မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ ပြည်ပသို့ ခိုးထွက်ရန်ကြိုးစားသည့် ဘင်္ဂါလီ ယောက်ျားလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၂၂ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိခဲ့သူများမှာ အသက် ၁၅နှစ် အရွယ် မောင်လှဝင်းထွန်း (ခ)မာမတ်ချာကူး၊ အသက်၁၆ နှစ်အရွယ် မောင်လှဝင်းနိုင်(ခ)မာမတ်ချာကဲနှင့် အသက် ၄၈ နှစ်အရွယ် ဒေါ်မနော်အရှားတို့ဖြစ်ကြောင်း သိရသည်။
“နိုင်ငံကူးလက်မှတ်နဲ့ မလေးရှားလေကြောင်းပေါ် တက်မယ့်သူတွေကို စစ်ဆေးရာကနေ မသင်္ကာလို့ သူတို့သုံးယောက်ကို ခေါ်ယူစစ်ဆေးရာမှာ သုံးလောက်စလုံးက မြန်မာစကား မပြောတတ်ဘူး။ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေမပြနိုင်တာနဲ့ လေယာဉ်နဲ့ လိုက်ပါခွင့်မပြုဘဲ ဖမ်းဆီးစစ်ဆေးနေပါ တယ်”ဟု ရန်ကုန်လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးနေပြီး ယောက်ျားလေးနှစ်ဦးမှာ နိုင်ငံကူးလက်မှတ်များကို ဒီဇင်ဘာ ၄ ရက်က ရရှိခဲ့ပြီး အမျိုးသမီးမှာ ဒီဇင်ဘာ ၁၁ ရက်တွင်ရရှိခဲ့ကာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း ကနဦးစစ်ဆေး ချက်များအရ သိရသည်။
ယခုတစ်ကြိမ် ဖမ်းဆီးရမိခြင်းမှာ ယခု သီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်ကလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်က သတင်းရဲတပ်ဖွဲ့ (ရန်ကုန်)မှ ဒုရဲမှူးညီညီသန်း ဦးစီးသော တပ်ဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မိုးနိုင်လင်း အမည်ပါ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ဘင်္ဂါလီလူမျိုး ဖူဆွန်ဟား(ခ) ဟာလာဟူးဆောင်းအား ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်းအားစစ်ဆေးရာ အခြားနှစ်ဦးမှာ သာကေတမြို့နယ် ၁/ထူပါရုံ ရပ်ကွက် ထူပါရုံ ၁၅ လမ်း အမှတ် (၈၁၉) ရှိ ဒေါ်စန်းစန်းမြင့်(ခ) ဒီဒီမာ(၄၈)နှစ်၏ နေအိမ်တွင် တည်းခိုနေကြောင်း သိရ၍ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ ပြည်ပသို့ ခိုးထွက်ရန် ကြိုးစားသည့် ဘင်္ဂါလီသုံးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိ