ကရင် ပါတီများ ပေါင်းစည်းရေးအတွက် မူဝါဒများ ညှိနှိုင်းမှု ဇန်နဝါရီတွင် စတင်မည်

ကရင် ပါတီများ ပေါင်းစည်းရေးအတွက် မူဝါဒများ ညှိနှိုင်းမှု ဇန်နဝါရီတွင် စတင်မည်
Published 20 December 2015

ကရင် ပါတီများ ပေါင်းစည်းရေးအတွက် မူဝါဒများ ညှိနှိုင်းမှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင်ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သတင်းရရှိသည်။ကရင် အမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက “လက်ရှိ ကျွန်တော်တို့ အနေနဲ့ မူဘောင်ရေးဆွဲ ညှိနှိုင်းဖို့အတွက် ကျွန်တော်တို့ သက်ဆိုင်ရာ ပါတီတွေ အတွင်းမှာ ပြန်ဆွေးနွေးတယ်။ စာတမ်း သဘောမျိုး ပြုစုတယ်ပေါ့။ ကျွန်တော်တို့နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ပြည်နယ်က သုံးပါတီရယ်၊ ကျွန်တော်တို့ ပြည်မက နှစ်ပါတီရယ်ပေါ့။ ငါးပါတီ ဆုံကြတယ်။ ဆုံပြီးတော့ ဒီကရင်ပါတီတွေ ပြန်လည် ပေါင်းစည်းနိုင်ဖို့အတွက် ကျွန်တော်တို့ မူအားဖြင့် သဘောတူကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မူအားဖြင့် သဘောတူကြတဲ့ အခါမှာ ဘယ်လို ပေါင်းစည်းနိုင်မယ် ဆိုတဲ့ဟာကို ကိုယ့်ပါတီအလိုက် စာတမ်း တင်ကြဖို့ လာမယ့် ၂၀၁၆ ဇန်နဝါရီ တတိယပတ်လောက်မှာတော့ ပြန်ပြီးတော့ ချိန်းဆိုထားပါတယ်။ အဲဒီကနေ မူဝါဒတွေ ညှိနှိုင်းမယ်” ဟု ပြောကြားသည်။ကရင်တိုင်းရင်သား နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီကပင် ပေါင်းစည်းရေးအတွက် ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ရှိတွင် အကောင်အထည် ဖော်နိုင်ရေးအတွက် ပါတီများ ပေါင်းစည်းရန် လိုက်လျောညီထွေ ဖြစ်နိုင်သည့် မူဝါဒ တစ်ခုကို ရေးဆွဲသွား၍ ဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။“အဓိက,က စည်းလုံးညီညွတ်ဖို့ပေါ့။ ဒီအမျိုးသား ပါတီတွေဆိုတော့ ကရင် အမျိုးသားတွေ တစုတဝေးတည်း ရှိစေချင်တဲ့ သဘောနဲ့ ကျွန်တော်တို့က စုစည်းကြတာပါ။ မူဘောင် မရှိဘဲနဲ့ ကျွန်တော်တို့ ပေါင်းစည်းလို့ မရဘူး။ တကယ်လို့ နောက်ဆုံး ပေါင်းစည်းလို့ မရရင်တောင်မှ အနည်းဆုံး အဆင့်တော့ မဟာမိတ်လုပ်လို့ ရတာပါပဲ” ဟု ဦးမန်းကျော်ငြိမ်းက ဆက်လက် ပြောကြားသည်။“အားလုံးက ပေါင်းစည်းရန် သဘောထား ရှိကြပါတယ်။ ဘယ်လိုပုံစံ ပေါင်းစည်းနိုင်မလဲ ဆိုတာကိုပဲ ဆွေးနွေးကြရမှာပေါ့။ ပါတီတွေ အနေနဲ့က တစ်ဖက်မှာလည်း အခြားသော နိုင်ငံရေး ပါတီတွေနဲ့ မဟာမိတ် ဖွဲ့စည်းထားတာတွေ ရှိနေတယ်။ ချမှတ်ထားတဲ့ မူတွေလည်း ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ အနေနဲ့ ချပြပြီး ညှိနှိုင်း ဆွေးနွေးရမှာပေါ့” ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ကရင်ပြည်နယ် အခြေစိုက် ပါတီများမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ဖြစ်ပြီး ကရင်အမျိုးသား ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှာ ပြည်ထောင်စု တစ်ဝန်းလုံး အနေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ရွေးကောက်ပွဲအပြီး ကရင် တိုင်းရင်းသားပါတီများ ပူးပေါင်းနိုင်ရေးအတွက် ပါတီငါးခုမှ ကိုယ်စားလှယ်များ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို နိုဝင်ဘာ၂၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ကရင်တိုင်းရင်းသား ပါတီများ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အတွင်း၌ သာမက ပြည်ထောင်စု တစ်ဝန်းလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မှုများ ရှိခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်နယ် ကိုယ်စားပြု တိုင်းရင်းသား ပါတီများ ပေါင်းစည်းရန် လုပ်ဆောင်မှုများ ရှိလာသည်။ လက်ရှိတွင်လည်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ကလည်း ပေါင်းစည်းရန် စီစဉ်မှုများ ရှိလာသလို ချင်းနိုင်ငံရေး ပါတီများကလည်း ပေါင်းစည်းရေးအတွက် နည်းလမ်းရှာ ဆောင်ရွက်မှုများ ရှိကြောင်း ထုတ်ဖော် ပြောကြားလာသည်။

Most Read

Most Recent