ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် နှစ်ဘက် အပြန်အလှန် အမှုဖွင့်ကြပြီး ဖြစ်သော်လည်း ရွေးကောက်ပွဲမတိုင်မီ ကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စော်ကားသည့် ပို့စ်များ ရေးသားသည်ဟုဆိုကာ ပါတီဝင် တစ်ဦးက သင်္ဃန်းကျွန်း ရဲစခန်းတွင် ယင်းပုဒ်မဖြင့် ထပ်မံ အမှုဖွင့်ထားကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်တွင် ဦးစိုးပိုင်ဦးဆိုသူက ဦးခင်မောင်လတ်နှင့် ဦးဇေလင်းလတ်တို့သည် ၎င်းအား Facebook ပေါ်တွင် ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးသားသည်ဟုဆိုကာ ရဲစခန်းသို့ လာရောက်အမှုဖွင့်ခြင်းဖြစ်ပြီး တစ်လကျော်အကြာ ဒီဇင်ဘာ ၁၈ ရက်တွင် ဦးခင်မောင်လတ်က ဦးစိုးပိုင်ဦး အပါအဝင် ဦးမင်းမင်းထွန်း၊ ရှေ့နေဦးမျိုးဆွေ၊ ဒေါ်ညိုညိုဝင်းတို့ကို ယင်းပုဒ်မဖြင့် ပြန်လည် အမှုဖွင့်ခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးမင်းမင်းထွန်းက ဦးဇေလင်းလတ်၏ Facebook တွင် ရွေးကောက်ပွဲမတိုင်မီ ကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားသည့် ပို့စ်များ share သည်ဟုဆိုကာ ဒီဇင်ဘာ ၂၂ ရက်တွင် သင်္ဃန်းကျွန်း ရဲစခန်းတွင် ထပ်မံအမှုဖွင့်ခြင်းဖြစ်သည်။“ကျွန်တော်က အရှေ့ပိုင်းခရိုင် အဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက်ကို ယူပြီးမှ အမှုဖွင့်တာပါ။ သူက ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ပါတီကိုရော စော်ကားတဲ့ ပို့စ်တွေကို share ပြုလုပ်ခဲ့တဲ့အတွက် တိုင်ကြားတာပါ” ဟု တိုင်ကြားသူ ဦးမင်းမင်းထွန်းက ဆိုသည်။ ဦးမင်းမင်းထွန်းက ဦးဇေလင်းလတ်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စွဲဆိုသော အမှုကို သင်္ဃန်းကျွန်း ရဲစခန်းတွင် (ပ)၇၄၉/၂၀၁၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ထိုသို့ ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အပြန်အလှန် အမှုဖွင့်ထားသည့် ဦးခင်မောင်လတ်နှင့် ဦးစိုးပိုင်ဦးတို့သည် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင်လည်း ရိုက်မှု၊ ဆဲဆိုမှု အပါအဝင် အမှုသုံးမှုဖြင့် နှစ်ဖက် တရားရင်ဆိုင်နေရသည်။ ဦးစိုးပိုင်ဦးက ပြစ်မှုပုဒ်မ ၂၉၄၊ ၃၅၄၊ ၁၁၄၊ ၃၂၃ တို့ဖြင့် ဦးခင်မောင်လတ် အပါအဝင် လေးဦးကို တရားစွဲဆိုထားခြင်းဖြစ်ပြီး ဦးခင်မောင်လတ်က ဦးစိုးပိုင်ဦး အပါအဝင် ၁၁ ဦးကိုပြစ်မှု ပုဒ်မ ၂၉၄၊ ၃၂၅၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။“အခု ဖွင့်ထားတဲ့ အမှုအတွက်ကတော့ ကျွန်တော့်ကို ရဲက အကြောင်းမကြားသေးပါဘူး။ စဖြစ်တဲ့ ကိစ္စက ကျွန်တော့်အဖေကို ဝိုင်းရိုက်ကြတာ။ ရန်ကုန်ဆေးရုံကြီးမှာ ရက်နှစ်ဆယ်ကျော်တောင် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဆေးစာတွေလည်း ရှိပါတယ်။ အဲဒီလို အမှုဖြစ်နေတုန်းမှာပဲ ကျွန်တော့်ကိုလည်း အွန်လိုင်းပေါ်မှာ အပုပ်ချ ရေးသားမှုတွေ လုပ်ပါတယ်။ တရားရင်ဆိုင်နေစဉ်မှာလည်း ကျွန်တော့်အဖေက ဝိုင်းရိုက်ခံရတာ မှန်တဲ့အတွက် အားလုံးကလည်း အရိုက်ခံရကြောင်း သက်သေထွက်ပေးကြတာပေါ့။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မနဲ့လည်း ကျွန်တော်တို့ကို အရင်ဖွင့်တာ။ ကျွန်တော်တို့က ပြန်မဖွင့်ရင် အချုပ်ထဲ ရောက်သွားမှာစိုးလို့ နောက်မှ ကျွန်တော်တို့က ပြန်ဖွင့်ရတာပါ။ တရားစီရင်မှု ကြန့်ကြာအောင် အမှုတွေ များများဖွင့်တယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း” ဟု အမှုဖွင့်ခံထားရသည့် ဦးဇေလင်းလတ်က ပြောကြားသည်။
ဆက်သွယ်ရေး ဥပဒေဖြင့် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားကြပြီး ရွေးကောက်ပွဲ မတိုင်မီ ကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စော်ကားသည့် ပို့စ်များ ရေးသားသည်ဟုဆိုကာ ပါတီဝင် တစ်ဦးက သင်္ဃန်းကျွန်း ရဲစခန်းတွင် ထပ်မံအမှုဖွင့်