ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများမှ မြေစာသယ်ယာဉ်များ ရပ်ရွာအတွင်း သွားလာမှုအား ကန့်ကွက်သည့်အနေဖြင့် လူအင်အားသုံးကာ ကားလမ်းပိတ်ဆို့ဆန္ဒပြခဲ့သူများအနက်မှ ခေါင်းဆောင် ခုနစ်ဦးကို ကချင်လက်နက်ကိုင်အဖွဲ့ KIA ခေါ်ဆောင်သွားခဲ့ပြီးနောက်တစ်ပတ် ကျော်အကြာ ဒီဇင်ဘာ ၂၃ ရက်ညတွင် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင်၍ ဖားကန့်ဒေသအနှံ့ မြေစာသယ်ယာဉ် ကြိတ်မှုများ မကြာခဏ ဖြစ်ပေါ်နေမှုများ အပါအဝင် ယာဉ်ယန္တရားများကြောင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုများစွာ ရှိနေသည့်အတွက် ဆိပ်မူ၊ ဝှေခါ၊ ကုဋေ၊ ဆိုင်းရာ၊ မဇွပ်ယန် စသည့်ကျေးရွာများတွင် ကျောက်မျက်ကုမ္ပဏီများမှ ကားများသွားလာရာ လမ်းအား ပိတ်ဆို့ဆန္ဒပြခဲ့ရာ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ဆန္ဒပြခေါင်းဆောင်များအား KIA မှခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။“ကျွန်မတို့ကို ဖမ်းခေါ်သွားတယ်လို့တော့ပြောလို့ မရပါဘူး။ ကေအိုင်အေက တကယ်ဖမ်းသွားတာဆိုရင် ကျွန်မတို့ ဘယ်လိုလုပ် ပြန်လာနိုင်မှာလဲ။ ဟိုမှာလည်း ကောင်းကောင်းမွန်မွန်ထားပါတယ်။ ကျွန်မတို့ကို ခေါ်သွားတဲ့အဓိကအကြောင်းရင်းက ကုမ္ပဏီနဲ့ ဒေသခံတွေကြား လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို သိချင်လို့ပါ။ ကျွန်မတို့နဲ့ တွေ့ချင်တယ်ဆိုပြီး ခေါ်တာနဲ့ လိုက်သွားရတာပါ။ ကေအိုင်အေဘက်က သယံဇာတနဲ့ဆိုင်တဲ့ အဖွဲ့တွေနဲ့ တွေ့ခဲ့ရတယ်။ အခု ခုနစ်ယောက်လုံး ပြန်ရောက်လာပါပြီ။ အားလုံး ဘေးအန္တရာယ် ကင်းပါတယ်” ဟု KIA မှခေါ်ဆောင်ရာတွင် ပါဝင်ခဲ့သူ ဒေါ်ကိုင်ရင်းက ပြောကြားသည်။ကားလမ်းပိတ်ဆို့ဆန္ဒပြမှုများ လုပ်ဆောင်နေသည့်အတွက် ကုမ္ပဏီများ ကျောက်တူးဖော်မှု ရပ်နားထားရစဉ် ယခုကဲ့သို့ KIA မှဆန္ဒပြခေါင်းဆောင်ခုနစ်ဦးအား ခေါ်ဆောင်သွားသည့်အတွက် ကျောက်မျက်လုပ် ငန်းများတွင် KIA အကျိုးစီးပွားများ မည်ကဲ့သို့ ပါဝင်ပတ်သက်နေမှုအပေါ် ပြည်သူများကြား သံသယဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ကချင်အမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးတူးလွင်က “ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်အောင် အသေးစိတ် ဘယ်လိုပြန်ရှင်းပြရမယ်ဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေပါ တယ်။ အခုမှ ပြန်ရောက်လာကြတာဆိုတော့ ခဏပဲတွေ့ကြရသေးတယ်။ သူတို့ ပြန်မရောက်မချင်း ကျွန်တော်တို့လည်း စိတ်ပူနေခဲ့ရတာ။ အမြန်ဆုံး ပြန်ခေါ်နိုင်ဖို့ ကချင်ရိုးရာအဖွဲ့က လူကြီးတွေရော အားလုံးနဲ့အစည်းအဝေး တွေလုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ သူတို့ဘက်က ပြန်လို့တောင်းပန်ပြီး အခုလိုလွတ်လာတာပါ” ဟု ပြောကြားသည်။၂၀၁၅-ခုနှစ်အတွင်း မြေစာသယ်ယာဉ် ကြိတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အကြောင်းရင်းမှာ မဆင်မခြင်မောင်းနှင်မှု၊ ကားစက်ချို့ယွင်းမှု၊ အများပြည်သူပိုင် ကျေးရွာလမ်းမများကို အသုံးပြု မောင်းနှင်နေမှုတို့ကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
ဖားကန့်တွင် လမ်းပိတ်ဆို့ဆန္ဒပြမှုကြောင့် KIA မှခေါ်ဆောင်သွားသူများ တစ်ပတ်ကျော်အကြာ၌ ပြန်လည်ရောက်ရှိ















