ငွေထုတ်ကတ်အတုဖြင့် ငွေခိုးထုတ်သည့် ဘူလ်ဂေးရီးယားနိုင်ငံသားအား ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်

ငွေထုတ်ကတ်အတုဖြင့် ငွေခိုးထုတ်သည့် ဘူလ်ဂေးရီးယားနိုင်ငံသားအား ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်
Published 25 December 2015
ဝေလင်းအောင်၊ မြင့်သူ

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကမာရွတ်မြို့နယ်အတွင်းရှိ ATM စက်မှ ငွေ ၁၈ သိန်းကျပ်ကို ငွေထုတ်ကတ် အတုဖြင့် ခိုးထုတ်ခဲ့သည့် ဘူလ်ဂေးရီးယားနိုင်ငံသား တစ်ဦးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ရာ ချုပ်ရက်ရမန်သာ ရယူခဲ့ပြီး လာမည့် ဇန်နဝါရီ ၆ ရက်ရုံးချိန်းတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
“ဒီနေ့က ဘူလ်ဂေးရီးယားနိုင်ငံသားကို ချုပ်ရက်ရမန်ယူဖို့အတွက်သာ တရားရုံးထုတ်တာပါ။ သူ့အမှုကို တရားရုံး မတင်ရသေးပါဘူး ။ ပြီးတော့ သူ့ကို အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ပြီး ထိန်းသိမ်းထားမှာပါ။ အရင်က စခန်းမှာပဲ ထိန်းသိမ်းထားတာပါ”ဟု ၎င်းအား ရုံးထုတ်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
 
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က လှည်းတန်းစိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာaရှ့ရှိ ATM စက်များရှေ့တွင် TK.MAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာမှ ယင်း ကတ်နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးခဲ့ရာ ဗီဇာကတ် Data များ တွေ့ရှိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ နိုဝင်ဘာ ၈ ရက် ညနေ ၃နာရီကျော်ခန့်တွင် လှည်းတန်းစင်တာရှိ ATM စက်နှင့် လှည်းတန်းစိန်ဂေဟာရှေ့ရှိ ATM စက်တို့တွင် ဘူလ်ဂေးရီးယားနိုင်ငံသားတစ်ဦးက နိုင်ငံခြားမှ ယူဆောင်လာသော ငွေထုတ်ကတ် အတုများဖြင့် စုစုပေါင်းငွေ ကျပ် ၁၈ သိန်း ထုတ်ယူခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
 
အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသား ဖြစ်သည့် Mr. Milen Atanasov (TASEV) အား ဒီဇင်ဘာ ၁၁ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငွေကျပ် ၄၉၂ သိန်း၊England  Pounds ၂၀ တန် (၁၅ရွက်)နှင့် အခြား ၎င်းအသုံးပြုသည့် ပစ္စည်းများအတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
 
ငွေထုတ်ကတ် အတုများဖြင့် ငွေများလိမ်လည်ထုတ်ယူသွားသည့် ဘူလ်ဂေးရီးယားနိုင်ငံသားအား ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး ကမာရွတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ) ၄၉၆/၂၀၁၅၊ ပြစ်မှုပုဒ်မ- ၃၈၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent