NLD ပါတီဘက်မှ လိုက်ပါမဲဆွယ်မှုဖြင့် ဌာနဆိုင်ရာ စစ်ဆေးမှုခံနေရသည့် ဘုတလင်မြို့နယ်၊ သခွတ္တစံပြရွာတိုက်နယ် ဆေးရုံမှ ဆရာဝန်နှစ်ဦး နစ်နာမှု မရှိစေရန် ဖဲကြိုးနက် ဆရာဝန်များက စစ်ဆေးမှုပြီး သည်အထိ ဝန်းရံသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ၂၄ ရက်က ဖဲကြိုးနက် ဆရာဝန်များက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် နိုင်ငံ့ဝန်ထမ်း ဆရာဝန်နှစ်ဦးအား ပါတီနိုင်ငံရေးနှင့် ပတ်သက်ခဲ့သည်ဟူသော စွဲချက်ဖြင့် တိုင်တန်းခြင်းကို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီကာလများတွင် နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအနေဖြင့် "ပါတီနိုင်ငံရေး"နှင့် မပတ်သက်လိုပါဘဲ "အထူးကုခရီးစဉ်"အချို့ဗန်းပြလျက် ပါဝင်ပတ်သက်ခဲ့ရသော သက်သေသာဓက များစွာရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော် အသွင်ကူးပြောင်းနေစဉ် ကာလမျိုးတွင် အနိုင်ရပါတီ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေနိုင်သည့် စွပ်စွဲချက်များကို အရင်းပြုလျက် နိုင်ငံ့ဝန်ထမ်းများအပေါ် မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်အား ရှုတ်ချပါကြောင်း၊ စွဲချက်တင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ တစ်လျှောက်လုံးကို ကျွနု်ပ်တို့ ဖဲကြိုးနက် ဆရာဝန်များအဖွဲ့က စိုးရိမ်မကင်းစွာဖြင့် စောင့်ကြည့်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးကြသည့် ဌာနဆိုင်ရာ လူကြီးမင်းများအနေဖြင့် တရားနည်းလမ်းတကျ၊ တည်ဆဲဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့် လျော်ညီစွာ စုံစမ်းစစ်ဆေး အစီရင်ခံကြလိမ့်မည်ဟု ယုံကြည် မျှော်လင့်လျက်ရှိပါကြောင်းနှင့် အကြောင်းတစ်စုံတစ်ရာကြောင့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်နှစ်ဦးအား မတရားနစ်နာစေခြင်း မရှိစေရန်အတွက် ဖဲကြိုးနက် ဆရာဝန်များမှ ဌာနဆိုင်ရာ စစ်ဆေးဆုံးဖြတ်မှု ပြီးသည်အထိ ဆက်လက် ဝန်းရံသွားမည်ဖြစ်ကြောင်း ဖဲကြိုးနက်ဆရာဝန်များက ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်၊ သခွတ္တနယ် စံပြရွာတိုက်နယ် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေလျက်ရှိသည့် ဒေါက်တာမင်းမင်းစိုးနှင့် ဇနီးဒေါက်တာမို့မို့လင်းတို့နှစ်ဦးသည် NLD ပါတီ၏ စည်းရုံးရေး လုပ်ငန်းစဉ်များတွင် လိုက်ပါဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲတိုင်ကြားခဲ့မှုအပေါ် ဒီဇင်ဘာ ၁၇ ရက်တွင် ဌာနဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရကြောင်း ကာယကံရှင်ဆရာဝန်ထံမှ သိရသည်။
စစ်ဆေးမှုများကို ဒေါက်တာသန်းညွန့်က တိုင်းဒေသကြီးကုသရေးဦးစီးမှူး၊ မုံရွာမြို့က စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့ဝင် (၁)အဖြစ်ဒေါက်တာကိုကိုလေး (အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းဌာန၊ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့) နှင့် အဖွဲ့ဝင်(၂)အဖြစ် ဒေါက်တာဝင်းဝင်းဌေး (ဆေးရုံအုပ်ကြီး၊ မုံရွာပြည်သူ့ဆေးရုံ) တို့ဖြစ်ကြပြီး စစ်ဆေးချက်များအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက် မည်ကိုမူ မသိရသေးကြောင်း သိရသည်။















