိုင်ခိုင်လုံလုံ တွေ့တဲ့အချိန်မှာပြစ်ဒဏ်ချမှသာ တရားမျှတတဲ့ တရားစီရင်ရေးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ တရားမျှတတဲ့ တရားစီရင်ရေးထက် အဆင့်မြင့်တဲ့ တရားစီရင်ရေးဆိုတာလည်း ရှိပါသေး တယ်။ အဲဒါကတော့ ကိုယ့်ဟာကိုယ် လိပ်ပြာသန့်တဲ့ တရားစီရင်ရေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရားမျှတမှုထက် ကိုယ်ဦးစားပေးချင်တာတွေရှိလို့ အထင်မှားအမြင်မှား ဖြစ်စရာတွေကို အခြေခံပြီး ချမှတ်လိုက်တဲ့ တရားစီရင်ချက်တစ်ခုဟာ ဘယ်တော့မှ လိပ်ပြာသန့်တဲ့ တရားစီရင်မှုတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ဘဲ လူတွေကိုယ့်ကို အထင်သေးစရာ ဖြစ်လာစေမယ့်လုပ်ရပ်တစ်ခုသာ ဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းကို သေသေချာချာ စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင် ကိုယ့်သိက္ခာကို အတန်အသင့် ပြန်ပြီးအဖတ်ဆယ်ဖို့ အချိန် သိပ်နောက်မကျသေးတဲ့အတွက် အမြန်ပြန်လည် ဆင်ခြင်သုံးသပ် ကြည့်ကြပါဦးလို့  သက်ဆိုင်သူများကို ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent