အစိုးရ၏ နိုင်/ကျဉ်းရေးရာ ကော်မတီ ဖွဲ့စည်းထားသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှု စတင်နိုင်ခြင်း မရှိသေးသည့်အပေါ် ဝေဖန်မှုများရှိနေ

အစိုးရ၏ နိုင်/ကျဉ်းရေးရာ ကော်မတီ ဖွဲ့စည်းထားသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှု စတင်နိုင်ခြင်း မရှိသေးသည့်အပေါ် ဝေဖန်မှုများရှိနေ
Published 25 December 2015
ဇာလီမြင့်ဦး

နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားသည့် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီသည် ဖွဲ့စည်းပြီးသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း ကော်မတီအစည်းအဝေး ခေါ်ယူခြင်းနှင့် လုပ်ငန်းစဉ်များ သတ်မှတ်ခြင်း မရှိသေးသည့်အပေါ် နိုင်ငံရေး အကျဉ်းသားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ဝေဖန်ပြောကြားမှုများ ရှိနေသည်။
နိုင်ငံရေး အကျဉ်းသားများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ လျင်လျင်မြန်မြန် အောက်ခြေအဆင့်အထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) မှ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဦးက “နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အစိုးရက ၂၀၁၃ လောက်က လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းဆောင်ရွက်ပေးတယ်။ ဒီကော်မတီအနေနဲ့ ဆောင်ရွက်ချက်တွေ ပြီးသွားတဲ့အခါမှာ နိုင်ငံရေး အကျဉ်းသားရေးရာ ကော်မတီလို့ နာမည်ပြောင်းတယ်။ အဲဒီကနေ နောက်တစ်ခါနိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီလို့ နာမည်ပြောင်းတယ်။ နာမည်နှစ်ခါ ပြောင်းတယ်။ ဘာမှလှုပ်ရှားမှု မရှိသေးပါဘူး။ နာမည်ပြောင်းတာ တွေကိုတော့ ကျွန်တော်တို့ကို တရားဝင် အကြောင်းကြားမှုရှိတယ်။ ဒါပေမဲ့ ဘာမှလှုပ်ရှားမှု မရှိဘူး။ အဓိကကတော့ အစည်းအဝေးခေါ်ဖို့ တိုက်တွန်းတယ်။ နိုင်ငံရေး အကျဉ်းသား အရေအတွက်တွေ မြင့်တက်လာတယ်။ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသား ပြဿနာကို ကိုင်တွယ်ဖို့လိုတယ် စသည်ဖြင့်ပေါ့။ အမျိုးမျိုး မေတ္တာရပ်ခံမှုတွေ၊ တိုက်တွန်းမှုတွေ၊ သမ္မတဆီ စာတင်တာတွေ တိုက်တွန်းမှုတွေ အများကြီး လုပ်ပေမယ့် ဘာမှမထူးခြားဘူး” ဟု ပြောကြားသည်။ 
ထို့နောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လလယ်ခန့်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖြစ် အမည်ပြန်လည် ပြောင်းလဲခဲ့ကြောင်း အဖွဲ့ဝင်အဖြစ် ပါဝင်သည့် FPPS က ပြောကြားသော်လည်း အစိုးရကမူ ထိုသို့ပြောင်းလဲ ထားကြောင်းကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
“နိုင်ငံရေးအကျဉ်းသား ရှိနေသရွေ့ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေ အနေနဲ့ကတော့ တောင်းဆိုမှုတွေ၊ တိုက်တွန်းမှုတွေ လှုပ်ရှားမှုတွေကတော့ ဆက်ပြီးလုပ်နေမှာပဲ။ ခေတ်တိုင်း၊ ခေတ်တိုင်း၊ စနစ်တိုင်း၊ စနစ်တိုင်းမှာတော့ မတူတဲ့ သဘောထား အမြင်တွေကတော့ ရှိနေမှာပဲ။ ဒါတွေကို ဖမ်းဆီးထောင်ချရုံနဲ့ ဒီပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောချင်ပါတယ်” ဟု ဦးတင်မောင်ဦးက ဆက်လက် ပြောကြားသည်။
အဆိုပါကော်မတီကို ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက တာဝန်ယူကာ နိုင်ငံရေးပါတီ ၁၆ ခုမှ ပုဂ္ဂိုလ်များနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ် စသည်တို့မှ ကိုယ်စားလှယ်များပါဝင်ကာ စုစုပေါင်း အဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကော်မတီ၏ လုပ်ငန်းစဉ်များကို လက်ရှိအချိန်အထိ အဖွဲ့ဝင်များပင် သိရှိခြင်း မရှိသေးသလို ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့သော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီနှင့် တူ မတူကိုလည်း မသိရှိရသေးကြောင်း အဆိုပါကော်မတီဝင် အချို့ထံမှ သိရသည်။
“ကျွန်တော်တို့ အဖွဲ့ကတော့ အရင်လက်ကျန် နိုင်/ကျဉ်း စိစစ်ရေး ကော်မတီမှာတော့ ပါတယ်။ ဒါပေမဲ့ အမည်ပြောင်း ပြန်ဖွဲ့တာမှာတော့ မပါဘူး။ အရင်တုန်းကတော့ အဖွဲ့ဆောင်ရွက်ချက် မရှိရင် ကျွန်တော်တို့က သမ္မတရုံးကို တိုက်တွန်းတယ်။ အစည်းအဝေး အမြန်ခေါ်ဖို့။ ဒီလိုပုံမျိုးပေ့ါ။ ဒါပေမဲ့ အခုကတော့ အဲဒီလို လုပ်ခွင့်မရှိဘူး။ သို့သော် ကျွန်တော်တို့  နောက်ဆုံးအနေနဲ့ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာကို သမ္မတရုံးကို ကျွန်တော်တို့ တရားဝင်စာပို့တယ်။ အခုလက်ရှိ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရော၊ တရားစွဲဆို ခံထားရတဲ့ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေရော ဒီလူတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ ကျွန်တော်တို့ တရားဝင်စာ ပို့ထားပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာတင်ကို ဒီအတွက် ကျွန်တော်တို့ လွှတ်ပေးစေချင်တယ်။ အစိုးရက စေတနာရှိတယ်၊ စေတနာမှန်တယ် ဒါကိုဖော်ပြ ပေးစေချင်တယ်။ ဒါပေမဲ့ အခုထိ နိုင်ငံရေး အကျဉ်းသားရေးရာ အဖွဲ့အစည်း ဖွဲ့ထားတာတောင်မှ လုပ်ငန်းလည်ပတ်မှု မရှိသေးတာကတော့ ကျွန်တော်တို့ အတွက်လည်း စဉ်းစားစရာ ဖြစ်လာတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးအောင်မျိုးကျော်က ပြောကြားသည်။
လက်ရှိနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် များအတွင်း နိုင်ငံရေးအကျဉ်းသား ၁၂၄ ဦး ထိန်းသိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၀၁ ဦး တရားရင်ဆိုင် နေရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။
 

Most Read

Most Recent