ဧရာဝတီမြစ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စုများကို ဖြတ်သန်း၍ တရုတ်ပြည်သို့ နေ့စဉ်နွားကောင်ရေ ရာချီ တရားမဝင် တင်ပို့မှုများရှိနေပြီး နွားအုပ်များ ဖြတ်သန်းရာတွင် နယ်မြေအာဏာပိုင်များမှ နွားတစ်ကောက်လျှင် ကျပ်ငါးသောင်းနှုန်းခန့်ဖြင့် ငွေကြေးကောက်ခံကာ ဖြတ်သန်းခွင့် ပြုနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးမီဒီယာ စင်တာတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဒေသခံများမှ လာရောက်ရှင်းလင်း ပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နွားအုပ်များ ဖြတ်သန်းသွားရာလမ်းကြောင်းဖြစ်သည့် ကြာညှပ်ကျေးရွာအုပ်စုတွင်း ရွာများတွင် ဖြတ်သန်းသွားလာရန် ကြာညှပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲစခန်းမှူးနှင့်အဖွဲ့က နွားတစ်ကောင်လျှင် ငွေကျပ် ကျပ် ၄၇၀၀၀ ကောက်ခံကာ ဖြတ်သန်းခွင့်ပြုပြီး ငွေကြေးပေးဆောင်ခြင်းမရှိပါက ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။
"တရုတ်ပြည်ကို ပို့တဲ့နွားအုပ်တွေကို ဖမ်းဖို့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပေမယ့် ဖမ်းပေးတာမျိုးမရှိဘူး။ တရားမဝင် နွားတင်ပို့တဲ့ ကုန်သည်တွေအနေနဲ့ မြစ်အနောက်ဘက် ဇင်းချောင်းကျေးရွာကနေ ဧရာဝတီမြစ် အရှေ့ဘက်ကိုကူးပြီး တောလမ်းတွေကနေ တစ်ဆင့် တင်ပို့နေတာပါ။ မြစ်ကူးပြီးသွားရင် သူတို့အနေနဲ့ အေးအေးဆေးဆေး ဖြတ်သန်းသွားလာနိုင်နေတယ်။ မြစ်ကူးဖို့အတွက်က ကြာညှပ်ကျေးရွာအုပ်စုပိုင် အနောက်ဘက်ကမ်းက ရွာတွေနဲ့ မြစ်ရှေ့ဘက်ကမ်းက ရွာတွေဖြစ်တဲ့အတွက် ကုန်သည်တွေက ကြာညှပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဘစိုး အဖွဲ့ကို နွားတစ်ကောင် ငွေကျပ် ၄၇၀၀၀ နှုန်း နဲ့တွက်ချက်ပေးပြီး ဖြတ်သန်း သွားလာနေကြ တယ်။ နေ့စဉ်သွားလာနေပြီး တစ်ရက်ကို ကောင်ရေ ၃၀၀ နီးပါးဖြတ်သန်း တင်ပို့နေပါတယ်"ဟု ကြာညှပ်ကျေးရွာအုပ်စုမြစ် အနောက်ဘက်ရှိ ဇင်းချောင်းကျေးရွာမှ ဦးမောင်နိုင်က ပြောကြားသည်။
"မှောင်ခိုနွားတင်ပို့တဲ့သူတွေက တစ်ကောင် ၄၇၀၀၀ နှုန်းတွက်ပေးပြီး သွားရင် လမ်းကြောင်းရှင်းပေးတာ ရှောင်ပေးတာတွေ ပြုလုပ်ပေးတယ်။ ဒေသခံတွေအနေနဲ့ တောင်သူလုပ်ငန်း သုံးဖို့အတွက် နွားတွေဝယ်တဲ့ အခါမှာလည်း ဖြတ်သန်းသွားလာရင် ၄၇၀၀၀ နှုန်းပေးပြီးသွားရတယ်။ ဒီဇင်ဘာ ၃ ရက်က ဒေသခံတောင်သူတွေက လုပ်ငန်းသုံးဖို့ နွား ၁၃ ကောင် ဝယ်လာတာကို ပိုက်ဆံမပေးတဲ့အတွက် ဒေသခံ ခြောက်ဦးကို ထုတ်ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ သပိတ်ကျင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး အမှူး ရင်ဆိုင်နေရပါတယ်"ဟု ဦးမောင်နိုင်က ဆက်လက်ပြောကြားသည်။
တရုတ်ပြည်သို့ တင်ပို့သည့် နွားများအား ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ ဒေသများမှ ဝယ်ယူပြီး မင်းဝံတောင်ရိုးမှ တောလမ်းအတိုင်းဆင်းကာ မြစ်အနောက်ဘက်ကမ်းရှိ ဇင်းချောင်း၊ ရွှေညောင်ပင်၊ ခရမ်းစပ် ကုန်းစသည့် ကျေးရွာများတွင်ခေတ္တနားခို၍ ဧရာဝတီမြစ်နှင့် မြေနုကျွန်း၊ ကြာညှပ်၊ မင်းကုန်း၊ ပေါက်တပင်ကျေးရွာများကိုဖြတ်ပြီး မိုးမိတ်၊ မဘိမ်း လမ်းကြောင်းမှတစ်ဆင့် မန်ဝိန်းကြီးရှိ နွားခြံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း တစ်လလျှင် နွားကောင်ရေ ၁၀၀၀၀ ကျော် တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံများမှ ရှင်းလင်းပြောကြားသည်။
အဆိုပါလမ်းကြောင်းများမှ နွားများ ဖြတ်သန်းကာ တရုတ်ပြည်သို့ တင်ပို့မှုမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် စတင်လာခြင်းဖြစ်ပြီး ယခင်က နေ့ပိုင်းအချိန်များတွင် ဖြတ်သန်းသွားလာမှုများ ပြုလုပ်သော်လည်း ယခုအခါ တိုင်တန်းမှုများကြောင့် တရားမဝင် တင်ပို့သည့် နွားများအား ညပိုင်းအချိန်များ ဖြစ်သော ည ၁၂ နာရီမှ နံနက် ၄ နာရီ အတွင်း အချိန်များတွင် ဖြတ်သန်းသွားလာလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
နွားများဖြတ်သန်းသွားလာမှုကြောင့် ကျေးရွာများရှိ စိုက်ခင်းများ ပျက်စီးမှုများအတွက် နစ်နာကြေး ပေးလျော်မှုအချို့သာရှိပြီး နွားများ အလုံးအရင်း တင်ပို့နေမှုများကြောင့် တောင်သူလုပ်ငန်းသုံး နွားများဝယ်ယူရာတွင် ခက်ခဲမှုများ၊ ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများနှင့် နွားရှားပါးမှုများလည်း ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ကိုဖြတ်၍ တရုတ်သို့ နေ့စဉ်နွားကောင်ရေ ရာချီ တရားမဝင် တင်ပို့လျက်ရှိပြီး နယ်မြေအာဏာပိုင်များက နွားတစ်ကောင်လျှင် ကျပ်ငါးသောင်းခန့် ကောက်ခံကာ ဖြတ်သန်းခွင့်ပြုနေ















