နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် NLD အသွင်ကူးပြောင်းရေး အဖွဲ့တို့ ခရစ္စမတ်ကာလနောက်ပိုင်း ထပ်မံတွေ့ဆုံမည်

နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် NLD အသွင်ကူးပြောင်းရေး အဖွဲ့တို့ ခရစ္စမတ်ကာလနောက်ပိုင်း ထပ်မံတွေ့ဆုံမည်
Published 23 December 2015

အစိုးရ၊ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေး အဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈) ၌ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး ခရစ္စမတ်ကာလ (ဒီဇင်ဘာ ၂၅ ရက်) နောက်ပိုင်းတွင် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းသည့် အခမ်းအနားကို နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပနိုင်ရေးဆိုင်ရာ လျာထားချက်များ၊ ဝန်ကြီးဌာနများအလိုက် စနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် လွှဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်ဖက်ညှိနှိုင်း၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။“အသေးစိတ်တော့ မဆွေးနွေးရသေးပါဘူး။ သူတို့ တင်ပြတာ ကျွန်တော်တို့ နားထောင်တယ်။ ဒါပါပဲ။ နောက်တစ်ခါက ခရစ္စမတ်တွေပြီးမှ ဖြစ်လိမ့်မယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆိုသည်။ပထမအကြိမ် အစည်းအဝေးသို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီမှ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အသွင်ကူးပြောင်းရေး အဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent