ရန်ကုန်လေဆိပ်တွင် ဘင်္ဂါလီနှစ်ဦး ဖမ်းမိခဲ့သည့် ဖြစ်စဉ်မှ နိုင်ငံကူးလက်မှတ် လိမ်လည်ပြုလုပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သူ လေးဦးအား ဒေါပုံမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မသင်္ကာဖွယ် ဘင်္ဂါလီနှစ်ဦးကို တွေ့ရှိခဲ့သဖြင့် လေဆိပ်လုံခြုံရေး အဖွဲ့များမှ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မာမွတ်ရှာကဲ (ခ)လှဝင်းနိုင်(၁၈)နှစ်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ စံကားတောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူနှင့် ဟဲလာလောဒီရ် (ခ) လှဝင်းထွန်း (၁၅) နှစ် ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ စံကားတောင် ဒုက္ခသည်စခန်း နေသူတို့ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆက်လက်စစ်ဆေးရာတွင် ၎င်းတို့နှစ်ဦးမှာ နိုင်ငံကူးလက်မှတ် လိမ်လည်လျှောက်ထား ခဲ့ခြင်းဖြစ်ပြီး ထိုသို့လျှောက်ထားမှုအား ဗိုလ်ရန်ပြေရပ်ကွက်၊ ဒေါပုံမြို့နယ်နေ သန့်ဇင်ဦး(ခ) ဟာစန် (၃၀)နှစ်၊ ကန်တော်လေးရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေ အာစန် (ခ) ဇင်မိုးအောင် (၂၁) နှစ်၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေ ဒေါ်ဟာမီဒါခါတူ (ခ) လှလှ (၅၀) နှစ်နှင့် နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေ ဒေါ်ရှော်မီမာ (၄၆) နှစ်တို့ လေးဦးတို့မှ အကူအညီ ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းဘင်္ဂါလီ နှစ်ဦးမှာ အဆိုပါလေးဦး၏ နေအိမ်များတွင် လျှို့ဝှက်စွာ နေထိုင်ခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် မြန်မာနိုင်ငံကူးလက်မှတ် လိမ်လည်လျှောက်ထားရာ၌ လျှောက်ထားမှုအား လက်ခံပြီး အားပေးကူညီခဲ့ပြီး နေအိမ်တွင် လျှို့ဝှက်စွာ မတရားသဖြင့် ထားရှိခဲ့သော သန့်ဇင်ဦး (ခ) ဟာစန် အပါအဝင် လေးဦးကို လူဝင်မှုကြီးကြပ်ရေးမှူးမှ ရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။
“နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီးတော့ မူလနိုင်ငံကို ပြန်ဖို့လုပ်တဲ့ ဘင်္ဂါလီ ကောင်လေးနှစ်ယောက်ကို ရန်ကုန်လေဆိပ်မှာ လေဆိပ်တာဝန်ရှိသူတွေက ဖမ်းမိခဲ့တယ်။ သူတို့ဆီမှာတွေ့တဲ့ နိုင်ငံကူး လက်မှတ်တွေက အစစ်တွေ ဖြစ်ပေမယ့် ဒီလက်မှတ်တွေကို လိမ်လည်ပြီးတော့ လုပ်ဆောင်ခဲ့တယ် ဆိုတာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ အဲလိုလုပ်တာမှာ ကူညီပေးခဲ့ပြီးတော့ သူတို့ကို ခိုလှုံခွင့် ပေးခဲ့တဲ့သူလေးဦးကို ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီကောင်လေး နှစ်ယောက်ကိုလည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူထားပါတယ်” ဟု ဒေါပုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှ သန့်ဇင်ဦး (ခ) ဟာစန် အပါအဝင် လေးဦးကို ဒေါပုံမြို့မရဲစခန်းတွင် (ပ) ၃၄၉/၁၅၊ ပြစ်မှုပုဒ်မ ၃၆၅/၃၇၀/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
လေဆိပ်၌ ဘင်္ဂါလီနှစ်ဦး ဖမ်းမိခဲ့သည့် ဖြစ်စဉ်မှ နိုင်ငံကူးလက်မှတ် လိမ်လည်ပြုလုပ်ရာတွင် ကူညီခဲ့သူ လေးဦးအား ဒေါပုံမြို့နယ်တွင် အမှုဖွင့်