၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သိန်းကျော် တင်ပို့မှုမှ ဒေါ်လာ သန်း ၇၇၀ ရရှိ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သိန်းကျော် တင်ပို့မှုမှ ဒေါ်လာ သန်း ၇၇၀ ရရှိ
Published 18 December 2015
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သိန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၇၀ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ဒီဘဏ္ဍာနှစ်ရဲ့ လက်ရှိအချိန်အထိ ပဲကတော့ လောလောဆယ်မှာ တန်ချိန် ရှစ်သိန်းကျော်ပို့ပြီးပြီ။ သန်း ၇၇၀ လောက် ရထားပြီးပြီ။ ဒီနှစ် မတ်ပဲအပါအဝင် ပဲမျိုးစုံ တင်ပို့မှု တက်လာပါတယ်။ ဒီနှစ်ပို့ကုန်ပိုင်းမှာ ကျန်တဲ့အမယ်တွေ အကုန်လုံးလိုလို လျော့နေပေမယ့် ပဲမျိုးစုံ တင်ပို့မှုကတော့ တက်လာပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲတင်ပို့သည့် ထိပ်တန်းစာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ပြည်ပပဲဈေးကွက်သို့ နှစ်စဉ် တန်ချိန် တစ်သန်းကျော် တင်ပို့ရောင်းချလျက်ရှိပြီး မတ်ပဲကို အိန္ဒိယဈေးကွက်နှင့် ပဲတီစိမ်းကို တရုတ်နှင့် ဗီယက်နမ်သို့ အများဆုံး တင်ပို့လျက်ရှိသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲများအား အများအပြား တင်သွင်းနေသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကို အိန္ဒိယသို့ တင်ပို့ခဲ့ကြောင်း၊ အထူးသဖြင့် မတ်ပဲနှင့် ပဲစင်းငုံများအား တင်ပို့ခြင်းဖြစ်ကြောင်း၊ အလားတူ အခြားပြည်ပ တင်ပို့သည့် ပဲတီစိမ်းကိုမူ အိန္ဒိယနိုင်ငံထက် တရုတ်နိုင်ငံသို့ တင်ပို့မှုများကြောင်း သိရှိရသည်။
ယခုနှစ်ပိုင်းများအတွင်း ပြည်ပနိုင်ငံများသို့ ပဲတင်ပို့မှုဖြင့် နှစ်စဉ်ပြည်ပဝင်ငွေ တစ်ဘီလျံဝန်းကျင် ရရှိနေကြောင်း၊ ယခုနှစ်ပိုင်းတွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ပဲဈေးနှုန်းများ ကောင်းလာ ခဲ့သော်လည်း ဈေးကွက်ဝေစုမှာ အကန့်အသတ်ဖြင့် ဖြစ်လာခဲ့သည်။
ယခင်က အိန္ဒိယပဲဈေးကွက်၏ ရာခိုင်နှုန်း ၅၀ သည် မြန်မာနိုင်ငံမှ တင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ကနေဒါနိုင်ငံနှင့် ယှဉ်ပြိုင်နေရပြီး အိန္ဒိယ၏ မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုသည် ရာခိုင်နှုန်း ၂၀ သာ ရှိတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
မတ်ပဲကို ဥရောပသမဂ္ဂသို့ တင်ပို့မှုကို တရားဝင် လက်ခံလိုက်ပြီ ဖြစ်သည့်အတွက် ပဲတင်ပို့မှုမှာ ယခင်နှစ်များထက် တိုးတက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိခဲ့သည်။ လက်ရှိအချိန်၌ အိန္ဒိယဈေးကွက်၏ ဝယ်လိုအားအပေါ် မူတည်၍ ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်နေရခြင်းကြောင့် ဈေးကွက် တစ်ခုတည်းကိုသာ မှီခိုပြီး အဓိက တင်ပို့နေရခြင်းထက် ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရန်မှာလည်း လိုအပ်နေသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို ကချင်၊ ကယား၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးအရှေ့နှင့် ပဲခူး အနောက်၊ မန္တလေး၊ မွန်၊ ရှမ်းအရှေ့၊ ရှမ်း တောင်နှင့် ရှမ်းမြောက်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန်ငါးသိန်းမှ ခြောက်သိန်းဝန်းကျင်ခန့် ထုတ်လုပ်ကြောင်း သိရသည်။
မတ်ပဲဈေးသည် ယခုနှစ်ပိုင်းအတွင်း အိန္ဒိယ၏ ဝယ်လိုအားအပေါ် မူတည်ကာ စံချိန်တင် မြင့်တက်သည်အထိ ဈေးရရှိခဲ့သော်လည်း ပြည်ပဈေးကွက်အတွင်း အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်တင်ပို့ နေရသည်။ ဈေးကွက်ပြိုင်ဆိုင်မှု မြင့်တက်လာနေသည့် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များကို အရည်အသွေးအရရော အရေအတွက်ပါ တိုးမြင့်ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent