တိုက်စိုး၏ ဧရာဝတီ

တိုက်စိုး၏ ဧရာဝတီ
Published 24 December 2015
မြန်မာ့အလင်းအောင်သန်း

“ကချင်ပြည်နယ် အစွန်ရှိ နှင်းဖုံးတောင် များမှ မေခဟူသော မြစ်ငယ်သည် လည်းကောင်း၊ မလိခဟူသော မြစ်ငယ်သည်လည်းကောင်း၊ မြစ်ဖျားခံကြလေသည်။ ထိုမြစ်နှစ်သွယ်သည် တောင်ဘက်သို့ စီးဆင်းလာခဲ့ရာ မြစ်ကြီးနားမြို့အထက် နှစ်ဆယ့်ရှစ်မိုင်လောက် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပေတည်း”
ဆရာတိုက်စိုးသည် သူ၏ ဧရာဝတီစာမျက်နှာကို ယင်းသို့ စတင်ဖွင့်လှစ်လိုက်လေသည်။ ဆရာဇေယျကလည်း ဧရာဝတီမြစ်နှင့် ပတ်သက်၍ ဤကဲ့သို့ ရေးသား တင်ပြဖူးလေသည်။
“ဧရာဝတီမြစ်ကြီးမူကား မြောက်မှတောင်ဘက်သို့ တည့်တည့်၊ မြန်မာနိုင်ငံ ဗဟိုကျောမ ညီညွတ်သော မြေပြင်ကိုဖြတ်၍ စီးသဖြင့် အစမှအဆုံး လှေသင်္ဘောများ သွားလာနိုင်သဖြင့် လူတို့အတွက် အကျိုးကျေးဇူး များစွာပြုပေးသည်။
ထိုမြစ်ကြီးတစ်လျှောက်၌ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်း၀ စသော မြန်မာ့သမိုင်းကြီး ပေါ်ထွန်းလျက် မြန်မာ့ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။ အကယ်၍ ဧရာဝတီမြစ်ကြီးသာ မရှိပါမူကား မြန်မာလူမျိုး၊ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုများ ဖြစ်ပေါ် ပြန့်ကားနိုင်မည် မဟုတ်ချေ။
စင်စစ်ဆိုသော် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီ ယဉ်ကျေးမှုပင် ဖြစ်ပေသည်။
ဆရာဇေယျ၏ လေ့လာဖော်ပြချက်အရ ဧရာဝတီမြစ်သည် မြန်မာပြည်သူနှင့် မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်ရေးတွင် အင်မတန် အရေးပါသော နေရာက ရပ်တည်နေသည်။ မြန်မာကို သိရှိလေ့လာဖို့ဆိုလျှင် ဧရာဝတီကိုလည်း သိရှိ လေ့လာထားရပေမည်။
ဧရာဝတီတွင် တိုင်းရင်းသား အများအပြားလည်း မှီတင်းနေထိုင်ကြ၏။ ယင်းကမ်းခြေ တစ်လျှောက်မှာကား ဆေးကြိတ်ကျောက်လုံးတွေ ပြန့်ကျဲလျက်ရှိနေကြသည်။ ရွှေကျင်နေကြသော ကချင်ရွာသားတွေလည်း ဖြိုးဖြိုးဖြောက်ဖြောက် ရှိတတ်ကြသည်။
လှေသင်္ဘောသည် မြစ်ကြောင်းအတိုင်း စုန်ခဲ့၍ မြစ်ကြီးနားမှ (၄၆) မိုင်အကွာ တာဟိုနားရွာကို ဖြတ်ကျော်လိုက်ပြီဆိုအံ့။ ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်း တောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီနှင့်လာပေါင်းသော ချောင်းကလေးကို ဆုံတွေ့ရပေလိမ့်မည်။ မြစ်ကမ်းတစ်လျှောက်တွင်လည်း ရှမ်းတံငါများ၊ လှေငယ်နှင့် ငါးရှာနေသည်ကို တွေ့ရပေလိမ့်မည်။ မြစ်သည် အကွေ့အကောက်တွေ များလာ၏။ မန်ဖွာရွာအနီး၌ ကျောက်တောင်ကြီးများသည် မြစ်လယ်တွင် ပေါ်နေ၏။ ဝဲဇလုတ်တွေလည်း အများ။
ဆင်ဘိုရွာ လွန်သော် ကားရေစီးသန်လာ၏။ မြစ်ကြောင်းကျဉ်းမြောင်းလာ၏။ ကမ်းနှစ်ဖက် အကွာအဝေးသည် ကိုက်ငါးဆယ်ခန့်သာရှိတော့သည်။ သမိုင်းကြီးရွာနား အရောက်တွင် မြစ်ကျဉ်းသည် ကိုက်ရှစ်ရာခန့်ထိ ကျယ်ပြန့်လာ၏။ သုံးဆယ့်ခြောက်မိုင်ခန့် ရှည်လျားခဲ့သော ပထမမြစ်ကျဉ်းသည် ဤရွာနားမှာ ဆုံးသွား၏။
ဗန်းမော်က ၁၈ မိုင်အကွာ စင်းကန့်ရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စသည်။ တတိယ မြစ်ကျဉ်းသည် သပိတ်ကျင်းအထက် မလည်ရွာကစ၍ ကျောက်မြောင်းမြို့ အနီးတွင် ဆုံသည်။ မိုင်တစ်ထောင်ကျော်ရှည်သော ဧရာဝတီသမိုင်းတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့သည့်မြင်ကွင်းက မမေ့နိုင်။ အင်္ဂလိပ်နယ်ချဲ့သည် မြန်မာတစ်နိုင်ငံ လုံးကို သိမ်းယူဖို့ အစီအစဉ်တကျ ကြိုတင်ပြင်ဆင်ထား၏။ “၁၈၈၅ ခု နိုဝင်ဘာလ ၁၄ ရက်တွင် အင်္ဂလိပ်စစ်သည်များသည် သင်္ဘောများဖြင့် သရက်မှ ဆန်တက်ကြလေသည်။ စစ်သင်္ဘောကြီး နှစ်စင်း၊ သင်္ဘောကြီး ၂၄ စင်း၊ တွဲသမ္ဗန် ၂၃ စင်းဟူ၍ တစ်တန်းကြီးချီတက်ကြရာ ဧရာဝတီမြစ်ပြင်၌ လေးငါးမိုင်မျှ ရှည်လျားလေသည်။
အင်္ဂလိပ်စစ်သည်များသည် အတားအဆီး ကြီးကြီးကျယ်ကျယ်မတွေ့ရဘဲ စစ်ချီနိုင်ခဲ့လေသည်။ မြန်မာဘက်က စစ်ပြေငြိမ်းဖို့ ကြိုးစားသေး၏။ ဗိုလ်ချုပ်ပရင်ဒါဂတ်က လက်မခံ။ နောက်ဆုံးတွင် မြန်မာဘက်က အညံ့ခံရလေသည်။
“နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ဆယ် နာရီအချိန်၌ ဂေါဝိန်ဆိပ်ကမ်းသို့ (အင်္ဂလိပ် သင်္ဘောများ) ဆိုက်ကပ်လာသည်တွင် မန္တ လေးမြို့သူမြို့သားတို့လည်း ကမ်းလုံးညွတ် ကြည့်ရှုကြလေသည်။
နောက်တစ်နေ့တွင် တောင်ဥယျာဉ်အတွင်း စံနန်းတော်တွင် သီပေါမင်းသည် လက်နက်ချရန် အဆင်သင့် ဖြစ်နေလေသည်။ နောက်တစ်နေ့နံနက်တွင် သူရိယသင်္ဘောသည် သီပေါမင်းနှင့် မိဖုရားများ၊ ကင်းဝန်မင်းကြီး ဦးကောင်းနှင့် မှူးမတ်အချို့၊ ထို့ပြင် အထိန်းတော်အပျိုတော်အချို့ကို သယ်ဆောင်ကာ ရန်ကုန်သို့ စုန်ဆင်းခဲ့လေသည်။
သီပေါမင်းပါသည်နှင့် မြန်မာတစ်နိုင်ငံလုံးသည် အင်္ဂလိပ်၏ ကျွန်သပေါက်လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ဧရာဝတီမြစ်ကြီးကိုတော့ ကျွန်ပြုရန်လာသော အင်္ဂလိပ် စစ်သင်္ဘောတန်းကြီးက သီပေါကို နန်းချပြီး မန္တလေးသိမ်းရန် အသုံးချခဲ့ရုံမျှမက ဘုရင်သီပေါကို သူရိယသင်္ဘောနှင့် ပြည်ပသို့ ဆောင်ယူသွားသည်ကိုလည်း အသုံးချခြင်း ခံခဲ့ရလေသည်။
နောက်သော် ဧရာဝတီ ဖလော်တီလာ မီးသင်္ဘော ကုမ္ပဏီသည် သင်္ဘောပေါင်း ၆၀၀ ကျော်ဖြင့် ဧရာဝတီမြစ်ပြင်မှာ လူးလာစုန်ဆန်။ ခရီးသည်နှင့်ကုန်များကို ပို့ဆောင်ပေး၏။ မိခင် ဧရာဝတီ၏ရင်ခွင်ကို ကျွန်ပြုသူ အင်္ဂလိပ်တို့က အပိုင်စား ရယူခဲ့ကြလေသည်။
၁၈၈၆ ခုနှစ်မှ ၁၉၄၈ ခုနှစ် နှစ်ပေါင်း ၆၂ အတွင်း မြန်မာတို့ငုံ့မခံခဲ့ပါ။ ရသည့်နည်းဖြင့် တော်လှန်ခဲ့ကြသည်။ ဤမြန်မာ့တော်လှန်ရေးတွင် ဧရာဝတီက ရေကြောင်းကနေ၍ မြန်မာတို့ လွတ်လပ်ရေးရသည်အထိ ပံ့ပိုးကူညီခဲ့သည့် ကျေးဇူးကိုလည်း မေ့မထားနိုင်ပါ။
ဧရာဝတီသည် မြောက်မှတောင်သို့ စီးဆင်းလာသည့် ကာလတစ်လျှောက်လုံးတွင် မြန်မာပြည်သူပြည်သားတို့အတွက် အကျိုးစီးပွားများစွာကို သယ်ယူပို့ဆောင်ပေး၏။ အတိတ်ကာလ တစ်လျှောက်လုံးသာမက ပစ္စုပ္ပန် မျက်မှောက်ကာလမှာလည်း ဧရာဝတီက နိုင်ငံ၊ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးကို မရပ်မနား သယ်ပိုးနေဆဲပင်။ စည်ပင်သာယာအောင်လည်း ဧရာဝတီက ဆက်လက်ဆောင်ရွက်ဆဲပင်။ ဧရာဝတီ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဧရာဝတီ အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်ရေး၊ ဧရာဝတီ ထာဝရကျန်းမာရေးတို့အတွက် မိမိတို့တစ်မျိုးသားလုံးတွင် တာဝန်ရှိနေပေသည်။ ယင်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့မှာ မိမိတို့ တစ်မျိုးသားလုံး၏ ထာဝရကိစ္စပင်။

Most Read

Most Recent