အစိုးရနှင့် ပြည်သူကို ကူညီနိုင်မည့်သူများ

အစိုးရနှင့် ပြည်သူကို ကူညီနိုင်မည့်သူများ
Published 25 December 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် အစိုးရသစ် လက်ထက်မှာ ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ပြုလုပ်မယ့် အကြောင်းအရာ အချို့ကို ရည်ညွှန်းပြောကြားမှုတွေ ရှိခဲ့ပါတယ်။ 
■ အထူး အခွင့်အရေးဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာမှ တာဝန်ရှိ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာမှာ ဝန်ကြီးဌာနများ ပြုပြင်ပြောင်းလဲရေးနဲ့ ဝန်ထမ်းများအပေါ် ဆောင်ရွက်ပေးမယ့် ကိစ္စရပ် အချို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောကြားခဲ့ရာမှာတော့ ဝန်ထမ်းများ အနေဖြင့် စိတ်အေးလက်အေးဖြင့် နေဖို့နဲ့ ဖြုတ်ထုတ်သတ်လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး တပ်မတော်ထဲကလာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလာလာ ဝန်ထမ်းက ဝန်ထမ်းပဲဖြစ်ပြီး ကျောသားရင်သား ခွဲခြားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ နိုင်ငံအကျိုးအတွက် ဘာလုပ်ပေးနိုင်မယ့် အရည်အချင်းရှိလဲ ဆိုတာကိုသာ ကြည့်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဝန်ထမ်းများဟာ ပြည်သူထဲမှ ပြည်သူများ ဖြစ်ပြီး ပြည်သူရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အထူးအခွင့် ရတယ်လို့ စိတ်ထဲမှာ ထားစေချင်ကြောင်းနဲ့ အထူးသဖြင့် နိုင်ငံတိုးတက်ဖို့ လုပ်နိုင်တဲ့ အခွင့်အရေးရှိတဲ့ အချိန်ကာလမှာ ဝန်ထမ်းဖြစ်ရတာမှာ ပင်ပန်းတယ်လို့ စိတ်ထဲမှာ မထင်စေချင်ဘဲ အထူးအခွင့်အရေးလို့ ထင်စေချင်တယ်လို့ နိုင်ငံ့ဝန်ထမ်းများကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ 
■ အရည်အသွေးလက်ရှိ ဝန်ထမ်း အသိုင်းအဝိုင်းမှာ လာမယ့် အစိုးရသစ် လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ့်အပေါ် စိုးရိမ်မှုအချို့ ရှိနေပါတယ်။ အစိုးရသစ် လက်ထက်မှာ ဝန်ကြီးဌာနတွေအတွက် ပြုလုပ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အဆင်ပြေပြေ ဖြစ်လာပါ့မလားဆိုတာ ဝန်ထမ်းအချို့က စိုးရိမ်မှုတွေ ရှိနေတာပါ။ အထူးသဖြင့် ဝန်ထမ်းတွေ လျှော့ပစ်တာတွေ၊ ပြောင်းပစ်တာတွေ ပြုလုပ်မလား ဆိုတာကို စိုးရိမ်နေသူတွေ ရှိပါတယ်။ ဒီလို အခြေအနေမှာ အစိုးရသစ် ဖွဲ့စည်းခွင့် ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူက ဖြုတ်ထုတ်သတ် မလုပ်ဘူးလို့ ပြောလိုက်ခြင်းဟာ စိုးရိမ်နေသူများအဖို့ စိတ်အေးစရာ ဖြစ်ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားမှုတွင် မလိုလားအပ်တဲ့ ဝန်ကြီးဌာနတွေ ပေါင်းမှာဖြစ်ပြီး ဝန်ကြီးဌာန အချို့မှာ ဝန်ထမ်းတွေ ဖောင်းပွနေကြောင်းနဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးရမယ်လို့ ပါရှိခဲ့တာဟာလည်း အရည်အသွေး မြှင့်တင်ဖို့ လိုအပ်နေတဲ့ ဝန်ထမ်းတွေအတွက် အခွင့်အရေးကောင်းလို့ ဆိုနိုင်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ အရည်အသွေး ဖြည့်ဆည်းဖို့ အခွင့်ကောင်းရမှသာ သင့်လျော်တဲ့ လစာခံစားခွင့်တွေလည်း ရရှိလာဖို့ အခွင့်အလမ်းတွေ ရှိလာမှာ ဖြစ်ပါတယ်။ 
■ ဝန်ကြီးဌာန ၃၆ ခုဝန်ကြီးဌာနတွေ ပေါင်းစည်းဖို့ ဆိုတာကတော့ တကယ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရုံး ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်များအရ လက်ရှိမှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရ အဖွဲ့မှာ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာန ၃၆ ခုအထိ ရှိပြီး အဲဒီ ဝန်ကြီးဌာနတွေအတွက် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးနဲ့ ဒုတိယဝန်ကြီး ၅၁ ဦးကျော်အထိ ရှိနေပါတယ်။ ဒီလို ဝန်ကြီးဌာန အရေအတွက်တွေနဲ့ ဝန်ကြီးအရေအတွက်တွေနဲ့ ပတ်သက်ပြီး အခြားနိုင်ငံတွေထက်စာရင် အရေအတွက် များပြားနေကြောင်း အရင်ကတည်းက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ လူမှုကွန်ရက်တွေမှာလည်း ဝန်ကြီးဌာနတွေနဲ့ ပတ်သက်ပြီး အရေအတွက်များပြီး ခရီးမတွင်တဲ့အပေါ် ဝေဖန်မှုတွေ အမြဲ ရှိနေခဲ့တာကြောင့် ဝန်ကြီးဌာနများ ကျစ်လျစ်ပြီး စွမ်းဆောင်ရည် ပြည့်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေ ထိထိရောက်ရောက် လုပ်ဖို့က အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ဝန်ကြီးများ ခန့်ထားမှုမှာလည်း ဌာနနဲ့ အမှန်တကယ် သင့်တော်ပြီး အမှန်တကယ် စွမ်းဆောင်ရည်ပြည့်ဝတဲ့ သူများကို ရွေးချယ်ခန့်ထားဖို့ အရေးကြီးလှပါတယ်။ 
■ ရာထူးနဲ့ လုပ်ပိုင်ခွင့်တကယ်တမ်း ပြန်ကြည့်ရင် ဝန်ထမ်းတွေအတွက် အရည်အချင်း မြှင့်တင်တဲ့ သင်တန်းတွေ လိုအပ်သလို ဌာနတွင်း လုပ်ဆောင်နေတဲ့ စနစ်တွေကိုလည်း လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းလောကမှာ ရာထူးနဲ့ လုပ်ပိုင်ခွင့် ခန့်ထားခြင်းတွေမှာ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ ကင်းရှင်းဖို့အတွက် အစီအမံတွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ရာထူးတိုးပေးဖို့အတွက် တကယ့်ကို အလုပ်အကိုင် ကျွမ်းကျင် ကြိုးစားမှု ရှိတဲ့သူတွေကို တိုးပေးခြင်း မပြုဘဲ လာဘ်လာဘနဲ့သော် လည်းကောင်း၊ အာဏာနဲ့သော် လည်းကောင်း ရာထူးနေရာတွေကို ပေးအပ် ခန့်ထားခြင်းတွေကို ဆုံးခန်းသတ်ဖို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေကို အမြဲစောင့်ကြည့် ဆန်းစစ်နေတဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ရာထူး၊ ဌာနတွေ ဝန်ထမ်းခန့်ထားမှု ဆိုင်ရာတွေမှာ စနစ်ကျမျှတတဲ့ လုပ်ဆောင်မှုတွေ ရှိမှသာ ဌာနတွင်း ဝန်ထမ်းတွေရဲ့ စည်းလုံးညီညွတ်မှုကို အထောက်အပံ့ ဖြစ်စေပြီး အပေါ်အောက် ဝန်ထမ်းအချင်းချင်းလည်း အပြန်အလှန် လေးစားမှု ရှိကြမှာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိ ဝန်ထမ်းလောကကို ကြီးစိုးနေတဲ့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံဟာ ဆင်းရဲနေတဲ့ အခါမှာ အများပြည်သူ ဆင်းရဲနေတဲ့ အချိန်မှာ ကိုယ်သိပ်ချမ်းသာနေတာဟာ တကယ်တော့ ဂုဏ်ယူစရာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာလည်း ကိုယ်ကျိုးသာ အဓိကရှာနေတဲ့ ဝန်ထမ်းတွေကို သတိပေးလိုက်တဲ့စကား ဖြစ်ပါတယ်။ တကယ်တမ်း ကြည့်ရင်လည်း ဝန်ထမ်းလောကမှာ အဂတိလိုက်စားမှု အတိုင်းအတာဟာ အာဏာနဲ့ လုပ်ပိုင်ခွင့် ရရှိတဲ့အလိုက် အဂတိ လိုက်စားမှု ပမာဏ ကွာခြားနိုင်ပါတယ်။ ဒီအတွက် လာမယ့် အစိုးရသစ် လက်ထက်မှာ ဝန်ထမ်းလောကအတွင်း လက်ဖက်ရည်ဖိုး တောင်းတဲ့သူတွေ မရှိအောင်လုပ်ဖို့ လိုသလို အထူးသဖြင့် ဌာနတွင်း အကြီးစား အလွဲသုံးစားမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းလောကအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ လာဘ်ပေးသူတွေကိုလည်း နည်းလမ်းရှာ တားဆီးဖို့ လိုသလို ပညာပေး အစီအစဉ်တွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည် မြင့်လာတာနဲ့အမျှ ယင်းတို့နဲ့ ထိုက်တန်တဲ့ ခေတ်နဲ့လျော်ညီတဲ့ လစာနှုန်းထားတွေကိုပေးဖို့ လိုအပ်ပါတယ်။ အရည်အချင်း၊ စွမ်းဆောင်ရည်အပြင် လုပ်ကိုင်ရတဲ့ အလုပ်သဘော သဘာဝအရ လစာနဲ့ အခြား ခံစားခွင့်တွေကို သီးခြားစီစဉ် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ဝန်ကြီးဌာနတွေ ပြောင်းလဲလာဖို့အတွက် ဝန်ထမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဆိုရာမှာ ဝန်ထမ်းတွေရဲ့ ခံယူတဲ့ စိတ်ထားတွေ ပြောင်းလဲပစ်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ သတ်မှတ်ထားပေမယ့် ဝန်ထမ်းတွေဟာ မှန်ကန်တဲ့ နိုင်ငံရေး ခံယူချက်ရှိဖို့ အရေးကြီးလှပါတယ်။ နိုင်ငံရေး ခံယူချက်လို့ ဆိုရာမှာ ဝန်ထမ်းတွေ အနေနဲ့ ဒီနေ့လို နိုင်ငံတော်ကို ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်သွားရမယ့် အချိန်မှာ ငါတို့တွေဟာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်။ ငါတို့တွေဟာ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ရမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်၊ အမှားအယွင်းတွေ လုပ်မိရင် နိုင်ငံအတွက ်နစ်နာသွားနိုင်တယ်၊ ငါတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အထောက်အကူ ပြုနိုင်တယ်၊ ဒါကြောင့် ငါတို့တွေဟာ လာမယ့် အစိုးရသစ်ရဲ့ အပြောင်းအလဲနဲ့အတူ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမယ်ဆိုတဲ့ နိုင်ငံအတွက် အရေးပါတဲ့ ခံယူချက်မျိုးတွေရှိဖို့ လိုပါတယ်။ ဒါမှသာ လာမယ့် အစိုးရသစ်မှာ ဖြစ်ပေါ်လာမယ့် အစိုးရ ယန္တရားဟာ ကောင်းမွန်ပြီး သန့်ရှင်းတဲ့ အစိုးရ ယန္တရားတစ်ရပ် ဖြစ်လာဖို့ ဝန်ထမ်းတွေ အနေနဲ့ အစိုးရကိုလည်း ကူညီနိုင်ပြီး အများပြည်သူတွေကိုလည်း ကူညီဆောင်ရွက်ပေးနိုင်သူများ ဖြစ်လာနိုင်ပါတော့တယ်။

Most Read

Most Recent