လုနေရတဲ့ ကားပါကင်

လုနေရတဲ့ ကားပါကင်
Published 20 December 2015
ကျော်ထင်

ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် ကားရပ်နားရန်နေရာ (ကားပါကင်) လုရာမှ စကားများ ရန်ဖြစ်ကာ ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်ကို ကြားပြီး တော်တော်ကို တုန်လှုပ်ခဲ့ကာ ထိုအဖြစ်အပျက်မှာ ရန်ကုန်မြို့၏ ကားပါကင် ရှားပါးမှု ပြဿနာကို မီးမောင်းထိုးပြ လိုက်သလိုပင်ဖြစ်ပြီး ယင်းပြဿနာကို စနစ်တကျ ဖြေရှင်းသင့်နေပြီဟု သုံးသပ်မှုများ ထွက်ပေါ်လာသည်။စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ၂၀၁၀ ခုနှစ်မှ စတင်တာဝန်ယူခဲ့သည့် လက်ရှိ အစိုးရ သက်တမ်းအတွင်း ကားတင်သွင်းမှု မူဝါဒ ပြောင်းလဲလိုက်ခြင်းကြောင့် ကားအစီးရေ အများအပြား ဝင်ရောက်လာသည်။ နယ်မြို့များသို့ ကားတင်သွင်းမှုက နည်းပါးပြီးရန်ကုန်မြို့သို့သာ ကားအများဆုံး ဝင်ရောက်လာသည်။ အဆင်သင့် မဖြစ်သေးသော လမ်းများ၊ ထပ်မံ ချဲ့မရတော့သည့် အကန့်အသတ်များနှင့် လမ်းများ၊ ကားပါကင်များ အဆင့်သင့် မဖြစ်သေးဘဲ ကားများကို အလုံးအရင်းနှင့် ဝင်ခွင့် ပေးလိုက်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားပါကင် ပြဿနာ ဆိုးရွားလာခဲ့သည်။ကားပါကင် မရှိခြင်းကြောင့် မြို့တွင်း ခြောက်လမ်းသွား လမ်းများတွင် အချို့မှာ လေးလမ်းသာ သွားလို့ရသည်။ ကျန်သည့် နှစ်လမ်းက လမ်းနံဘေး ရပ်ထားသည့် ယာဉ်များကြောင့် သွား၍မရ။ အချို့လမ်းများတွင် လေးလမ်းသွားအထိ လမ်းနံဘေး ရပ်နားသည့်ယာဉ်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်ယာဉ်အစီးရေ ငါးသိန်းကျော်နဲ့ ကားပါကင် ပြဿနာပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ စာရင်းများအရ ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၂၁၄၆၄၉ စီး ရှိခဲ့ရာမှ ယခု ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ယာဉ်အစီးရေ ၅၀၀၃၈၂ စီးအထိ ရှိလာပြီး လေးနှစ်အတွင်း ယာဉ်အစီးရေ နှစ်ဆကျော်အထိ တိုးပွားလာခဲ့သည်။ ယခင် အမြင့်ကားများ၏ ဈေးနှုန်းများ ပြုတ်ကျခဲ့ပြီး ကားစီးနိုင်သူ များပြားလာခဲ့သော်လည်း နောက်ဆက်တွဲ ယာဉ်ကြော ပိတ်ဆို့မှုနှင့် ကားပါကင် ပြဿနာ ကို တစ်မြို့လုံး အလူးအလဲကို ခံစားနေရသည်။မြို့နယ် ရပ်ကွက်လမ်းများ၌ပင် ကားပါကင် နေရာရှားပါးမှုကြောင့် နေ့စဉ် ပြဿနာ များ ဖြစ်ပွားနေပြီး မကြာခဏ စကားများ ရန်ဖြစ်မှုများလည်း ကြားနေရသည်မှ မဆန်းလှတော့။ ယင်းကိစ္စကို အခြေခံ၍ လမ်းမတော်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာမှာတော့ တော်တော်ကို ကြီးမားသွားခဲ့ရသည်။“လွန်ခဲ့တဲ့ သုံးလလောက် ကျွန်တော်တို့ အိမ်အောက်ထပ်မှာ ရန်ဖြစ်ကြတယ်။ အကြောင်းကတော့ ကားရပ်ထားလို့။ ကျွန်တော်တို့ မျက်စောင်းထိုး အိမ်ကကားက အိမ်အောက်ထပ်က အခန်းရှေ့မှာ လာရပ်ထားလို့ ဖြစ်တာ။ တစ်ဦးတစ်ယောက်ချင်း ဖြစ်ရာကနေဆွေးမျိုးတွေ အထိပါ ပါလာတယ်။ အခုဟာက လမ်းမပေါ်မှာတင် ကားရပ်စရာ မရှိတာ မဟုတ်ဘူး။ ရပ်ကွက်တွေ လမ်းတွေထဲမှာတောင် ဒီပြဿနာဖြစ်နေတာ” ဟု သင်္ဃန်းကျွန်း မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။သို့ဖြစ်ရာ ရန်ကုန်မြို့တွင်း ကားပါကင် အလုံအလောက် မရှိခြင်း ကားရပ်နားစရာနေရာ မရှိခြင်းကြောင့် ရပ်ကွက်များ၊ လမ်းများ အတွင်း၌ပင် နေ့စဉ် ပြဿနာများဖြစ်ပွားနေကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် Save Yangon ဖိုရမ်တွင်လည်းပညာရှင် အချို့က ထောက်ပြထားကြသည်။မထိရောက်တဲ့ ကားပါကင်ပြနိုင်မှ ကားသွင်းစေတဲ့ စနစ်ကားအများအပြား ရန်ကုန်မြို့သို့ တင်သွင်းခဲ့ပြီးမှ ကားတင်သွင်းမည် ဆိုပါက ကားပါကင် ပြသနိုင်မှ တင်သွင်းခွင့်ပြုမည့် စည်းမျဉ်များ ပေါ်ထွက်လာသည်။ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကားပါကင်ပြသည့် နေရာများ အလုပ်ဖြစ်ခဲ့ပြီး ကားဈေးများလည်း လှုပ်ခတ်သွားခဲ့သည်။ ကားပါကင် အငှားပြသည့် စနစ် တွင်ကျယ်ခဲ့ပြီး တစ်နေရာ အငှားပြပေးလျှင် ငါးသိန်းအထိပင် ပေါက်ဈေး ရှိခဲ့သည်။ အမှန်တကယ် ကားပါကင် မရှိဘဲ သွင်းခဲ့ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှု၊ ကားပါကင် ပြဿနာ ပိုဆိုးရွားခဲ့ပြီး နောက်ဆက်တွဲ အနေဖြင့် ကားပါကင် နေရာပြကာ လုပ်စားမှုများ ပေါများစွာ ထွက်ပေါ်လာပြီး ထိရောက်သည့် ဖြေရှင်းနည်းလမ်း မဟုတ်ခဲ့ပေ။“ကားတင်သွင်းချင်ရင် ကားပါကင် နေရာရှိမှ တင်သွင်းရမယ်ဆိုတဲ့ စနစ်က ကောင်းပါတယ်။ သို့သော်လည်း ကျွန်တော့်ကို တက္ကစီသမားတစ်ယောက် ပြောဖူးတယ်။ ဦးလေးရေ ကားပါကင် ပြရမယ်ဆိုတော့ ပြဖို့နေရာကို ရောင်းစားတာတွေ ပေါ်လာလိမ့်မယ်ဗျာဆိုတဲ့စကားကို သတိရတယ်။ အခု အဲဒီလို ဖြစ်နေပြီလားလို့လည်း တွေးမိတယ်။ အဲဒီ ကားပါကင်ပြတဲ့ နေရာမှာ တကယ်ရော ကားထားမှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကလည်း သူ၏အတွေ့အကြုံကို ပြောကြားသည်။မထိရောက်တဲ့ ယာဉ်ရပ်နားစခန်းများရန်ကုန်မြို့တွင် ကားပါကင် နေရာရှားပါးမှုကို ဖြေရှင်းရန်ဟုဆိုကာ နေရာအချို့တွင် ယာဉ်ရပ်နား စခန်းများ တည်ဆောက်ခဲ့ပြီး မြေနီကုန်း ရှင်စောပုလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း မြေနေရာတွင် မြေနီကုန်း ယာဉ်ရပ်နား စခန်းကို ဦးစွာဖွင့်လှစ်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ရတနာနှင့် မြသီတာ ပန်းခြံများကို ဖျက်သိမ်း၍ အထပ်မြင့် ယာဉ်ရပ်နား စခန်းများ တည်ဆောက်ခဲ့သည်။အဆိုပါ နေရာနှစ်ခုအနက် မြေနီကုန်း ယာဉ်ရပ်နား စခန်းသည်လည်း ထိရောက်ခဲ့ခြင်း မရှိဘဲ လာရောက် ရပ်နားမှု နည်းပါးကြောင်း၊ အလားတူ တောင်ဥက္ကလာမြို့နယ်ရှိ ယာဉ်ရပ်နားစခန်း နှစ်ခုသည်လည်း မြို့၏ အချက်အချာကျသည့် နေရာတွင် မဟုတ်ဘဲ သာမန် ဆင်ခြေဖုံး နေရာများသာ ဖြစ်ခြင်းကြောင့် မအောင်မြင်ခဲ့ပေ။ တောင်ဥက္ကလာပ ယာဉ်ရပ်နားစခန်း နှစ်ခုသည် ယာဉ်အစီးရေ ၃၀၀ နီးပါး ရပ်နားနိုင်သော်လည်း တစ်နေ့လာ ရပ်နားသည့် ယာဉ်အရေအတွက် ဆယ်ဂဏန်းမျှသာ ရှိသည်။ထို့ကြောင့် မအောင်မြင်ဘဲ ပန်းခြံနှစ်ခု ဖျက်လိုက်ခြင်းသာ အဖတ်တင်ခဲ့သည်။ ယခု ကားပါကင်များ၏ အပေါ်ထပ်တွင် ပန်းခြံများ၊ ကစားကွင်းများ ထည့်သွင်း ဆောက်လုပ်ပေးထားသော်လည်း မြေပြင်လောက် မကောင်း။ မြေပြင်ပန်းခြံက လူနည်းပါးသည် ဆိုလျှင်လည်း ပန်းခြံကို အဆင့်မြှင့်တင်ပေးလိုက်လျှင် အပန်းဖြေသူ များလာနိုင်သည်။အထပ်မြင့်ဆောက်လျှင် ကားရပ်ပါကင် မဖြစ်မနေ ထည့်ဖိုလိုတယ်ရန်ကုန်မြို့တွင် အထပ်မြင့် ဆောက်ပါ က တစ်အိမ်လျှင် တစ်စီးနှုန်းဖြင့် လုံလောက်သည့် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားချက်မှာ များစွာအရေးပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆောက်အအုံများတွင် ကားပါကင်များ မဖြစ်မနေ ထည့်သွင်းရန် ညွှန်ကြားထားသော်လည်း လက်ရှိ ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံများတွင် လုံလောက်သည့် ကားပါကင် ထည့်သွင်းမှု နည်းပါးနေသည်။ အထူးသဖြင့် ရန်ကုန်မြို့လယ် ဧရိယာအတွင် မြေအနေအထားအရ ကားပါကင် ထည့်သွင်းရန် ခက်ခဲနေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။“ရန်ကုန်မှာ အဆောက်အအုံ ပါမစ်တွေ ချပေးတယ်။ ပါမစ်တွေမှာ ကားပါကင် ထည့်ပေးဖို့ လိုပါတယ်။ အဆောက်အအုံနဲ့ ကားပါကင် နေရာက မမျှဖြစ်နေတယ်။ အခြားနိုင်ငံတွေမှာဆိုရင် ရှော့ပင်း စင်တာတွေ၊ ရုံးအဆောက်အအုံတွေမှာ ကားပါကင်တစ်ပါတည်း ပါပြီးသား ဖြစ်ရမယ်။ ဒါကြောင့် ရန်ကုန်မှာလည်း အဆောက်အအုံ ပါမစ်တွေမှာ ကားပါကင်နဲ့ ပတ်သက်ပြီး ဖော်ပြချက်တွေ ပါရပါမယ်။ အခုဟာက ဈေးဆိုင်၊ စားသောက်ဆိုင်တွေရှေ့မှာ ကားတွေ အဆင်ပြေသလို ရပ်နေကြပါတယ်” ဟု ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရေရှည် တည်တံ့သော မြို့ပြသယ်ယူပို့ဆောင်ရေး စီမံမှု ဥရောပသမဂ္ဂ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးတွင် ပညာရှင်တစ်ဦးက ဆွေးနွေးခဲ့သည်။စည်ပင်က ကားပါကင်တွေ သေချာလုပ်ပေးဖို့ လိုတယ်သို့ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကားပါကင်များကို သေချာစွာ လုပ်ပေးရမည်ဖြစ်ပြီး ကားပါကင် အခက်အခဲကို ဖြစ်စေသည့် ယာဉ်ရပ်နားခြင်းများအတွက် အခွန်ကောက်ခံရန် လိုကြောင်း ရေရှည်တည်တံ့သော မြို့ပြသယ်ယူ ပို့ဆောင်ရေး စီမံမှု ဥရောပသမဂ္ဂ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးတွင် ပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် အချု့ိလမ်းများကိုချဲ့ကာ ယာဉ်ရပ်နား နေရာများ လုပ်ဆောင်ပေးနေသော်လည်း အဆိုပါ နေရာများတွင် လမ်းဘေး ဈေးသည်များ ဈေးရောင်းချနေခြင်း၊ ဓာတ်တိုင်အချို့ ခံနေခြင်းကြောင့် အပြည့်အ၀ ရပ်နား၍ မရနိုင်ဘဲ ရှိနေသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် လမ်းဘေး ဈေးသည်များအတွက် အချိန်နှင့် နေရာသတ်မှတ်ချက်များ စနစ်တကျ လုပ်ဆောင်ပေးရန် လိုလာပြီး ယာဉ်ကြော ပိတ်ဆို့မှုများပြားသည့် နေရာတွင် အထပ်မြင့် ယာဉ်ရပ်နား စခန်းများ တည်ဆောက်ပေးသင့်နေပြီ ဖြစ်သည်။ ရန်ကုန်မြို့ မြို့နယ်တစ်ခု အတွင်းရှိ ကားပါကင်နှင့် သွားလာနေသည့် ယာဉ်များကို တွေ့ရစဉ်
ပြီးခဲ့သည့် နှစ်များက ရန်ကုန်မြို့လယ် ဆိပ်ကမ်းသာလမ်းတွင် အထပ်မြင့် ကားပါကင် ဆောက်ရန် စီစဉ်ခဲ့ပြီးမှ ကန့်ကွက်မှုအချို့ ရှိခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့ပေ။ “ရန်ကုန်မြို့မှာ အဓိက ပြဿနာက ကားနဲ့လမ်းနဲ့ မမျှတာပဲ။ ကားပါကင်မှာ ရပ်လို့ရတဲ့ ပမာဏထက် ကားအစီးရေက ပိုများနေတယ်။ ကားပါကင် လုံလောက်မှု မရှိတာပေါ့။ ကားပါကင်တွေ လုပ်မယ်ဆိုလည်း ထိထိရောက်ရောက် လုပ်သင့်တယ်။ အခုဆိုရင် ကားပါကင်တွေ ဆောက်ပေမဲ့လည်း ထိရောက်မှု မရှိဘူး။ ဒါဘာကြောင့်လဲဆိုတာ ရှင်းပါတယ်။ မလိုအပ်တဲ့ နေရာမှာ ဆောက်တဲ့ အတွက်ကြောင့်။ နောက်ပြီး တစ်ခုနှစ်ခုလောက် ဆောက်နေရုံနဲ့ ရန်ကုန်မြို့ တစ်မြို့လုံးမှာရှိတဲ့ ကားကျပ်တာက အဆင်ပြေမှာ မဟုတ်ဘူး” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ဥပမာ- လှည်းတန်းကဲ့သို့ နေရာမျိုးသည် ကားပါကင်များ လိုအပ်သည့် နေရာများဖြစ်ပြီး ယင်းနေရာတွင် အခပေးကဲ့သို့ ကားပါကင်များလည်း ရှိသင့်နေသည်။    မအောင်မြင်တဲ့ ယာဉ်မရရပ် ရလမ်းစနစ်ရန်ကုန်မြို့တွင် ကားပါကင် ရှားပါးမှုကြောင့် လမ်းမကြီးများပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်များ လျော့နည်းသွားစေရန်အတွက် အဓိက လမ်းမကြီးများအား ယာဉ်မရပ်ရ လမ်းစနစ်များ သတ်မှတ် လုပ်ဆောင်ခဲ့ရာ ယခုလမ်း ၁၀၀ ကျော် သတ်မှတ်ခဲ့ပြီး ဖြစ်သော်လည်းယင်းစနစ်ကြောင့် လမ်းမကြီးပေါ်တွင် ယာဉ်မရပ်တော့ဘဲ လမ်းသွယ်များထဲတွင် ယာဉ်များ ဝင်ရောက် ရပ်နားကာ လမ်းသွယ်များထဲတွင် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။ထို့ကြောင့် လမ်းသွယ်များတွင် နေထိုင်သူ အချို့က ၎င်းတို့ကားပင် ရပ်နားရန် ကားပါကင် မရှိတော့ပဲ ပိတ်ဆို့နေခြင်းကြောင့် ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့သို့ အသိပေး တိုင်ကြားမှုများပင် ရှိခဲ့သည်။အစိုးရုံးများရှေ့ ကားမရပ်ရ၊ ဆိုင်ရှေ့ကားမရပ်ရရန်ကုန်မြို့၏ ကားပါကင် ပြဿနာတွင် သက်ဆိုင်ရာ ဆိုင်ခန်း၊ ရုံးခန်း၊ ကုမ္ပဏီ စသည်တို့က မိမိသက်ဆိုင်ရာ ရှေ့နေရာများ၌ ယာဉ်မရပ်ရဟူသည့် ဆိုင်းဘုတ်များ၊ ဌာနဆိုင်ရာ ယာဉ်များသာ ဆိုသည့် ဆိုင်းဘုတ်များဖြင့် ယာဉ်ရပ်နားမှု ကန့်သတ်ခြင်းကတည်း ပါဝင်နေသည်။ယခင် ရန်ကုန်မြို့၌ ကိုယ်ပိုင် ပုဂ္ဂလိက ကားပါကင် နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ပုဂ္ဂလိက ကိုယ်ပိုင် ကားပါကင် လျှောက်ထားမှုများကို လက်မခံတော့ကြောင်း၊ ထိုသို့ ပုဂ္ဂလိက ကားပါကင်များကို ခွင့်မပြုတော့ခြင်းကြောင့် မည်သည့် ကားပါကင် နေရာ၌မဆို ယာဉ်ရပ်နားခွင့်ပြုပြီး ယခင်ကဲ့သို့ မိမိဆိုင်ရှေ့၊ ရုံးရှေ့များတွင် ယာဉ်မရပ်ရဟူ၍ ဆိုင်းဘုတ်များ ရေးသား၍ ယာဉ်ရပ်နားမှု ကန့်သတ်ခြင်းများ ပြုလုပ်၍ မရတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။    မြို့လယ်ဇုန်ထဲ ဝင်လာတဲ့ ကားတွေကို အမြန်ထွက်အောင် လုပ်ဖို့လိုတယ်ရန်ကုန်မြို့တွင် ကားပါကင် အခက်အခဲ အဖြစ်ဆုံး၊ ပိတ်ဆို့ သိပ်သည်းမှု အများဆုံးမှာ မြို့လယ် ဗဟို စိးပွားရေးဇုန် နေရာဖြစ်သည်။ နေ့စဉ် ဆင်ခြေဖုံးများ၊ မြို့သစ်များမှ ဘတ်စ်ကား လမ်းကြောင်းများမှ မြို့လယ် ဗဟိုဇုန်သို့သာ ဦးတည် လာကြသည်။ သို့ဖြစ်ရာ ယင်းဧရိယာသို့ စုပြုံတိုးလာသည့် ယာဉ်များမှာ အချိန်အတော်ကြာအောင် မြို့တွင်းတွင် ရပ်နားထားကြရာ ယင်းတို့အတွက် လုံလောက်သည့် ကားပါကင် မရှိပေ။ ထို့အတွက် ၎င်းတို့အား အမြန်ထွက်ခွာနိုင်စေရန် ယာဉ်ရပ်နား ကောက်ခံသည့် စနစ်ဖြင့် ထိန်းချုပ်ရန် လိုအပ်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။ယခင် ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခကို တစ်နာရီလျှင် မည်မျှဟူ၍ အချိန်ကာလတစ်ခု သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံသည့် စနစ်ကို ကျင့်သုံးခဲ့ရာမှာ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ယင်းသို့ ငွေကြေး မကောက်ခံတော့ကြောင်း၊ ငွေကြေး မကောက်ခံတော့သဖြင့် ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားပြီး စည်းကမ်းမဲ့မှု အချို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ပိုဖြစ်လာ၍ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်၍ ယာဉ်ရပ်နားခမှုများ ပြန်လည် ကောက်ခံခဲ့သည်။ထို့သို့ ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံမှု သိပ်မကြာမီ၌ ၂၀၁၄ နှစ်ကုန်ပိုင်း၍ ယာဉ်ရပ်နားခ ကောက်ခံသည့် စနစ်ကို ပြန်လည် ဖျက်သိမ်းခဲ့ခြင်းကြောင့် မူဝါဒပိုင်း အမျိုးမျိုး ပြောင်းလဲမှုက ယာဉ်ရပ်နားသူများအတွက် အခက်အခဲများ ဖြစ်နေသည်ဟု ဆိုကြသည်။ ယာဉ်ရပ်နားခ ကောက်ခံမည် ဆိုပါကလည်း တိကျခိုင်မာသည့် မူဝါဒ အစီအစဉ်များ ချမှတ်ကာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်များအတွက် ထိရောက်သည့် ရပ်နားခများ ကောက်ခံနိုင်မှသာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းများ လျော့ပါးသွားနိုင်မည်ဟု သုံးသပ်ကြသည်။အချုပ်အားဖြင့် ဆိုပါက ထို့ကြောင့် ရန်ကုန်မြို့၏ ကားပါကင် ပြဿနာအတွက်မည်သို့ ဖြေရှင်းမည် ဆိုသည်ကို တိကျခိုင်မာသော မူဝါများ၊ အစီအစဉ်များ ချမှတ်ရန်မှာ အရေးတကြီး လိုအပ်နေသည်။ အစိုးရ သက်တမ်းမှာ သုံးလခန့်သာ ကျန်တော့သည့် အချိန်တွင် ရန်ကုန်မြို့၌ မပြေလည်သေးသည့် ကားပါကင် ပြဿနာ၊  ယာဉ်ကြော ပိတ်ဆို့မှုအား ဖြေရှင်းရန် များစွာကြိုးစားရမည်ဖြစ်ပြီး ကားပါကင် လုရာမှ စကားများ ရန်ဖြစ်ခြင်း၊ ပြဿနာ ဖြစ်သည့် ကိစ္စရပ်များလည်း ပြေလည်သွားမည် ဖြစ်သည်။

Most Read

Most Recent